အီလွန်မတ်စ် လမ်းကြောင်းပြောင်းပေးနိုင်ခဲ့သည့် ယူကရိန်းစစ်ပွဲ

by Hla Soewai - Jan 09 2023

ယူကရိန်း အား ရုရှားတို့ စတင် ကျုးကျော်ပြီး နှစ်ရက် အကြာတွင် ယူကရိန်း၏ ဒီဂျစ်တယ် ခေတ် အသွင် ကူးပြောင်းရေး ဝန်ကြီး မီခေးလို ဖီဒိုရော့ဗ် သည် အီလွန် မတ် ထံ စာရေးပြီး ယူကရိန်းအား စတားလင်ခ် ဖြင့် အကူအညီ ပေးပါရန် အကူအညီ တောင်းခံလာခဲ့သည်။

 

အီလွန်မတ်စ်ကလည်း မဆိုင်းမတွပင် စတားလင့်ခ် အား ယူကရိန်းဖက်သို့ လှည့်ပေးလာခဲ့သည်။ ရက်အနည်းငယ် အတွင်းမှာပင် ပီဇာ တချပ် အရွယ်အစား ရှိ စလောင်းပြားများ ရောက်ရှိလာခဲ့ပြီး သုံးလ အတွင်း တနေ့ လူ တသိန်းခွဲခန့် အီလွန်မတ်စ် ၏ ဂြိုလ်တုများ နှင့် ဆက်သွယ် အသုံးပြုလာ နိုင်ခဲ့ပြီ ဖြစ်သည်။ အီလွန်မတ်စ် အတွက်လည်း ဒေါ်လာ သန်း တရာကျော်ခန့် စိုက်ထုတ်ကျခံခဲ့ရသည်။

 

အဆိုပါ စလောင်းပြားများသည် ကားဘက်ထရီ နှင့်ပင် အသုံးပြုနိုင်ပြီ ဖြစ်၍ ရုရှားတို့၏ ဒုံးကျည်ဒဏ် အမြဲ မပြတ် ခံနေရသော ယူကရိန်းသည် လျပ်စစ် ပြတ်တောက်မှု ကို ခံနိုင်ရည် ရှိလာခဲ့သည်။

 

နိုဝင်ဘာလ အတွင်း ခါဆန်မြို့ကို ယူကရိန်းတို့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် အခါ ဖုန်း နှင့် အင်တာနက် ကို စတားလင့်ခ် ဖြင့် ရက်အနည်းငယ် အတွင်း ပြန်၍ ချိတ်ဆက်ပေးနိုင်ခဲ့သည်။

 

အီလွန် မတ်စ် ၏ SpaceX သည် နိုင်ငံပေါင်း ၄၅ နိုင်ငံအား အလွန်မြန်သည့် အင်တာနက် ကို ချိတ်ဆက်ပေးထားနိုင်၍ အခကြေးငွေ ဖြင့် သုံးစွဲသူ တသန်းကျော် ရရှိထားပြီး ဖြစ်သည်။

 

စတားလင့်ခ်သည် စစ်ရေး တွင် C4ISR ဟု အတိုကောက်ခေါ်သည့် Command, Control, Communication, Computers, Intelligence, Surveillance, Reconnaissance လုပ်ငန်းများ အတွက်လည်း အဓိက အားထားရာ ဖြစ်လာခဲ့သည်။

 

ရုရှား ဟက်ကာများသည် စတင် မတိုက်ခိုက်မီ တနာရီ ခန့် အလိုကတည်းက ယူကရိန်း စစ်တပ် နှင့် အစိုးရ၏ ဆက်သွယ်ရေး စနစ်များ အားလုံးကို သုံးမရအောင် လုပ်ခဲ့ကြသည်။ သို့သော် ရုရှား တို့ စွမ်းဆောင်နိုင်မှုသည် ယနေ့ ယူကရိန်း တပ်များ အသုံးပြုနေသော စနစ်လောက် ခေတ်မီ ခြင်း မရှိတော့ပေ။

 

စတားလင့်ခ် ဂြိုလ်တု ဆက်သွယ်‌ရေး စနစ်သည် အမြင့်ကီလိုမီတာ ၃၆,၀၀၀ ရှိ ကမ္ဘာပတ် လမ်းကြောင်း အတွင်း ရှိ ငြိမ်သက်စွာ ရပ်တည်နေသော ဂြိုလ်တု အကြီးစားများ မှတဆင့် ရယူနေကြသည်။

 

စတားလင့်ခ် အသုံးပြုနေသော စနစ်သည် အမြင့် ၅၅၀ ကီလို မီတာ အတွင်းရှိ အသေးစား ဂြိုလ်တုများသာ ဖြစ်၍ အချိန်ပို၍ မြန်သည်။ သို့သော် လူတဦးချင်းစီကို ပေးနိုင်သော ကြိမ်နှုန်း အတိုင်းအတာ သည် မများလှ၍ အားလုံးသုံးနိုင်ရန် ဂြိုလ်တုလေးများ အမြောက်အမြား လွှတ်တင်ထားရန် လိုအပ်သည်။

 

စစ်သားများသည် မြင်နေရသော ပစ်မှတ်များ၏ ပုံရိပ်ကို စတားလင်ခ် မှ ပေးထားသော မိုဘိုင်း ကွန်ယက်ထဲသို့ ပို့ဆောင်ပေးနိုင်၍ နောက်တန်းရှိ တပ်မှုးများအဖို့ ပစ်သင့် မပစ်သင့်ကို အလွယ်တကူ ဆုံးဖြတ်ချက် ပေးနိုင်သည်၊ ဒရုန်း စစ်ဆင်ရေး များ အတွက်လည်း လွန်စွာ အသုံးတည့်လှသည်၊ စတားလင့်ခ်သည် မိမိတို့ အတွက် အောက်စီဂျင်သာ ဖြစ်သည်ဟု ယူကရိန်းစစ်သားများက ပြောဆိုခဲ့ကြသည်။

 

ရုရှား တို့ အဖို့ ယခုအချိန်အထိ စတားလင့်ခ် မှ ထုတ်လွှတ်နေသော ဆက်သွယ်ရေးစနစ်ကို ရှာဖွေခြင်း၊ ခြေဖျက်ပစ်ခြင်း၊ တုပခြင်းများ ပြုလုပ်နိုင်စွမ်း မရှိဖြစ်နေသည်။ စတားလင့်ခ် မှ ထုတ်လွှတ်နေသော signal များသည် လွန်စွာ အားကောင်း၍ ချေဖျက်ပစ်နိုင်ရန် ခဲယဉ်းလှသည်။ အီလွန်မတ်စ်၏ SpaceX သည် system software ကို အလျှင် အမြန် update လုပ်နိုင်၍ ဆိုက်ဘာ တိုက်ခိုက်မှု ပြုပါကလည်း ထိရောက်မှု မရှိ ဖြစ်နေသည်။

 

စတားလင့်ခ် ဂြိုလ်တုများမှ signal များကို မြေပြင် အခြေစိုက် စခန်းများသို့ ပို့ဆောင်ပေးပြီး ထိုစခန်းများ မှ တဖန် ရရှိသော ဒေတာ များကို အင်တာနက် ပေါ်တင်ပေးခြင်း၊ အခြား ဂြိုလ်တုများသို့ ပေးပို့ကြသည်၊ ထိုစခန်းများကို စစ်ရေးအရ ကိုယ်ထိ လက်ရောက် ချေမှုန်းနိုင်သော်လည်း ယူကရိန်း အတွက် စခန်းအားလုံးသည် နေတိုး အဖွဲ့ဝင် နိုင်ငံများထဲတွင် ရှိနေ၍ တိုက်ခိုက်ရန် မဖြစ်နိုင်ပြန်ပေ။

 

အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ တို့သည် စတားလင့်ခ် ဂြိုလ်တုများကို ပစ်ချနိုင်သည့် ဒုံးကျည် စနစ်များကို ပိုင်ဆိုင်ထားသော်လည်း လွှတ်တင်ထားသော ဂြိုလ်တု အများအပြား ရှိနေ၍ တခုတလေ လောက် ပစ်ချယုံဖြင့် မည်သို့မျှ အကျိုးထူးလာနိုင်စရာ မရှိ ဖြစ်နေပြန်သည်။

 

လက်ရှိတွင် စတားလင့်ခ် ဂြိုလ်တုပေါင်း ၃,၃၃၅ ခု လွှတ်တင်ထားပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်း ရှိနေသော ဂြိုလ်တု စုစုပေါင်း၏ တဝက်ခန့် ဖြစ်နေသည်။

 

နောက်တနည်းသည် ပစ်ချလိုက်သော ဂြိုလ်တု တခုမှ လွင့်စင် ထွက်လာသော အပျက်အစီး အပိုင်းအစများ နှင့် အနီးအနားရှိ ဂြိုလ်တုများ အား ထိခိုက်သွားရန် ဖန်တီးနိုင်သော်လည်း စတားလင့်ခ် ဂြိုလ်တုများသည် ထိုအပိုင်းအစများကို ရှောင်တိမ်းနိုင်ရန် ပတ်လမ်းကြောင်း ပြောင်းသည့် စနစ်ကို ထည့်သွင်းထားပြီး ဖြစ်သည်။

 

တရုတ် စစ်တပ် ၏ စက္ကူဖြူ စာတမ်းတွင် စတားလင့်ခ် အား တန်ပြန်နိုင်မည့် စနစ် တီထွင်ရန် တောင်းဆိုလာခဲ့သည်။ ရုရှား နှင့် တရုတ်သည် စတားလင့်ခ် ကို ချေဖျက် နိုင်ရန် အလုအယက် ကြိုးစားနေကြဆဲပင် ဖြစ်သည်။ လက်ရှိတွင်တော့ SpaceX ကြောင့် အမေရိကားသည် အကြီးအကျယ် အသာရလျက် ရှိနေသည်။

 

ယူကရိန်းစစ်ပွဲ အလှည့်အပြောင်းသည် အီလွန်မတ်စ် ပေါ်တွင် မူတည်နေသည်ဟုသာ ဆိုရမည် ဖြစ်သည်။ ယူကရိန်းတို့ဖက်ကလည်း အီလွန်မတ်စ် ၏ အလှုဒါန ပြုနေမှု တခုတည်းကို အားကိုးပြီး ရေရှည် စစ်ပွဲ ဆင်နွှဲဖို့ ဆိုသည်က မဖြစ်နိုင်မှန်းလည်း သိထားကြပြီး ဖြစ်သည်။

 

(၂၀၂၃ ဇန်နဝါရီ ၅ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "How Elon Musk's satellites have saved Ukraine and changed warfare" ဆောင်းပါး အား ကိုးကား တင်ပြသည်)