၁၈၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်သည် ရုရှား ဘုရင်တပ်ဖွဲ့ဝင်များ အားလုံး နန်းတက်လာသည့် ဇာဘုရင် အပေါ် သစ္စာခံပါမည့် အကြောင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြရသည့် နေ့ ဖြစ်သည်။ ယခင် ဇာဘုရင် ပထမ အလက်ဇန်းဒါးသည် ခေတ္တခဏ နာမကျန်း ဖြစ်ပြီးနောက် မမျှော်လင့်ပဲ ကွယ်လွန်သွားခဲ့သည်။ သူကွယ်လွန်ချိန်တွင် တရားဝင် ထီးနန်းဆက်ခံမည့် သားတော် သမီးတော် ဟူ၍ တဦးတလေမျှ မရှိခဲ့ပေ။ ထို့အတွက် သူ့နေရာတွင် မည်သူသည် ဘုရင် အဖြစ် ဆက်ခံသင့်သည် ဆိုသည်နှင့် ပတ်သက်၍ မရေရာ မသေချာ မှုများ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
အားလုံးက သူ၏ ညီတော် ဖြစ်သူ ကွန်စတန်တင်း မှ ဆက်ခံလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။ သို့သော် အလက်ဇန်ဒါး ဘုရင် မကွယ်လွန်မီ နှစ်အနည်းငယ်က မည်သည့် အကြောင်းကြောင့်မှန်း မသိရပဲ သူ့ကိုယ်တိုင် ထီးနန်း အရိုက်အရာ ကို ဆက်ခံရမည့် အိမ်ရှေ့စံ အဖြစ်မှ တိတ်တဆိတ် နှုတ်ထွက်သွားခဲ့ပြီး ဖြစ်သည်။ ထို့အတွက် နောက်ထပ် ညီ တဦး ဖြစ်သူ နီကိုလပ်စ် သည် သာ သူ့နေရာ တရားဝင် ဆက်ခံဖို့ ရှိလာသည်။
နီကိုလပ်စ် ကိုယ်တိုင်လည်း သူထီးနန်း အရိုက်အရာ ဆက်ခံမည့် အကြောင်းကို ကွန်စတန်တင်း ကိုယ်တိုင် ထုတ်ဖေါ်ပြောဆိုခြင်းဖြင့် အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ကွန်စတန်တင်းသည် နှုတ်ဆိတ်မြဲ နှုတ်ဆိပ်နေခဲ့သည်။ သူ့အနေဖြင့် ပါးစပ်က ထုတ်ပြောစရာ မလိုပဲ ကျေညာချက် ထုတ်ပြန်လိုက်ယုံနှင့် လုံလောက်ပြီဟု ယူဆနေ၍ ဖြစ်သည်။
ထို့အတွက် နန်းတော် အတွင်း အာဏာသိမ်းမည်၊ လျို့ဝှက် ခြေပုန်းခုတ်နေသည် ဆိုသော ကောလဟသ များ ပျံ့နှံ့လာခဲ့သည်။ ထိုကောလဟသများသည် အခြေအမြစ် မရှိပဲ ထွက်ပေါ်လာခြင်းမျိုးတော့ မဟုတ်ပေ။
လျို့ဝှက် နိုင်ငံရေး ပါတီ တခု ဖွဲ့ထားကြသော စစ်ဖက် အရာရှိ အချို့သည် ရုရှား အထက်လွှတ်တော်မှ နီကိုလပ်စ် အား သစ္စာခံ ပါမည် ဆိုသည့် ကျမ်းသစ္စာ ကျိန်ဆိုခြင်း မပြုနိုင်မီ လက်ဦးမှု ယူပြီး လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် နောက်တက်လာမည့် သက်ဦးဆံပိုင် ဘုရင်တပါး အပေါ် သစ္စာခံလိုစိတ် မရှိကြပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲ ပြဋ္ဌာန်းရန် နှင့် မြေကျွန် စနစ်ကို ဖျက်သိမ်းပစ်ရန် လိုလားနေကြသူများ ဖြစ်သည်။
ထိုသို့ ပြုလုပ်နိုင်ရန် စိတ်တူ ကိုယ်တူ သူကောင်း မျိုးနွယ်များ နှင့် နှစ် အတန်ကြာကတည်းက အကွက်ချ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သော်လည်း လုပ်ရမည့် အလုပ်ကို လက်မြန်ခြေမြန် မလုပ်နိုင်ခဲ့ပဲ နာရီပေါင်း များစွာ ကြာ အောင် နောက်ကျသွားခဲ့ကြသည်။
စိန့်ပီတာစဘတ် ရှိ လွှတ်တော် ရင်ပြင်ကြီးတွင် စစ်သည် ၂၀,၀၀၀ ခန့် စုစည်း နိုင်လိမ့်မည်ဟု တွက်ဆခဲ့ကြသော်လည်း တကယ်တမ်းတွင် ၃,၀၀၀ ခန့်သာ ရောက်ရှိလာခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း ခေါင်းဆောင် ဖြစ်သူ မင်းသား ဆာဂျေ ထရူးဘက်စကွေး သည် နောက်ဆုံးအချိန်ကျမှ သူရဲဘော ကြောင်ကာ လွတ်ရာကျွတ်ရာ ထွက်ပြေးသွားခဲ့၍ ကျန်နောက်လိုက်ငယ်သား များ မည်သူ့အမိန့်ကို နာခံရမှန်း မသိတော့ပဲ ဦးတည်ရာမဲ့ပြီး အခြေအနေများ ရှုပ်ထွေးလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
နီကိုလပ်စ်သည် ထိုသို့ ဖရိုဖရဲ နှင့် စုရုံးလာသော တပ်များကို သူ၏ သစ္စာခံ တပ်ဖွဲ့ဝင် ၁၂,၀၀၀ ခန့် နှင့် ပြန်ဝိုင်းခဲ့သည်၊ အပူချိန် သုံညအောက် ရှိနေသော အအေးဓါတ် လွှမ်းမိုးနေချိန်တွင်ပင် တပ်ဖွဲ့ နှစ်ဖွဲ့သည် တဖွဲ့ နှင့် တဖွဲ့ နာရီပေါင်း များစွာ ကြာအောင် မည်သို့မျှ လှုပ်ရှားမှု မရှိပဲ ရန်စောင်နေခဲ့ကြသည်။ တဖွဲ့နှင့် တဖွဲ့လည်း ကြောက်ပြီး ပြန်ဆုပ်သွားရန် မျှော်လင့်ချက် ဖြင့် ညာသံပေး၍ အော်ဟစ်နေသံများ ရံဖန်ရံခါ ထွက်ပေါ်လာသည်မှ အပ ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်နေသည်။
နောက်ဆုံးတွင် ဇာဘုရင် အသစ် အဖြစ် ဆက်ခံမည့် နီကိုလပ်စ်သည် သူ့တပ်များ အား တိုက်ခိုက်ရန် အမိန့်ပေးလာခဲ့သည်။ ထိုအခါတွင် တော့ သမိုင်းတွင် ဒီဇင်ဘာ သမားများဟု တွင်ကျန်ရစ်မည့် ပုန်ကန်သူများ ထွက်ပြေးသွားခဲ့သည်။
သို့သော်လည်း နောက်တနေ့မှာပင် အများစုကို လက်ရ ဖမ်းဆီးနိုင်ခဲ့ကြသည်။ နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ် ကြာသည် အထိ ထိတွေ့တိုက်ပွဲများ မဆိုသလောက် ဆက်လက် ဖြစ်ပွားခဲ့ပြီး နောက် နီကိုလပ်စ် တပ်များဖက်က လုံးဝဥသုံ အနိုင်ရရှိသွားခဲ့သည်။