စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု (၉)
၁၈၅၁ တွင် ဝိတိုရိယ ဘုရင်မကြီး၏ ကြင်ယာတော်အဲလ်ဘတ် မင်းသားကြီးသည် အနုပညာ နှင့် သိပ္ပံဘာသာရပ် များ တွင် ထူးချွန်သူများ ကို အားပေးအားမြှောက် လုပ်တတ်သူ ဖြစ်သည့် အားလျှော်စွာ စက်မှု တော်လှန်ရေး၏ ရှေ့ဆောင်လမ်းပြ ဖြစ်လာသည့် ဗြိတိန်၏ စွမ်းပကားများကြောင့် ကမ္ဘာတွင် အင်အားအကြီးဆုံး နိုင်ငံ အဖြစ် တက်လှမ်းလာခဲ့ပြီဟု ဆိုကာ ဈေးဗန်းခင်းလာခဲ့သည်။
ထိုသို့ ဈေးဗန်းခင်း ပြသလာမှုအား Great Exhibition အဖြစ် ထင်ရှားခဲ့ပြီး ဖန်သား နန်းဆောင်ကြီး အား မှန် နှင့် သံထည်များ သုံးကာ နောက်ဆုံးပေါ် အင်ဂျင်နီယာ အတတ်ပညာဖြင့် ဆောက်လုပ်ကာ ပြသခဲ့သည်၊ ထိုဖန်နန်းဆောင်ကြီးအား ကြည့်ရှုရန် ပြခန်းကြီး၏ အပြင်ဖက်တွင် သူ့ထက်ငှာ အလုအယက် ဝင်ခွင့်ရအောင် ကြိုးပမ်းနေကြသည့် လူများဖြင့် ကြိတ်ကြိတ်တိုး စည်းကားခဲ့သည်။
ထိုပြပွဲကြီးဖြင့် ဗြိတိန်သည် ကုန်ကြမ်းပစ္စည်းများ၊ စက်ယန္တရားများ၊ စက်မှု ကုန်ထုတ် လုပ်ငန်းများ နှင့် အနုပညာ လက်ရာများတွင် ထိပ်ဆုံးမှ အောင်မြင်မှု ရနေပြီ ဆိုသည်ကို ကမ္ဘာသိ ထုတ်ဖေါ်ပြသ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ မီးရထားလမ်းသစ်များ တိုးချဲ့ဖောက်လုပ်လာနိုင်ခဲ့ခြင်းနှင့် အတူ ဖန်နန်းဆောင်ကြီးအား လာရောက်ကြည့်ရှုသူ ပေါင်း တနှစ်လျှင် နှစ်သန်းခန့် ရှိလာခဲ့သည်။ (ပုံတွင် တွေ့မြင်နိုင်သည်)
ထိုအတွက် ဗြိတိန် နိုင်ငံသားများ၏ လူနေမှု ဘဝသည် ယခင်ကထက် ပိုမို တိုးတက်လာခဲ့ပြီလောဟု မေးစရာ ရှိလာသည်။ ဆယ်ကိုးရာစု နှစ် အလယ်ပိုင်းတွင် ဗြိတိန် နိုင်ငံသားများ၏ ဝင်ငွေသည် ပြီးခဲ့သည့် ရာစုနှစ်နှင့် စာလျှင် နှစ်ဆခန့် တိုးတက်လာခဲ့သည်။ အရပ်ရပ် ကြွယ်ဝမှုများသည် သင်္ချာနည်းအရ ထပ်ညွှန်းကိန်း တင်ခံရသည့် အလား တိုးပွားလာခဲ့သော်လည်း စက်မှု တော်လှန်ရေးကြီး၏ အသီးအပွင့်များကို လူတိုင်း ညီတူမျှတူ ခံစားရခဲ့ရခြင်းမျိုးတော့ ဖြစ်မလာခဲ့ပေ။
ထိုခေတ်က ပေါ်ပေါက်ခဲ့သော စာပေ အနုပညာများတွင် အလုပ်သမား ဆင်းရဲသား လူတန်းစားတို့၏ ဘဝသည် အချို့ကဏ္ဍများတွင် ယခင်ကထက်ပင် ပို၍ ဆိုးဝါးလာခဲ့သည်ကို ပြဆို ရေသားခဲ့ကြသည်ကို ဖတ်ရှုခဲ့ရသည်။ အဲလ်ဘတ် မင်းသားကြီးမှ စက်မှု တော်လှန်ရေး ကြီး၏ အောင်မြင်မှုများ အဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့သော်လည်း ဆင်းရဲသား နင်းပြားတို့၏ ဘဝသည် ပို၍ ဆိုးလာနေသည်ကို ၁၈၅၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော ချားလ် ဒစ်ကင်း၏ Hard Times ဝတ္ထုကြီးတွင် အထင်အရှား တွေ့မြင်ခဲ့ရသည်။
ဒစ်ကင်းသည် သူ၏ ဝတ္ထုကြီးအား စိတ်ကူးဖြင့် ဖန်တီးထားသည့် ကုတ်တောင်း မြို့ရှိ စက်မှု လုပ်ငန်းများ ထွန်းကားရာ ဝန်းကျင်အား မျှော်လင့် အားရစရာ မကောင်းလှသည့် အနေအထားမျိုး ဖြင့် ဇာတ်အိမ်တည်ထားခဲ့သည်။
"စက်ယန္တရားများ နှင့် မြင့်မားလှသော မီးခိုးခေါင်းတိုင်များမှ မီးခိုးလုံးများသည် ကောင်းကင်ယံတွင် အဆုံးမရှိ ရှည်လျားလှသည့် မြွေနဂါးကြီးတွန့်လိမ်ကောက်ကွေးစွာ ကနေသကဲ့သို့ မရပ်မနား ထွက်ပေါ်နေခဲ့သည်။ မဲညစ်ညစ် အဆင်းရှိ တူးမြောင်းကြီးတခု နှင့် အနံအသက် ဆိုးဝါးလှသည့် ဆိုးဆေးများကြောင့် ခရမ်းရောင် ဖြစ်နေသော ရေများ စီးဆင်းနေသည့် မြစ်တစင်း လည်း မြို့တွင် ရှိနေသည်။
"Hard Times" ဝတ္ထုကြီးထဲတွင် ဗြိတိန်၏ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုသည် အလုပ်သမား လူတန်းစားအတွက် အကျိုးဖြစ်ထွန်းခဲ့ခြင်း ရှိမရှိ ဆိုသည့် မေးခွန်းများ နှင့် နပန်းလုံးလာခဲ့သည်။
အဆိုပါ ဝတ္ထု၏ ဇာတ်ကောင်တဦး ဖြစ်သော ကျောင်းဆရာတဦးမှ ဗြိတိန်သည် ရှင်သန်ကြီးထွားလာနေဆဲ နိုင်ငံ ဖြစ်သည်ဟု ဆိုလာသည်။ ၎င်း၏ အပြောကို အလုပ်သမား လူတန်းစားကြားမှ လူဖြစ်ကြီးပြင်းလာခဲ့သည့် ဆစ်စီ ဆိုသည့် ကျောင်းသူတဦးမှ ဘယ်သူတွေ လက်ထဲ ပိုက်ဆံ ဘယ်လောက်ရှိနေပြီ ဆိုသည်ကို မသိရမခြင်း သူမ၏ နိုင်ငံသည် ဖွံ့ဖြိုးကြွယ်ဝခြင်း ရှိမရှိကို တပ်အပ်သေချာ မပြောနိုင်ဟု ဆရာဖြစ်သူ၏ စကားကို စာသင်ခန်းထဲတွင် တုန့်ပြန်ပြောဆိုလာသည်။ သူမ၏ မိသားစုတွင်တော့ ပိုက်ဆံ မရှိသည်က သေချာသည်ဟုလည်း ဆိုသည်။
၁၈၁၁ ခုနှစ်တွင် အင်္ဂလန်ရှိ စက်မှုထွန်းကားရာ မြောက်ပိုင်းဒေသများရှိ အလုပ်သမားများသည် ဝါ နှင့် သိုးမွှေး လုပ်ငန်းများတွင် အသုံးပြုနေသော စက်များအား မိမိတို့ အလုပ်ကို ထိခိုက်အောင် ဖန်တီးလာသည် ဆိုကာ ဖျက်ဆီးပစ်ခဲ့ကြသည်။
ပါလီမန်မှ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို မည်သည့် နည်းနှင့်မျှ သည်းငြည်းခံလိမ့်မည် မဟုတ်ဆိုသည်ကို ပြသသည့် အနေနှင့် ထိုသို့ ဖျက်ဆီးမှု ကို သေဒဏ်ချမှတ်နိုင်သည့် ဥပဒေကို ချက်ခြင်းဆိုသလို ပြဋ္ဌာန်းလာခဲ့သည်။ ထိုဥပဒေဖြင့် ၁၈၁၃ တွင် အလုပ်သမား ၁၇ ဦးသည် ကြိုးပေးကွပ်မျက် ခံခဲ့ရပေသည်။