ကုလ မှ အထူး စောင့်ကြည့်လာနေ

by Hla Soewai - Jan 09 2023

ကုလ သမဂ္ဂသည် မြန်မာ နိုင်ငံတွင်း ဖြစ်ပျက်နေမှုများကို အသေးစိတ် စောင့်ကြည့်နေသည့် လက္ခဏ တရပ် အဖြစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုကာ ပြန်လွှတ်ပေးခဲ့သော အကျဉ်းသား ခုနှစ်ထောင် ကျော် ထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ခန့် ပါဝင်သည်ဟု “ယုံကြည်ရသော သတင်းရပ်ကွက်များ” အား ကိုးကား ၍ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျရယ်မီ လောရင့်စ်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

အများစုသည် နှိပ်စက်ညှင်းပမ်းခံခဲ့ရပြီး ၎င်းတို့အား လူထုအကြား အကြောက်တရား စိမ့်ဝင် ပျံ့နှံ့လာစေရန် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ကုလ သမဂ္ဂ အနေဖြင့် လွှတ်လာသူ ၃၀၀ ဆိုသည့် သတင်းကိုပင် အလွယ်တကူ လက်ခံခြင်း မရှိသေးပဲ ထပ်မံ စီစစ်ခဲ့ရာ ၁၉၅ ဦး ကို အတည်ပြု နိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း လွှတ်ပေးခံရသူ များ ထဲမှ ၂၂ ဦးကို ထိုနေ့မှာပင် ပြန်လည် ဖမ်းဆီးခဲ့သည် ဆိုသည်အားလည်း ၎င်း၏ ပြောဆိုချက် တွင် ပါရှိခဲ့သည်။ ကုလ သမဂ္ဂသည် ထိုသို့ စာရင်းဇယားများ နှင့် အတိအကျ ထုတ်ပြန်လာ၍ မြန်မာအရေးကို အနီးကပ် စောင့်ကြည့်နေသည်မှာ ထင်ရှားနေသည်။

 

ကုလ လုံခြုံ‌‌ရေး ကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ တွင် အထွေထွေ အတွင်းရေးမှုးချုပ် သည် အခြေအနေများ တိုးတက် ဖြစ်ပေါ်မှု ရှိမရှိ ကို အစီရင်ခံရဖို့ ရှိနေသည်။

 

လက်ရှိ မြန်မာ အကျပ်အတည်း အား ထွက်ရပ်လမ်းသည် လူများကို ဖမ်းဆီးအကျဉ်းချနေခြင်း ဖြင့် မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်ပဲ နိုင်ငံရေး ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးခြင်း ဖြင့်သာ ဖြစ်နိုင်မည်ဟု ဆိုသည်။

 

မိမိအမြင်ရ ဆိုလျှင် စစ်အာဏာသိမ်း အဖွဲ့သည် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ယခု အချိန်အထိ နောင်တ ရစရာ အဖြစ်မျိုး နှင့် မကြုံခဲ့ရသေး၍ ရှေ့လျှောက် တိုး၍ လွှတ်ဖို့သာ ရှိနေသည်ဟု ယူဆမိသည်။

 

ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှ လစ်ဗျား အပေါ် လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်သည့် ဆုံးဖြတ်ချက် အမှတ် ၁၉၇၃ သည် စတုတ္ထ မြောက် ဆုံးဖြတ်ချက် ဖြစ်သည်။ ပထမ သုံးခုသည် လစ်ဗျားရှိ အရေးပါ အရာရောက်သူများအား ခရီးသွားလာခွင့် နှင့် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူခြင်း၊ လော့ကာဘီး အရပ်တွင် လေယာဉ် ဗုံးခွဲမှု အား ကျုးလွန်သူ နှစ်ဦး အား တရားရင်ဆိုင်ရန် ဟိဂ် သို့ လွှဲပြောင်းပေးရန် နှင့် နောက်ဆုံးသည် လက်နက် တင်ပို့မှု ပိတ်ဆို့ရေး ပင် ဖြစ်သည်။

 

ထိုဆုံးဖြတ်ချက် များ အပြီး တွင်တော့ လေယာဉ်မပျံသန်းရ ဆုံးဖြတ်ချက်အား လစ်ဗျား တွင် ပြည်တွင်းစစ်ကြီး အရှိန်အဟုန် နှင့် ဖြစ်ပေါ်လာချိန် ၂၀၁၁ မတ်လ ၁၇ ရက်နေ့တွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက် ၁၉၇၃ မူကြမ်းအား ပြင်သစ်၊ ဗြိတိန် နှင့် လက်ဘနွန် တို့မှ ပူးတွဲ တင်သွင်းခဲ့ကြခြင်း ဖြစ်ပြီး အဖွဲ့ဝင် ဆယ်နိုင်ငံ မှ ထောက်ခံ ပြီး ဘရာဇီး၊ ဂျာမဏီ၊ အိန္ဒိယ၊ တရုတ် နှင့် ရုရှား တို့က ကြားနေခဲ့ကြ၍ အောင်မြင်စွာ ချမှတ် နိုင်ခဲ့ကြခြင်း ဖြစ်သည်။ ဂျာမဏီသည် ပြည်ပအရေးများ အတွက် စစ်အင်အား မသုံးရ မူ ဖြင့် ကြားနေခဲ့ခြင်း ဖြစ်သည်။

 

ယခင်က ဘီဒိုထဲက ပိုးဟတ်ပါမကျန် တယောက်မှ အရှင်မထားဟု ကြွေးကျော်ခဲ့သော ကဒါဖီ သည် တပတ်အကြာတွင် ကုလ ဆုံးဖြတ်ချက်ကို လိုက်နာပါမည်၊ အပစ်အခတ် ရပ်စဲပါမည်ဟု ပြောဆိုလာခဲ့သော်လည်း လက်တွေ့တွင် ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

 

အနောက်အုပ်စုသည် အီရတ် အရေး ကဲ့သို့ပင် ကုလ ဆုံးဖြတ်ချက်များအား လိုရာဆွဲ အဓိပ္ပါယ် ဖွင့်ဆိုရာတွင် ကျွမ်းကျင်သူများ ပီပီ နောက်ပိုင်း တွင် စစ်တပ်မဟုတ် Special Forces များသာ ဟု အမည်တပ်ကာ မြေပြင် စစ်ဆင်ရေး များ ပါ ပြုလုပ်လာခဲ့ကြသည်။

 

လစ်ဗျား ခေါင်းဆောင် မွန်မာ ကဒါဖီအား ဆုံးဖြတ်ချက် အမှတ် ၁၉၇၃ ထွက်ပေါ်လာပြီး ခုနှစ်လ အကြာတွင် လက်ရဖမ်းဆီးမိခဲ့ပြီး ချက်ခြင်းလိုပင် ကွပ်မျက်ခဲ့ကြသည်။

 

မင်းကင်း အမတ်ဟောင်း ဦးမောင်မြင့် သည် တရုတ်၊ ရုရှား အားကိုးနေယုံ သက်သက်ဖြင့် ကုလ ဆုံးဖြတ်ချက်များ အား သံတမန်ရေး လမ်းကြောင်းအရ ကာကွယ်နေမည်ဆိုက မိုက်ရူးရဲ ဆန်ခြင်း သက်သက် သာ ဖြစ်မည်ကို ကောင်းစွာ ရိပ်စားမိသူဟု ဆိုရမည် ဖြစ်သည်။

 

ယခုအခါ ပူတင်သည် အော်သို့‌ဒေါ့ ခရစ်စမတ် နေ့ အထိမ်း အမှတ် အဖြစ် ၃၆ နာရီကြာ အပစ်အခတ် ရပ်စဲဖို့ပင် ပထမဆုံး အကြိမ် အဖြစ် စတင် ကမ်းလှမ်းလာခဲ့ပြီ ဖြစ်သည်။ ယူကရိန်း သမ္မတ ကတော့ နည်းဗျုဟာ မြောက် လှည့်စားချင်း သက်သက်ဟု ဆိုကာ ပယ်ချခဲ့သည်၊ ပူတင်သည် နဂိုကတည်းက ရေရှည် စစ်ပွဲ ဆင်နွှဲရန် ယူကရိန်း ကို ကျူးကျော်ခဲ့ခြင်း မဟုတ်ပဲ အချောင်ရမလား စိတ်ဖြင့် အတွက်အချက် မှားခဲ့ခြင်းသာ ဖြစ်သည်။

 

ယခုလို အကုန်အကျ လွန်စွာ များပြားလှသည့် ရေရှည် စစ်ပွဲကို တနည်းမဟုတ် တနည်း ရပ်တန့်ဖို့ ရှိနေသည်။ ထို့အတွက် အနောက်အုပ်စု နှင့် မဖြစ်မနေ အပေးအယူ လုပ်လာရဖို့သာ ရှိနေသည်။

 

ထိုအခါတွင်တော့ မြန်မာ နှင့် ပတ်သက်၍ အနောက်မှ တင်သွင်းသော ကုလ ဆုံးဖြတ်ချက်များအားလည်း ယခင်ကလို ကန္တကောစ လုပ်တော့မည် မဟုတ်။ တရုတ်မှ လည်း ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခြင်း ရှိမည် မဟုတ်ဟု အာမခံက အာဆီယံ ရှိ အဓိက နိုင်ငံများနှင့် အတိုက်အခံ ဖြစ်ရမည့် အရေးကို ရှောင်ရှားလိုမည်သာ ဖြစ်သည်။

 

သို့သော် မင်းအောင်လှိုင်သည် ထိုကဲ့သို့ အနေအထားများ ပြောင်းလဲလာသည်ကို ရိပ်စားမိနိုင်ခြင်း မရှိပဲ သူ၏ သမ္မတ ရူး ရောဂါသည် နေမြင့်လေ အရူးရင့်လေ ဖြစ်လာနေပြီး မမြင်ချင်မှ အဆုံး သိသာ ထင်ရှားလာနေပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။ ၎င်းအဖို့က မြန်မာ ဘုရင်များ ၏ အစဉ်အလာ အတိုင်း ဆင်ဖြူတော်၊ နန်းစဉ် ပတ္တမြား၊ ဘုရားတည် ကျောင်းဆောက်၊ ဘွဲ့ထူး ဂုဏ်ထူး များ ပေးခြင်း တို့သာ အာရုံထားနေသဖြင့် အောက်လူများ အဖို့ စိတ်မသက်မသာ ဖြစ်လာနေကြသည်မှာလည်း ဓမ္မတာ ပင် ဖြစ်သည်။

 

နောက်ထပ် သတင်းတရပ် အဖြစ် မင်းအောင်လှိုင်၏ အမိန့် နှင့် ကွပ်မျက်ခံခဲ့ရသော ကိုဖြိုးဇေယျသော် အား အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ၏ ၂၀၂၂ အတွင်း သေဆုံးခဲ့သည့် ထင်ရှားသူ ဆယ်ဦး စာရင်း List of notable death တွင် ထည့်သွင်းလိုက်ပြီ ဆိုခြင်း ပင် ဖြစ်သည်၊ ထို့အတွက် ကိုဖြိုးဇေယျသော်သည် အာဘေး ရှင်ဇို၊ အယ်လိဇဘက် ဘုရင်မကြီး၊ မီခေးလ် ဂေါ်ဘာချော့၊ ဂျန်စီမင်း တို့ နှင့် အတူ ပါဝင်သွားခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!