SPARE ကို မွေးဖွားပေးခဲ့သည့် လက်သည်ကြီး

by Hla Soewai - Jan 16 2023

သူ့ကိုယ်သူ "ကလေးကို အိမ်ပြန်ခေါ်ခွင့် မရခဲ့သည့် လက်သည်ကြီး" ဟု မကြာခဏ တင်စားပြောဆိုလေ့ ရှိသည် ကမ္ဘာကျော် ရှဲဒိုး စာရေးဆရာ John Joseph (J.R) Morehinger သည် မင်းသား ဟာရီ ၏ SPARE ကို မွေးဖွားခဲ့စဉ်က သူလိုက်နာရမည့် စည်းကမ်းများကို အထူး ဂရုတစိုက်ဖြင့် ထိန်းသိမ်း တန်ဖိုးထားလိမ့်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်မိကြသော်လည်း တကယ်တမ်း စာအုပ် ထွက်လာသည့် အခါ ဆူညံဆူညံ ဖြစ်လာ၍ တွစ်တာတွင် သူ၏ အချက်အလက် မကိုက်ညီမှု များ အပေါ် အသည်း အသန် ခုခံကာကွယ်‌ ပြော‌ဆိုလာခဲ့ရပြီ ဖြစ်သည်။

 

ထိုသို့ ဖြစ်လာရသည်မှာလည်း မိုဟင်ဂါ သည် ဟာရီ အကြောင်းသာ မက၊ သူ၏ ဘဝ နာကြည်းချက်များကို ပါ ရော‌မွှေ ရေးသားလာခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။ အထူးသဖြင့် ဖခင် နှင့် ပတ်သက်သော daddy issue ရှိသူများ အဖို့ စရံငွေ ကောင်းကောင်းပေးနိုင်မည်ဆိုလျှင် မိုဟင်ဂါသည်သာ ၎င်းတို့၏ အသံကို ပေထက် အက္ခရာ တင်ရာတွင် အပြောင်မြောက်ဆုံး ဆိုသည်ကို ရိပ်စားမိလာကြသည်။ ထို့အတွက်လည်း သူသည် ချင်ပန်ဇီ၊ တင်းနစ် ချန်ပီယံ၊ တော်ဝင် မင်းသားတို့ အတွက် အသည်းစွဲ ဖြစ်လာခဲ့ခြင်းပင်။

 

မိုဟင်ဂျာ အား ၁၉၆၄ ခုနှစ်၌ နယူးယောက်တွင် မွေးဖွားခဲ့သည်၊ နယူးယောက်တိုင်းမ် သတင်းစာတိုက်ကြီး တွင် သတင်းစာဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် တွင် လော့စ်အိန်ဂျဲလိစ် တိုင်းသတင်းစာ အတွက် ရေးသားခဲ့ သော ဆောင်းပါးများ အတွက် ပူလစ်ဇာ ဆုကို ရရှိခဲ့သည်။ တာဇံ ရုပ်ရှင်ကားများ ပါဝင်သည့် ချီတာ ဆိုသည့် ချင်ပန်ဇီ အတွက် အသံဖြင့် သရုပ်ဆောင်ပေးခဲ့သည်။

 

၂၀၀၅ ခုနှစ် တွင် ထွက်ရှိလာခဲ့‌ သော သူ၏ ဘဝ မှတ်တမ်း စာအုပ်ဖြစ်သော The Tender Bar တွင် သူ၏ ဘဝ မှန်ကို ဖေါ်ကျုးလာခဲ့သည်၊ အထိန်းအကွပ်မဲ့ ဖြစ်ချင်တိုင်း ဖြစ်‌နေသော dysfunctional family တခုတွင် မည်သို့မည်ပုံ ရှင်သန်အောင် ဖြတ်ကျော်ခဲ့ရသည် ဆိုသည်ကို အဓိက အကြောင်းအရာအဖြစ် တွေ့ခဲ့ရသည်။

 

ဖခင် ဖြစ်သူသည် ရော့အင်ရိုး ဒီဂျေ တဦး ဖြစ်ပြီး မိသားစု အပေါ် တရားလွန် စာနာစိတ်ကင်းမဲ့လှစွာဖြင့် ပေယျာလကံ ပြုတတ်သူ ဖြစ်သဖြင့် အဖေ ရှိနေသော်လည်း မရှိသလို ဖြစ်ခဲ့ရသည်။ တိုက်ခန်းကျဉ်းကလေး ထဲတွင် မိခင် ဖြစ်သူနှင့် ကြီးပြင်းခဲ့ရသည့် မိုဟင်ဂါ သည် ဖခင်အစား အမြဲလိုအရက်နံ တထောင်းထောင်း ထနေသည့်ဦးလေးတော်သူ ချာလီ နှင့် အရက်ဆိုင်ရှိ သူ၏ အဖေါ်များ နှင့်သာ အချိန်ဖြုန်းခဲ့ရသည်။ သူ၏ စာအုပ်ကို ၂၀၂၁ တွင် ဂျော့ခ်ျ ကလူနီက ရုပ်ရှင် အဖြစ် အသက်သွင်းခဲ့သည်။

 

ထိုသို့ မိမိရပ်တည်ရာ ပျောက်ဆုံးနေသော ချာတိတ် တဦး၏ အကြောင်းကို ၁၉၉၀ ကျော် နှစ်များက တင်းနစ် ချန်ပီယံ အဖြစ် ထင်ရှားခဲ့သည့် အင်ဒရေ အဂ္ဂါဆီ မှ မျက်စိကျသွားခဲ့သဖြင့် သူအတွက် ဘဝမှတ်တမ်း ရေး‌ပေးရန် မိုဟင်ဂျာ အား ခိုင်းလာသည်။

 

မိုဟင်ဂါသည် အဂ္ဂါဆီ ၏ အတွင်းသရုပ်ကို လက်ကုန် နှိုက် ဖေါ်ထုတ်နိုင်ခဲ့သဖြင့် အောင်မြင်မှု ရခဲ့သည်၊ နောက်ပိုင်းတွင် Nike ကုမ္ပဏီကို ပူးတွဲ တည်ထောင်ခဲ့သည့် ဖီလ် နိုက် အတွက်လည်း Shoe Dog ဆိုသည့် မှတ်တမ်း စာအုပ် ရေးသားပေးခဲ့ပြန်သည်။ အလားတူ ဟာရီ မင်းသား နှင့်လည်း နာရီပေါင်း ၂၅၀ ကြာ အင်တာဗျူး ပြီးနောက်တွင် SPARE အဖြစ် မွေးဖွားပေးနိုင်ခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာကြည့်မှု နှင့် ခပ်ဆင်ဆင်တူပြီး ဟာရီသည် သူ့စာအုပ်ပါ အသိအမှတ် ပြု စာရင်းတွင် သူ၏ အပြစ်ဝန်ခံချက်ကို ကြားနာရသည့် ဘုရင်ဂျီ ဘုန်းတော်ကြီး တပါးအလားဟု ပင် ထည့်သွင်း ဖေါ်ပြခဲ့သည်။

 

အဂ္ဂါဆီ၏ စာအုပ်အမည် သည် "OPEN" ဖြစ်ပြီး ဝင်ဘဲလ်တန် ချန်ပီယံ တဦး ဖြစ်ခဲ့သော်လည်း တင်းနစ်ကို လွန်စွာ မုန်းတီးသူ တဦး ဖြစ်ကြောင်းကအစ အသေးစိတ် လှစ်ဟ ရေးသားထားခဲ့သည်။ သူ၏ mullet ငါးမျိုး နှင့် တူသော ဆံပင် ပုံစံသည်ပင် ထိပ်ပြောင်နေခြင်းကို ဖုံးကွယ်ရန် စွပ်ထားသည့် ဆံပင်တု ဖြစ်ကြောင်းကိုလည်း ဝန်ခံထားသည်။ ဖခင်သည်လည်း သူ့အတွက် တစိမ်းတရံစာ သာသာ ဖြစ်နေကြောင်းများလည်း ပါရှိနေသဖြင့် စာအုပ်ထုတ်ဝေသူသည့် Penguin Random House မှ ဟာရီ အတွက်လည်း မိုဟင်ဂါ ပင် အသုံးတည့်ဆုံး ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပုံရသည်။

 

ထုတ်ဝေသူများ အတွက် မိုဟင်ဂါသည် အကောင်းဆုံး လုပ်ပေးနိုင်ခဲ့သော်လည်း စာအုပ်နှင့် အတူ ယခင်ကထက် ပို၍ လူရိုသေ ရှင်ရိုသေ ဖြစ်လာမည်ဟု မျှော်လင့်‌ နေသော ဟာရီ အတွက်မူ ထင်သလို ဖြစ်မလာခဲ့ပေ။

 

ဆိုရှယ် မီဒီယာ နှင့် ဆဲလ်ဖီ ခေတ်ကြီးထဲတွင် ဟာရီ မင်းသား အဖို့ ဂုဏ်သိက္ခာသည် စာအုပ်ရောင်း၍ မရ၊ သင့်တော် မှန်ကန်သည့် ရှဲဒိုးစာရေးဆရာကို ရှာနိုင်မှ သာ ဖြစ်လာနိုင်ပေသည်။

 

(၂၀၂၃ ဇန်နဝါရီ ၁၃ ရက်‌နေ့ အီကောနော်မစ် တွင် ပါရှိသည့် J.R. Moehringer, the prince of ghostwriters ကို တင်ပြသည်)