ဂျပန် ဘုရင် နန်းတက်ပွဲ

by Hla Soewai - Oct 12 2019

အသက် ၅၉ နှစ်ရှိ ဂျပန် ဘုရင် နာရူဟီတို၏ နန်းတက်ပွဲကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။ နိူင်ငံပေါင်း ၅၀ မှ ခေါင်းဆောင်များနဲ့ နိူင်ငံ ၂၀၀ နဲ့ ကမ္ဘာ အဖွဲ့အစည်းများမှ အခြား အဆင့်ရှိ ဧည့်သည်များလည်း တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်မယ့် နိူင်ငံ အကြီးအကဲများထဲတွင် အင်္ဂလန်၏ အိမ်ရှေ့စံ ချားလ်စ် မင်းသား၊ တရုတ် ဒုသမ္မတ ဝမ် ကီရှန်း နှင့် မြန်မာနိူင်ငံ ၏ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်တို့ ပါဝင်တယ်လို့ ဂျပန် သတင်းဌာန NHK က အသားပေး ဖေါ်ပြသွားပါတယ်။

အမေရိကန် ဖက်က ကုန်သွယ်ရေး ဝန်ကြီး အီလိန်း ချောင်း တက်ရောက်မယ်လို့ ဂျပန် တိုင်းမ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။ ချားလ် မင်းသားအပြင် အခြား ဥရောပ တော်ဝင်မိသားစုများထဲက နယ်သာလန် ဘုရင် နှင့် မိဖုရား၊ ဘယ်ဂျီယံ ဘုရင် နှင့် မိဖုရား ၊ ဂျော်ဒန်ဘုရင်၊ ဆော်ဒီ အိမ်ရှေ့ မင်းသား တို့လည်း တက်ရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

တောင်ကိုရီယား သမ္မတ မွန် ဂျေး အင် က တက်ရောက်မှာ မဟုတ်ပဲ ဝန်ကြီးချုပ်ကိုသာ စေလွှတ်မယ်လို့ ဆိုပါတယ်။

အမေရိကန် က အစောပိုင်းတွင် ဒုသမ္မတ မိုက် ပင့်စ် အား စေလွှတ်ဖို့ ရည်ရွယ်ထားသော်လည်း အခြား သံတမန် ကိစ္စများ ပေါ်လာတဲ့ အတွက် တိုင်ဝမ်တွင် မွေးဖွားခဲ့သူ ကုန်သွယ်ရေး ဝန်ကြီး အီလိန် ချောင်းကိုပဲ အစားထိုး စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်၊ သမ္မတ ဒေါ်နယ် ထရန့်ကတော့ ဒီနှစ်ထဲမှာတင် နှစ်ခေါက် ရောက်ခဲ့ပြီး အင်ပါယာ နာရူဟီတို ကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဖြစ်၍ ထပ်မသွားတော့တာ ဖြစ်ဖွယ် ရှိပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ မတိုင်မီ နဲ့ ပြီးတဲ့နောက်မှာ လည်း အဆိုပါ ခေါင်းဆောင်များနဲ့ ဂျပန် ဝန်ကြီးချုပ်တို့ တနေ့ ဆယ်ဦးနှုန်း နဲ့ သီးခြားစီ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။

ဂျပန် အစိုးရကတော့ "Sokui-no-Rei" ခေါ် နန်းတက်ပွဲ အတွက် ကမ္ဘာပေါ်ရှိ နိူင်ငံပေါင်း ၁၉၅ နိူင်ငံထဲမှာ ဆီရီယား သမ္မတ အာဆတ်ကလွဲပြီး ကျန် ၁၉၄ နိူင်ငံ အားလုံး အကုန် ဖိတ်ကြားထားခဲ့ပါတယ်။

ဧည့်သည်တော်များကို သယ်ဆောင်လာမည့် လေယာဉ် အစင်းပေါင်း ၁၄၀ ခန့်က ဟာနီဒါ နှင့် နာရီတာ လေဆိပ်များကို ဆိုက်ရောက်လာဖို့ ရှိနေပါတယ်၊ ဂျပန် လေကြောင်းလိုင်းများက အောက်တိုဘာ ၂၁ နှင့် ၂၄ နေ့များ ရှိ လေယာဉ် ခရီးစဉ် ၇၂ ခုကို ဖျက်သိမ်းပေးခဲ့ပါတယ်။

ဂျပန် အစိုးရက လွတ်ရန် သုံးနှစ်သာ လိုတော့တဲ့ အကျဉ်းသား ငါးသိန်း မှ ခြောက်သိန်းအထိ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။

အင်ပါယာ နာရူဟီတို နှင့် မိဖုရား မာဆာကို တို့က တိုယိုတာ ကုမ္ပဏီမှ အထူး ထုတ်လုပ်ပေးခဲ့တဲ့ Century အမိုးဖွင့် ကား နဲ့ ဘုရင် နန်းတော်မှ သူ၏ အိမ်တော်ရှိရာ ၄.၆ ကီလိုမီတာ ရှည်တဲ့ လမ်းတလျောက် လှည့်လည် ဖို့ ရှိနေပါတယ်။

အင်ပါယာ နာရူဟီတိုက ခမည်းတော် အကီဟီတို ထီးနန်း စွန့်သွားခဲ့တဲ့ မေလ ၁ ရက်နေ့က စပြီး ဂန္ဓမာ ထီးနန်းကို ဆက်ခံခဲ့ပြီး ဖြစ်ပါတယ်။ ယခု အခမ်းအနားက အသွင် ကူးပြောင်းရေး ကာလ အဆုံးသတ်ပြီး Reiwa လို့ ခေါ်တဲ့ နန်းဆက်အား တရားဝင် ဆက်ခံမှုကို အသိအမှတ် ပြုတဲ့ ပွဲလည်း ဖြစ်ပါတယ်။

နန်းတက်ပွဲ အခမ်းအနားကို ဘုရင် နန်းတော်ရှိ State Room မှာ ကျင်းပဖို့ ရှိပြီး ဂျပန် တော်ဝင် အိမ်ထောင်စုများ လိုက်နာရမည့် စည်းကမ်းတခုအဖြစ် မိဖုရား မာဆာကို အား အဆိုပါ အခန်းအတွင်း ဝင်ရောက်ခွင့် မပြုခဲ့တာ တွေ့ရပါတယ်။ သို့သော် ဝန်ကြီးချုပ် ရှင်တာရို အာဘေး အစိုးရ အဖွဲ့ထဲရှိ တဦးတည်းသော အမျိုးသမီး ဝန်ကြီး ဆက်ဆူကီ ကာတာယာမား ကိုတော့ ပထမဆုံး အကြိမ် အဖြစ် ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ခရစ်ယာန် အဖွဲ့များနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးများ အပါအဝင် ဂျပန် နိူင်ငံသား နှစ်ရာခန့်က ပြည်သူ့ငွေများ သုံးစွဲကာ အခုလို အခမ်းအနားကြီး ကျင်းပခဲ့တဲ့ အတွက် ဂျပန် အစိုးရအား တိုကျို ခရိုင် တရားရုံး မှာ တရားစွဲဆိုခဲ့တယ်လို့လည်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။