အမျိုးသမီးများ အားလုံးသည် မိဘဆွေမျိုး များထံ ရေးသည့်စာများထဲတွင် သူတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကို ထည့်သွင်းရေးသားလေ့ ရှိသော်လည်း စွန့်လွှတ်အနစ်နာခံရမှု များကို တော့ ငြည်းတွားခဲ့ကြခြင်း မရှိပေ။ သို့သော်လည်း စိန့်ပီတာစဘတ် မြို့တော်ကြီးရှိ အဖေ၊ အမေ၊ မောင်ဘွားများကိုတော့ အဝတ်အစား၊ ငွေကြေး နှင့် စာအုပ်များကို တော့ သူတို့ နေထိုင်ရာ အသိုက်အဝန်း အတွက် ထောက်ပံ့ရန်တော့ အမြဲလို တောင်းဆိုခဲ့ကြသည်။ သူတို့ မိသားစုများသည် အဆက်အသွယ် ကောင်းသူများ ပီပီ တောင်းဆိုသမျှ ကို ဖြစ်အောင် ပို့ပေးနိုင်သည် ချည်းပင် ဖြစ်သည်။
သူတို့လည်း အလှုခံ ရရှိသော ငွေကြေး ပစ္စည်းများ နှင့် စာကြည့်တိုက်၊ စာသင်ကျောင်း၊ ဆေးခန်း၊ ပဒေသ ကပွဲများ၊ ဟောပြောပွဲများကို စီစဉ် ပေးနိုင်ခဲ့ကြသည်။ ထိုသို့ စွမ်းဆောင်နိုင်ခဲ့ကြသဖြင့် သူတို့၏ လူမှု အသိုက်အဝန်းသည် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
မာရီယာ ဗိုကွန်စကာယာ၏ နေအိမ်သည် ပညာတတ်များ၊ စာပေ ယဉ်ကျေးမှု နှင့် နီးစပ်သူများ ဝင်ထွက်သွားလာလေ့ ရှိသဖြင့် အမြဲလို စည်ကားနေတတ်သည်။ မာရီယာသည် သူမနှင့် အတူ စန္ဒယား အသေးစား လေးကို ယူလာနိုင်ခဲ့သဖြင့် အမြဲလို ဂီတသံများက သူမနေထိုင်ရာ Lady Street တွင် လွင့်ပျံ့နေခဲ့သည်။ သူမအားလည်း ဆိုက်ဘေရီးယား မင်းသမီးဟု ချစ်စနိုး ခေါ်ဝေါ်ခဲ့ကြသည်။
ဒီဇင်ဘာ အိမ်ထောင်ရှင်များ အဖွဲ့သည် မလျော့သော ဇွဲလုံလ ဖြင့် ကြိုးပမ်းလုပ်ဆောင်နေကြသူများ ပီပီ သူမတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု နှင့် မွေးဖွားလာသော ခလေးများ ပညာသင်ကြားနိုင်ရေး တို့ အတွက် အာဏာပိုင်များ နှင့် အမြဲလို ထိတွေ့ပြီး မရမက ဆွေးနွေး တောင်းဆိုခဲ့ကြသည်။
၁၈၅၅ တွင် ဒုတိယမြောက် အလက်ဇန်းဒါးသည် ဖခင် ဖြစ်သူ နီကိုလပ်စ် ဇာဘရင်၏ ထီးနန်း အရိုက်အရာ ကို ဆက်ခံလာခဲ့သည်။ ထီးနန်းဆက်ခံပြီး မကြာမီမှာပင် ဒီဇင်ဘာ အိမ်ထောင်ရှင်များအား လွတ်ငြိမ်းချမ်းသာခွင့် ပေးလာခဲ့ပြီး ရုရှား အနောက်ပိုင်း ဒေသတခုခု သို့ ပြောင်းရွှေ့ နေထိုင်ခွင့် ပေးလာခဲ့သည်။ ဤသို့ဖြင့် “သခင်ဘဝမှ ဖိနပ်ချုပ်သမား ဘဝသို့ ခုန်ဆင်းခဲ့ကြသူများ” ဟု ကင်ပွန်းတပ်ခံခဲ့ရသူများသည် နှစ်ပေါင်း သုံးဆယ် ခန့် ကြာပြီးနောက်တွင်မှ သူတို့၏ သစ္စာရှိ ဇနီးသားသမီးများ နှင့် အတူ ဆိုက်ဘေရီးယား မှ တရားဝင် ထွက်ခွာခွင့် ရသွားခဲ့ကြပြီ ဖြစ်သည်။
သို့သော် ထိုအချိန်တွင်တော့ ဆိုက်ဘေရီးယား မဲဇာသို့ ပို့ခံရသူများထဲတွင် အသက်ရှင် ကျန်ရစ်သူ အနည်းငယ် မျှသာ ကျန်ရှိပေတော့သည်။
ပထမဆုံး ကွယ်လွန်သွားခဲ့သူသည် အလက်ဇန်းဒါး မူယာဗီရာ ဖြစ်ပြီး မီးတွင်းထဲတွင် ဆုံးပါးသွားခဲ့သည်။ နောက်ပိုင်း ခုနှစ်အကြာ တွင် ကမ်မီလာ အိုင်ဗက်ရှီဗားသည် ကိုယ်ဝန်ရှိနေစဉ် အမျိုးသမီး ရောဂါဖြင့် ဆုံးပါးသွားခဲ့ပြန်သည်။ သူမသည် နီကိုလပ်စ် ဇာဘုရင် ကိုယ်တိုင် “လူရှုပ်လူပွေ အောက်တန်းစား” ဟု ခေါ်ကာ အလုပ်ကြမ်း နှင့် အနှစ် နှစ်ဆယ် ပြည်နှင်ဒဏ် ပေးခံရသူ ဒီဇင်ဘာ ပုန်ကန်မှု၏ ခေါင်းဆောင်တဦး ဖြစ်သူ ဗာစီလီ အိုင်ဗက်ရှ် ရှိရာ ဆိုက်ဘေရီးယား သို့ လိုက်သွားပြီး လက်ထပ်ခွင့် ရရန် စာရေး တောင်းဆိုခဲ့သူ ဖြစ်သည်။
မင်းသား ဆာဂျေ ထရူဘက်စကွေး သည် ကမ်မီလာ ကွယ်လွန်သွားသည့် နှစ်မှာပင် သူ၏ ပြစ်ဒဏ်ကျခံရမည့် နှစ်များ စေ့သွားခဲ့ပြီ ဖြစ်သည်။ မိသားစုသည် ဝေးကွာလှသော အိုယက် မြို့ကလေး သို့ လွတ်ငြိမ်းချမ်းသာခွင့် ပါ အမိန့်အတိုင်း ရွှေ့ပြောင်းလာခဲ့စဉ် တွင် သူတို့၏ သုံးနှစ် သား ကလေး ဗန်ယာ သည် တိမ်းပါးသွားခဲ့သည်။ ထိုမြို့မှာပင် ထရူးဘက်စကွေး၏ ရင်သွေး နှစ်ဦး ထပ်မံသေဆုံးသွားခဲ့ပြန်သည်။
ကက်ယာ ထရူဘက်စကွေး ၏ ကျန်းမာရေးသည် ပြောင်းရွှေ့လာပြီး နောက်တွင် ချို့ယွင်းလာနေခဲ့သည်။ ထို့အတွက် ၁၈၄၅ ခုနှစ် တွင် ကျန်းမာရေး စောင့်ရှောက်မှု ရှိနေသည့် ယာကူစကာ မြို့ သို့ ရွှေ့ပြောင်း နေထိုင်ရန် ခွင့်ပြုချက် ရရှိခဲ့သည်။ သို့သော် သူမသည် ဇာဘုရင် အသစ် ၏ လွတ်ငြိမ်းချမ်းသာခွင့် မရမီ တနှစ်အလို ၁၈၅၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။