အရှက် ကွဲပြီးရင်း ကွဲနေပါပေါ့လား

by Hla Soewai - Jan 13 2023

မြန်မာ တွင် ပြုလုပ်ရန် ရှိနေသည့် ဒေသဆိုင်ရာ အစည်းအဝေး တခု ဖြစ်သည့် လန်ကန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး LMC အစည်း အဝေးသို့ တက်ရောက်ရန် တရုတ် ဝန်ကြီးချုပ် လီကာရှန် အား ဖိတ်ကြားချက် ကို မသိကျိုးကျွန် ပြုနေသည်ဟု အယ်ဂျာဇီယား သတင်းတွင် ပါရှိလာသည်။

 

ဤသည်က သံတမန် ရေးအရ တရုတ်သည် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို အရှက်ခွဲလိုက်ခြင်း ပင် ဖြစ်သည်။ တရုတ် ဝန်ကြီးချုပ် အဆင့် တက်ရမည့် ပွဲ ဖြစ်၍ နေပြည်တော်တွင် မင်းအောင်လှိုင်သည် ဓါတ်ပုံ ဆရာများ ခြံရံကာ အသင့်စောင့်ဆိုင်းနေပေလိမ့်မည်။

 

မင်းအောင်လှိုင်ကဲ့သို့ နိုင်ငံတကာ က ရွံရှာ မုန်းတီးနေသူ တဦး နှင့် တရုတ် ဝန်ကြီးချုပ်တို့ လက်ဆွဲ နှုတ်ဆက်နေသည့်ပုံသည် အမေရိကန် အတွက် ဝါဒဖြန့် လက်နက်ကြီး တပ်ဆင်‌ပေးလိုက်သလို ဖြစ်သွား နိုင်ပြီး ချက်ခြင်း ဆိုသလို အာရှ၊ အာဖရိက နှင့်လက်တင် အမေရိက တခွင် ပျံ့နှံ့သွားပေတော့မည်။

 

သိပ်မကြာခင် အချိန်အတွင်း ဆက်လက် တည်မြဲဖို့ မကြိမ်းသေတော့သည့် ရက်စက်ကြမ်းကြုပ်ရာ တွင် ကမ္ဘာ နံပတ်တစ် နေရာ ရောက်လာနေသူ နှင့် အတူ ယဉ်တွဲ ထားသည့် ဓါတ်ပုံသည် တရုတ် ဝန်ကြီးချုပ် မစ္စတာ လီကာရှန် အတွက် တသက်တာ အိမ်မက်ဆိုးကြီး ပမာ ခြောက်လှန့်ခံနေရပေတော့မည်။

 

ကိုယ့်အတွက် နှင့် သူများ ဒုက္ခရောက်အောင် မဖန်တီးသင့်၊ ဒူးနေရာဒူး တော်နေရာတော် ဖြစ်သင့်သည် မဟုတ်ပါလား။ တရုတ် ဝန်ကြီးချုပ် လာတွေ့မည် အထိတော့ မျှော်လင့်မထားသင့်။

 

တရုတ်သည် သံတမန် အသစ် စေလွှတ်ပြီး အကြမ်းဖက်မှု များ ရပ်တန့်ရန်၊ အနည်းဆုံး လျော့ချရန်ပင် တောင်းဆိုလာသည်ကို ပေလျကံ ပြုခဲ့၍လည်း ယခုလို အစည်းအဝေး တက်ရန် ဖိတ်ကြားချက်ကို မသိကျိုးကျွံ ဆက်ဆံလိုက်ခြင်း ဖြစ်နိုင်ပေသည်၊ မည်သို့ပင် ဆိုစေ စစ်အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာ အလယ်တွင် အထီးကျန်သည်ထက် ကျန်လာနေပြီ ဖြစ်သည်။

 

တရုတ်သည် မြန်မာ စစ်ခေါင်းဆောင်များ အပေါ် စိတ်ကုန်သည်ထက် ကုန်လာနေသည်ကို လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ဖြင့် သိသာနေသည်။ ရုရှားသည် လည်း တရုတ် နှင့် စစ်အာဏာသိမ်း အဖွဲ့ ရွေးရစတမ်းဆိုက တရုတ်ဖက်မှ ရပ်တည်သွားမည် ဆိုသည်ကို အဆိုပါ ဆုံးဖြတ်ချက်အား ကြားနေလိုက်ခြင်းဖြင့် သက်သေပြခဲ့ပြီး ဖြစ်သည်။

 

လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်သည် လက်ရှိ ပဋိပက္ခတွင် မည်သည့် ဖက်က မှန်သည်ကို ပမာဏ ဆုံးဖြတ် ပေးလိုက်ခြင်းဖြစ်၍ လွန်စွာ အရေးပါသော ခြေလှမ်းကြီး စတင် လှမ်းလာခဲ့ခြင်းပင် ဖြစ်သည်။

 

ယခုလို တရုတ်၏ ဆက်ဆံခံလိုက်ရ၍ မင်းအောင်လှိုင် အဖို့ လုံခြုံရေး ကောင်စီ တွင် မဟာမိတ် ကြီး အဖြစ် အားကိုးမရတော့မည် ကို စိုးရိမ်ပူပန်လာနေပြီ ဖြစ်သည်၊ ယခုလောက်ဆိုပင် ရုရှားသို့ သွားပြီး ပူတင်ထံ အခစားဝင်ခွင့်ရမည့် ခရီးစဉ်တခု ထွက်ပေါ်လာအောင် ကြိုးစားနေလောက်ပြီ ဖြစ်သည်။

 

LMC တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် တို့ ပါဝင်ပြီး နိုင်ငံတနိုင်ငံ စီမှ ဥက္ကဌ အဖြစ် အလှည့်ကျ တာဝန်ယူရ၍ ၂၀၂၂ တွင် မြန်မာ အလှည့်သို့ ကျရောက်လာသော်လည်း တရုတ်မှ တက်ရောက်ရန် ငြင်းပယ်၍ ထိပ်သီး အစည်း အဝေး ကျင်းပနိုင်ခဲ့ခြင်း မရှိဟု သိရသည်။

 

ယခု အချိန်အထိလည်း တရုတ် အစိုးရ အထက်တန်း အဆင့် အရာရှိကြီး တဦးတလေမျှ ပင် မင်းအောင်လှိုင် နှင့် လူကိုယ်တိုင် တွေ့ဆုံခဲ့ဖူးခြင်း မရှိပေ။

 

ယခုလို ထိပ်သီး အစည်းအဝေးကြီး ဖိတ်ကြားမှု မျိုး ကို အကြောင်းမပြန်ခြင်းသည် သတိလက်လွတ် ဖြစ်သွားခြင်းဟု မည်သို့မျှ ယူဆ၍ မရဟု အရှေ့တောင် အာရှ၏ သံတမန်‌ လောကတွင် မျက်စိကြီး နားကြီး တဦး ဖြစ်သည့် ဟောင်ကောင် အစိုးရ အရာရှိ ဟောင်း တဦး ဖြစ်သူ မိုက်ကယ် အင်း က ပြောသည်။

 

၂၀၂၂ ဇူလိုင်လ အတွင်း ပုဂံတွင် ပြုလုပ်သော LMC နိုင်ငံခြားရေး ဝန်ကြီး အဆင့် အစည်းအဝေးသို့ ထိုစဉ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သည့် ဝမ်ယီ တက်ရောက်ခဲ့ပြီး ဝဏ္ဏမောင်လွင် နှင့် တွေ့ဆုံခဲ့သည်။

 

မင်းအောင်လှိုင်သည် LMC ကို အကြောင်းပြုပြီး ဒေသတွင်း အသိအမှတ် ပြု ခံရရန် ကြိုးပမ်းရန် ပြင်ဆင်ထားခဲ့ခြင်းသည် အချည်းနှီး ဖြစ်သွားခဲ့ရရှာပြီ ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု ၏ မြန်မာအရေး တာဝန်ခံ ဂျေဆန် တာဝါ က ဆိုသည်။

 

တရုတ်သည် အာဆီယံရှိ အဓိက နိုင်ငံကြီးများ၏ ငြို ညင် ခံရမည့် အရေး နှင့် မကြာမီက ကိုးကန့်ဒေသအား မင်းအောင်လှိုင် သစ္စာခံ တပ်များက ထိုးစစ် ဆင်လာ၍ ၂၀၁၅ နောက်ပိုင်း နယ်စပ်ဒေသတွင် မတည်ငြိမ်မှုများ အသစ်တဖန် ပြန်ဖြစ်လာနေသည့် အရေးတို့ကို နှစ်မြို့ပုံ မရဟု မစ္စတာ တာဝါက ထောက်ပြခဲ့သည်။

 

တရုတ်၏ ရေနံ နှင့် ဓါတ်ငွေ့ ပိုက်လိုင်းကြီးများ ဖြတ်သန်းသွားရာ အနီးတဝိုက်တွင် တိုက်ပွဲပေါင်း အကြိမ် တရာခန့် နှင့် လက်ပံတောင် ကြေးနီ စီမံကိန်း တဝိုက်တွင် တဒါဇင်ခန့် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု အယ်ဂျာဇီယား သတင်းတွင် ပါရှိလာသည်။

 

တရုတ်၏ ရင်းနှီးမြုပ်နှံမှုများ အတွက် နေ့စဉ်နှင့် အမျှ ရင်မအေးစရာ ဖြစ်လာနေသည်ဟု ဆိုသည်။

 

နောက်ထပ် ရရှိသော သတင်းအရ ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်အား အကြမ်းဖက် စစ်တပ်မှ လာရောက် ဗုံးကြဲတိုက်ခိုက်ရာ အိန္ဒိယ နယ်မြေထဲသို့ ဗုံးဆံများ ကျရောက်ခဲ့၍ မော်တော်ယာဉ်တစီး ထိမှန် ပျက်ဆီးသွားသည်ဟု သိရသည်။

 

၎င်းတို့ ဗုံးဒဏ် မခံဘူးသော အိမ်နီးချင်း နိင်ငံ ဆို၍ လာအို တနိုင်ငံသာ ကျန်ပေတော့သည်။

 

မရှိမဲ့ ရှိမဲ့ ထောက်ခံနေသူ များ တဖြေးဖြေး ဆုံးရှုံးလိုက်လာနေပြီ ဖြစ်သည်။

 

လက်ရှိ အနေအထားတွင် ဖြစ်သင့်သည်က နိုင်ငံကို ရှေ့လျောက် အုပ်ချုပ်၍ မရမည့် အတူတူ တိုင်းပြည် နှင့် လူမျိုး ချစ်မြတ်နိုးသည် ‌ဆိုက ကုလ မှ မိမိတို့ အတွက် လုံခြုံ‌ရေး အာမခံ ချက် ရယူပြီး အမျိုးသား ညီညွတ်ရေး အစိုးရ အား အာဏာ လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များကို စတင် ဆွေးနွေးသင့်နေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - Original uploader