သူတို့ အကြား ခင်ပွန်းဖြစ်သူတို့ အတွက် စွန့်လွှတ် အနစ်နာခံလာခဲ့ရမှုများ တူညီနေကြ၍လည်း ပေါင်းစည်းမိလာကြခြင်း ဖြစ်သည်။ သူတို့၏ ခင်ပွန်းများက သူတို့ အပေါ် အမှီသဟဲ ပြုနေကြရသလို သူတို့ အချင်းချင်း အကြားလည်း အပြန်အလှန်ကူညီမှု၊ ဖေးမမှု များ အပေါ် အားကိုးပြုနေကြရသည်။
မေရီယာ ဗိုကွန် စကာယာ က သူမ၏ မှတ်တမ်းတွင် သူတို့အကြား ဆက်ဆံရေးသည် မိသားစုဝင်များ ကဲ့သို ခိုင်မြဲလာခဲ့ရသည်ဟု ရေးသားထားခဲ့သည်။ ဒုက္ခသုက္ခ ရောက်ခဲ့ရပုံ ခြင်းကလည်း တူနေကြပြန်၍ တဦး နှင့် တဦး ပွေ့ဖက် ကြိုဆို ခဲ့ကြခြင်းကြောင့်လည်း ဖြစ်သည်။ ထိုသို့ မိသားစုဝင် စိတ်ဓါတ်များ ပေါက်ဖွားလာခဲ့ခြင်းကပင် ရှေ့လျှောက် ကြုံတွေ့လာရမည့် အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ကြခြင်းလည်း ဖြစ်ပေသည်။
အစပိုင်းတွင် သူတို့သည် အကျဉ်းထောင် များ၊ စခန်း ဆိုသည်များ တွင် တကွဲတပြား နေခဲ့ကြရသော်လည်း နောက်ပိုင်း ၁၈၃၀ ခုနှစ် အရောက်တွင် နာချင့်စ် မြို့ စွန်ရှိ ပီထရောစကီး ဇာဗော့ စခန်း တွင် တစုတဝေးတည်း ဖြစ်လာခဲ့သည်။ ထိုစခန်းတွင် အမျိုးသမီးများ က သူတို့ကိုယ်တိုင် တဲတန်းလျား များ ဆောက်လုပ်ခဲ့ကြပြီး ထိုနေရာကို Lady Street ဟု အမည်ပေးလာခဲ့သည်။ ကုန်ကျစရိတ်များကို စိန့်ပီတာ စဘတ်ရှိ မိသားစုများ က တခါတရံ ပေးပို့သည့် ငွေများထဲမှ သုံးစွဲခဲ့ကြသည်။
မွေးဖွားချိန်မှစပြီး အခြွေအရံ သင်းပင်း များ နှင့် ခြေမွှေးမီးမလောင် လက်မွှေး မီးမလောင် နေလာခဲ့ကြရသည့် အမျိုးသမီးများသည် ယခုအခါ သူတို့၏ အသက်တချောင်း ကို မွေးမြူရန် နှင့် ခင်ပွန်းဖြစ်သူ တို့ အတွက် လည်း အထောက်အကူ ပြုရန် မည်သို့မည်ပုံ နေထိုင်သွားရမည်ကို သင်ကြား တတ်မြောက်လာခဲ့ကြပြီ ဖြစ်သည်။ ထို့အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး တတ်လာကြပြီး အချင်းချင်း ယိုင်နဲ့လာသော သွားများကိုပင် နှုတ်ပေးတတ်လာကြသည်။
သူတို့အထဲတွင် ဟင်းလျှာများကို ရှာဖွေ ချက်ပြုတ်ရာ တွင် အထူး ကျွမ်းကျင်သူသည် မင်းသမီး ကက်ယာ ထရူးဘက်စကွေးပင် ဖြစ်သည်။ မေရီယာ ဗိုကွန် စကာယာ သည်လည်း အဝတ်အထည် ချုပ်လုပ်ရာတွင် ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။ ထိုသို့ ကိုယ်တိုင်ကိုယ်ကျ လုပ်အား စိုက်ထုတ်ပြီး ချုပ်လုပ်နေရခြင်းသည် သူမအတွက် လက်ရှိ ဒုက္ခများမှ စိတ်ပြေလက်ပျောက် ဖြစ်စေပြီး ရွှေမြို့တော်ကြီးတွင် ကျန်ရစ်သည့် မိသားစုများ ကိုလည်း ခေတ္တခဏ ဆိုသလို မေ့ပျောက် ထားနိုင်ခဲ့သည်ဟု ဆိုသည်။
သူတို့ အားလုံး မဖြစ်မနေ ရင်ဆိုင်နေရသည့် အန္တရာယ်ကြီးက ဆိုးဝါး ပြင်းထန်လှသော အအေးဒဏ်ပင် ဖြစ်သည်။ သူတို့နေရသည့် ခနော်နီ ခနော်နဲ့ အိမ်များသည် သုံည ဒီဂရီ အောက် များစွာ ရောက်နေသော အအေးဒဏ်ကို မည်သို့များ အကာအကွယ် ပေးနိုင်ပေမည်နည်း။ အအေးဒဏ်ကို ကာကွယ်ရန် လုံလောက်သည် အနွေးဓါတ် ရှိမည့် အဝတ်အထည်၊ စောင်များလည်း မည်မည်ရရ မရှိပြန်၍ အခြေအနေများက တခဏ မဟုတ်ပဲ ရေရှည် တွေ့ကြုံရမည် သဘော ရှိနေသည်ကို သိလာကြသည်။
မာရီယာသည် ယောင်းမ ဖြစ်သူ အား ပေးပို့သည့် စာထဲတွင် အပူချိန်သည် ယခုအခါ အနှုတ် ၃၀ နှင့် ၂၅ ပတ်ဝန်းကျင် ရောက်လာပြီ ဖြစ်၍ နွေးထွေးလာပြီဟု ဝမ်းမြောက် ဝမ်းသာ ရေးသားခဲ့သည်၊ ထိုမျှ လောက် နိမ့်ဆင်းနေသော ဆိုက်ဘေးရီယား အအေးဓါတ်ကိုပင် နေသာထိုင်သာ ရှိလာပြီဟု အမွှန်းတင်ခဲ့သော သူမအား ရူးသွပ်သွားပြီလားဟုပင် ထင်စရာ ဖြစ်လာခဲ့သည်။
တွန်ဒရာ ရေခဲပြင်တွင် နောက်ထပ် ရင်ဆိုင်လာရသည့် အခက်အခဲ တခုကား လုံလောက်သည့် ဆေးဝါးများ မရှိခြင်းပင် ဖြစ်သည်။ ဆိုးဝါးလှသည့် အအေးဒဏ်ကြောင့် ဖျားနာလာမှုများကို ကုသရန် ဆေးဝါး မရှိသည့်အတွက် လွန်စွာ အန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်လာရသည်။ အထူးသဖြင့် ဒီဇင်ဘာ အိမ်ထောင်ရှင်များ နှင့် အတူ ပါလာသည့် ကလေးသူငယ်များ ကြောင့်လည်း ဖြစ်သည်။ သူတို့ အားလုံးသည် ဆိုက်ဘေးရီးယား ရောက်လာပြီးမှ သားသမီးများ ပို၍ ထွန်းကားလာခဲ့ကြသည်။ မွေးဖွားလာသော သားသမီးများကို ကြည့်၍ မိခင်များ၏ ပီတိသည် မကြာခဏ ဆိုသလို အလျှင်အမြန် ပျောက်ကွယ်သွားခဲ့ရစမြဲပင် ဖြစ်သည်။ မွေးကင်းစ နှင့် ရက်သား လသား အရွယ် ရှိသော ကလေးငယ် စုစုပေါင်း ၂၂ ယောက် သေဆုံးသွားခဲ့ပြီး ဖြစ်သည်။
မွေးကင်းစ ကလေး သူငယ်များ သေဆုံးမှုသည် ထိုအချိန်က ရင်ဆိုင်နေရသော အကြီးမားဆုံး အန္တရာယ်ကြီး ဖြစ်လာခဲ့သည်။ လုံလောက်သည် အဟာရ ဓါတ် နှင့် ဆေးဝါးများ ချို့တဲ့နေမှု ကြောင့် ရှေ့လျှောက်လည်း ထပ်၍ သေဆုံးရမည့် အလားအလာများကို ဒီဇင်ဘာ အိမ်ထောင်ရှင်များ ရင်ဆိုင်လာရပြီ ဖြစ်သည်။
နောက်ပိုင်း နှစ်ပေါင်း များစွာ အကြာတွင် ရုရှား တော်လှန်ရေး မယ် ဗီရာ ဖစ်ခ်နာ သည် ဒီဇင်ဘာ ပုန်ကန်မှု ၏ နှစ်တရာပြည့် အခမ်းအနားတွင် အိမ်ထောင်ရှင်များ ၏ ကိုယ်ကျိုး မငဲ့ကွက်ခဲ့မှုကို တခမ်းတနား ချီးကြူး ဂုဏ်ပြု ပြောဆိုခဲ့သည်။ ဗိုကွန် စကာယာ နှင့် ထရူးဘက်စကွေး တို့သည် ဆင်းရဲ့ချို့တဲ့စွာ နေထိုင်ခဲ့ရသည့် ကြားမှ သူတို့၏ ဘဝများကို အများ အတွက် ပေးဆပ်ခဲ့သူများ ဟု သူမက ဖေါ်ပြခဲ့သည်။
သူတို့၏ ခင်ပွန်းများသာမက အခြား နိုင်ငံရေး အကျဉ်းသားများ အတွက်လည်း အစားအသောက်များ ချက်ပြုတ်ကျွေးမွေး ရေး အတွက် တာဝန်ယူခဲ့ကြသည်။ တခါတရံတွင် မလောက်မငှ ဖြစ်လာမည့် အရေး ကြုံလာရချိန်တွင် သူတို့ အတွက် ခွဲတမ်းကို မစားပဲ အခြားလူများ အဆင်ပြေရန် စီစဉ်ခဲ့ကြရသည်။
ထရူးဘက်စကွေး သည် ရိုင်းဂျုံ နှင့် လုပ်ထားသော ပေါင်မုန့်အမည်း နှင့် ကဗားစ် ဟု ခေါ်သည့် အချဉ်ဖောက်ထားသည့် အဖျော်ရည်ကိုသာ အဓိက အားပြု စားသုံးခဲ့ရသည်။ ထိုသို့ အချဉ်ဖောက်နိုင်ရန် ပျက်စီးသွားသော ရှုးဖိနပ်များအား ပြင်ဖို့၊ သို့မဟုတ် အသစ်ချုပ်ဖို့ ရထားသည့် သူမတွင်ရှိ ပစ္စည်းပစ္စယာ များကို မသုံးပဲ ထားသဖြင့် ကက်ယာ မင်းသမီးသည် နှင်းများ ကျောက်တုံးများ အကြားတွင် အိပဲ့အိပဲ့ နှင့် သွားလာခဲ့ရသည်။