မင်းအောင်လှိုင် သားသမီးများ ပိုင်ဆိုင်မှု များ ထိုင်း ရဲအဖွဲ့မှ ဖေါ်ထုတ်

by Hla Soewai - Jan 13 2023

နိုင်ငံတော် အတိုင်ပင်ခံ အား အကျင့်ပျက် ခြစားသည် ဆိုကာ ခေါင်းစဉ် အမျိုးမျိုး တပ်ကာ လုပ်ကြံစွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် အကျဉ်းချထားသော်လည်း သူမ၏ သားဖြစ်သူ ကိုထိန်လင်း ကတော့ လန်ဒန် တွင် တဝမ်းတခါး အတွက် သူ တတ်ကျွမ်းသည့် လက်မှုပညာဖြင့် ရိုးသားစွာ လုပ်ကိုင်စားသောက်နေရဆဲ ပင် ဖြစ်သည်ကို တနိုင်ငံလုံး အသိပင် ဖြစ်သည်။

 

ထိုင်းတွင် မူးယစ်ဆေးဝါး နှင့် လက်နက်မှောင်ခိုမှူ များ နှင့် ဖမ်းဆီး ခံနေရသော စီးပွားရေး လုပ်ငန်းရှင် ထွန်းမင်းလတ် ဆိုသူ၏ ဘန်ကောက်ရှိ တိုက်ခန်းအား ရဲအဖွဲ့မှ ဝင်ရောက် စီးနင်းစဉ် အတွင်း မြန်မာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သားသမီးများ ၏ ပိုင်ဆိုင်မှုများကို တွေ့ရှိခဲ့သည်ဟု အမှု ကိုင် ထိုင်းအရာရှိ များ မှ ရရှိသည့် သတင်း အချက်အလက်များကို ရိုက်တာ သတင်းဌာနကြီးမှ ကမ္ဘာသိ ဖွင့်ချလိုက်ပြီ ဖြစ်သည်။

 

ထိုသတင်း အပေါ် မင်းအောင်လှိုင်သည် ထုံးစံ အတိုင်း သတင်းအလိမ်အညာများဟု သူ၏ လက်ညိုး‌ ထောင် ခေါင်းငြိမ့် စစ်ဗိုလ်ချုပ် များကို ပြောမည်လော၊ တကယ်တမ်းတွင် မူ မည်သို့မျှ ဖြေရှင်းချက် ထုတ်နေစရာပင် မလိုပေ၊ သူတို့လောကသည် လည်သူ စားစတမ်းပင် မဟုတ်ပါလော၊ ထို့အတွက် ကွယ်ရာတွင် ကြောင်ချီးတော့ ခံလိုက်ရပြီဟုသာ အရက်ဝိုင်း တွင် အချင်းချင်း လက်တို့ ပြောဆို ရယ်မောနေကြမည်သာ ဖြစ်သည်။ သို့သော် အချင်းချင်းကော ထိုသို့ ပြောရဲကြမည်လား ဆိုသည်ကလည်း တပ်အပ်သေချာ ပြော၍ကား မရပြန်ပေ။

 

ထိုင်း ရဲ အဖွဲ့ ရှာဖွေ တွေ့ရှိခဲ့သည် ဆိုသည်များက မင်းအောင်လှိုင် သားသမီးများ အမည်ပေါက် အိမ်ဂရံများ နှင့် ဘဏ် စာအုပ်များပင် ဖြစ်သည်။

 

အသက် ၅၃ နှစ်ရှိ ထွန်းမင်းလတ်သည် မင်းအောင်လှိုင် နှင့် လွန်စွာ နီးစပ်သော ကရိုနီ တဦး ဖြစ်ပြီး မြန်မာစစ်တပ် အတွက် အစ္စရေးကင်း‌ ထောက် ဒရုန်းများ၊ လေယာဉ် အစိတ်အပိုင်းများကို ကြားမှ ဝယ်ယူပေးနေသူ ဖြစ်သည်၊ ၂၀၁၉ ခုနှစ် ဘန်ကောက်တွင် ပြုလုပ်သည့် လက်နက်ပြပွဲတွင် မင်းအောင်လှိုင်နှင့် အတူ ရှိနေသည့် ဓါတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းပိုင် Star Sapphire Group သည် ဦးပိုင် ကုမ္ပဏီကြီး နှစ်ခု ၏ ပါတနာလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် သားသမီးများ၏ ပိုင်ဆိုင်မှုများ အား ထွန်းမင်းလတ် အိမ်တွင် တွေ့ရှိခဲ့သော်လည်း တရားဥပဒေကြောင်းအရ အရေးယူစရာ မရှိဟု အဆိုပါ သတင်း အရင်းအမြစ်များ က ပြောကြောင်း ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

 

လက်ရှိတွင် ထွန်းမင်းလတ်သည် အမှု ကို အချုပ်နှင့် ရင်ဆိုင်နေရပြီး ထုံးစံ အတိုင်းဆိုက ၎င်း၏ ရှေ့နေများက တရားခံ၏ character witness များ အဖြစ် မင်းအောင်လှိုင် သားသမီး နှစ်‌ဦးစလုံးအား ရုံးတော်သို့ ဆင့်ခေါ်ပိုင်ခွင့် ရှိနေသော်လည်း ထိုင်းအစိုးရက အမှု နှင့် သက်ဆိုင်ခြင်း မရှိဆိုကာ ပိတ်ပင်လိုက်ခြင်းသာ ဖြစ်ပေမည်။

 

Justice for Myanmar (JFM) မှ မင်းအောင်လှိုင်၏ မိသားစုသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိုင်းတွင် လျို့ဝှက် သိမ်းဆည်းထားသည် ဆိုသော အထောက်အထားများ ဖြစ်သဖြင့် ထိုင်းအစိုးရ အနေဖြင့် ကြပ်ကြပ်မတ်မတ် ကာကွယ်သွားရန် လိုသည်ဟု‌ ထောက်ပြလာခဲ့သည်။ ယင်းသည် မြန်မာ ပြည်သူများ၏ ပိုင်ဆိုင်မှုများ ကို ခိုးယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထိုင်းအစိုးရ မှ ထိုကိစ္စ အပေါ် တစုံတရာ ဝေဖန် ချက် ပေးရန် ငြင်းဆိုထားသည်။

 

ထွန်းမင်းလတ် ပိုင် Belle Grand Rama 9 ကွန်ဒိုမီနီယံ သို့ ထိုင်း ရဲ အဖွဲ့မှ ၂၀၂၂ စက်တင်ဘာ ၁၇ ရက်နေ့တွင် ဝင်ရောက် စီးနင်းရှာဖွေရာတွင် ဒေါ်လာ ၅.၄ သန်း တန် မူးယစ်ဆေးဝါးများ၊ ဇိမ်ခံကားများ၊ အဖိုးတန် နာရီများ၊ တန်ဖိုးကြီး ပိုက်ဆံအိတ် အမြောက်အမြား နှင့် ငွေသား ၂၃၉,၀၉၁ ဒေါ်လာ အပါအဝင် စုစုပေါင်း ဒေါ်လာ ၈.၉၁ သန်း တန်ကြေးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

 

ယင်းနှင့် အတူ ထိုကွန်ဒို မှာပင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ အမည် နှင့် ဝယ်ယူထားသော အိပ်ခန်း ၄ ခန်းပါ တိုက်ခန်း ပိုင် စာရွက်စာတမ်းများ၊ သမီး ဖြစ်သူ ခင်သီရိသက်မွန် အမည်ပါ Siam commercial bank စာအုပ် နှစ်အုပ်ကို ရှာ‌ဖွေတွေ့ရှိ သွားခဲ့ခြင်း ဖြစ်သည်။

 

ထို ဘဏ်စာရင်း အား ပိတ်သွားခဲ့ပြီ ဖြစ်ပြီး မည်သူ က မည်သည့် အချိန်တွင် ပိတ်သွားခဲ့သည်ကို ရိုက်တာ မှ အတည်ပြုနိုင်ခဲ့ခြင်း မရှိဟု ဆိုသည်။

 

နိုင်ငံ တွင်းရှိ ပြည်သူ လေးပုံတပုံသည် ဆင်းရဲ ငတ်မွတ် သည့် ဘေးနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံခြား တွင် ထားရှိသည့် မင်းအောင်လှိုင် မိသားစု ပိုင် ဥစ္စာဓနများ ရှာဖွေ တွေ့ရှိခဲ့သည့် သတင်းအား ကမ္ဘာသတင်း မီဒီယာ များ တွင် အလုအယက် ဖေါ်ပြနေကြပြီ ဖြစ်သည်။

 

နောက်ထပ် သတင်းတပုဒ်အရ အင်ဒိုနီရှားမှ မြန်မာ အရေး နှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် ကိစ္စများ အတွက် အထူး သံတမန်ရုံးကို ဖွင့်လှစ်သွားရန် ရှိနေပြီး နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီမှ ဦးစီး သွားမည်ဟု သိရသည်။ မိမိ အနေဖြင့် မြန်မာအရေးကို ဖြေရှင်းနိုင်ရေး အတွက် အကောင်းဆုံး ဖြစ်‌ အောင်ကြိုးစားသွားမည်ဟုလည်း မစ္စက် မာဆူဒီမှ ကတိပြုသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ သတင်း