စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု (၈)
ဝမ်းရောဂါသည် ညစ်ပတ်နံစော်ပြီး ကျပ်တည်း မွန်းကျပ်စွာ နေထိုင်နေရသည့် မြို့ပြ လူမှုဘဝ၏ ပုံမှန် ဘေးထွက် ပစ္စည်း ဖြစ်လာခဲ့သည်။ မသန့်ရှင်းသော လေထုမှ ကူးစက်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆလာခဲ့သည်။
၁၈၅၄ ခုနှစ်တွင် ဝမ်းရောဂါဖြင့် လူပေါင်း တသောင်းခန့် သေဆုံးခဲ့ရပြီးနောက်တွင်မှ ဆေးပညာရှင် တဦး ဖြစ်သည့် ဂျွန် စနိုးမှ ဝမ်းရောဂါသည် လေထဲမှ မဟုတ်ပဲ ရေမှ တဆင့် ကူးစက်ခဲ့ခြင်း ဖြစ်သည်ဟု အခိုင်အမာ သက်သေပြနိုင်ခဲ့သည်။
ထိုသို့ လူပေါင်း တသောင်းခန့်အထိ သေဆုံးခဲ့ရသည့် တရားခံသည် လန်ဒန် ၏ ဆိုဟို ရပ်ကွက် ဘရော့ လမ်းရှိ ရေဘုံပိုင်မှ ဖြစ်ကြောင်း ခြေရာခံနိုင်ခဲ့သည်။
ထိုလမ်းတွင် အနှံ့အပြား ရှိနေသော မိလ္ဘာတွင်းများထဲရှိ လူခန္ဓာကိုယ်မှ အညစ်အကြေးများသည် ရေဖြန့်ဖြူးသည့် ပိုက်လိုင်းများထဲသို့ စိမ့်ဝင်လာခဲ့ခြင်းပင် ဖြစ်သည်။ ဘရော့လမ်းရှိ ရေဘုံပိုင်သည် ဝမ်းရောဂါ ဖြစ်ပွားရခြင်း၏ တရားခံ ဖြစ်သည်ကို သက်သေပြနိုင်ခဲ့ပြီးနောက်တွင် ယင်းအား ချိတ်ပိတ်ပစ်ခဲ့ပြီးနောက်တွင် ရောဂါ ဖြစ်ပွားမှုလည်း ရပ်တန့်သွားခဲ့သည်။
ဂျွန် စနိုး၏ ရှာဖွေဖေါ်ထုတ် နိုင်ခဲ့မှု၏ အကျိုးဆက်အဖြစ် လူထု ကျန်းမာရေး အတွက် အစိုးရ မှ မဖြစ်မနေ တာဝန်ယူလာခဲ့ရသည်အထိ ဖြစ်လာခဲ့သည်။အမတ်များပင် ဝမ်းရောဂါ ဖြစ်လာခဲ့၍ ထိုအရေး အပေါ် ပါလီမန်မှ စိတ်ဝင်တစား ဖြစ်လာခဲ့သည်။
၁၈၅၈ ခုနှစ်တွင် အလွန်အမင်း ပူပြင်းလာသော ရာသီဥတု နှင့်အတူ သိမ်းမြစ်ကြီးထဲသို့ မိလ္လာ အညစ်အကြေးများ ယခင်ကထက် ပို၍ စီးဝင်လာခဲ့မှု နှင့် ကြုံလာခဲ့ရသည်။ အနံ့အသက်များ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေ၍ ပါလီမန် ကို ရပ်ဆိုင်းပစ်ခဲ့ရသည် အထိ ဖြစ်လာခဲ့သည်။ ထိုဖြစ်ရပ်အား Great Stink အနံ့ဆိုးကြီး ကာလ ဟု နှောင်းလူတို့ အမည်ပေးခဲ့ကြသည်။
ဗြိတိသျှ အောက်လွှတ်တော်ရှိ လိုက်ကာများ အားလုံးကို ထုံးဓါတ်ပါဝင်သော ကလိုရိုက် ဆေးရည်များ ရွှဲရွှဲစိုအောင် ပက်ဖျန်းခဲ့ကြသည်။ ဤသို့ဖြင့် ပါလီမန်မှ မြိုတော် အတွက် မိလ္လာစနစ်ကို တည်ဆောက်ရန် နှင့် ရေစီးရေလာ ကို ထိန်းချုပ်ရန်၊ သိမ်းမြစ်ကမ်းပါးတလျှောက် တာတမံများ တည်ဆောက်ရန် လုပ်ငန်းများကို အတည်ပြုပေးလာခဲ့သည်။
၁၈၆၆ ခုနှစ်တွင် လုပ်ငန်းများ ပြီးဆုံးသွား၍ လန်ဒန် မြို့တော်ကြီးသည် အနံ့အသက်များ ကင်းစင်သွားပြီး ကျန်းမာရေး နှင့် ညီညွတ်လာသည်။ နောက်ထပ် မြို့တော်၏ လူနေမှု ဘဝကို ထပ်မံ ပြောင်းလဲပေးနိုင်ခဲ့သည်က ဓါတ်ငွေ့နှင့် ထွန်းညှိရသော လမ်းဘေးမီးတိုင်များ ပေါ်ထွက်လာခဲ့၍ မြို့တော် သည် ၁၈၀၇ ခုနှစ်မှစ၍ မီးတထိန်ထိန် နှင့် ဖြစ်လာခဲ့သည်။
၁၈၆၃ ခုနှစ်တွင်တော့ ကမ္ဘာပေါ်တွင် ပထမဆုံး မြေအောက် မီးရထားကို ပြေးဆွဲနိုင်ခဲ့၍ မြိုတော်၏ လူနေမှု ဘဝသည်လည်း ပြောင်းလဲသွားခဲ့ရပြန်ပေသည်။ ပထမဆုံး စတင် ဖွင့်လှစ်သည့် တနေ့တည်းမှာပင် လူပေါင်း သုံးသောင်းခန့်သည် ၁၈ မိနစ်ကြာ သွားရသော ပက်ဒင်ဂန် နှင့် ဖာရင်ဒန် ဘူတာအကြား ခရီးစဉ်ကို လိုက်ပါစီးနင်းခဲ့ကြသည်၊ သစ်သား ရထားတွဲများ နှင့် ဖြစ်ပြီး အထဲတွင် ဓါတ်ငွေ့ မီးလုံးများ တပ်ဆင် ပေးထားခဲ့သည်။
မြို့ပြ ရှိ အလုပ်သမား လူတန်းစား များ အတွက် လူကြိုက်များသည့် အပန်းဖြေစရာ တခုအဖြစ် ထွက်ပေါ်လာခဲ့သည်က အတူဝိုင်းဖွဲ့ သောက်စားနိုင်သည့် အရက်ဆိုင်များ ပင် ဖြစ်သည်။ မိမိတို့ အိမ်တွင်း မွန်းကျပ်စွာ နေထိုင်နေရမှု ကို သက်သာရာ ရရာ ရကြောင်း အဖြစ် လမ်းများပေါ် နှင့် အရက်ဆိုင်များတွင် လူစည်ကားလာခဲ့သည်။
ပြတိုက်များ၊ စာကြည့်တိုက်များ၊ ပြဇာတ်ရုံများ၊ အော်ပရာရုံများလည်း မှိုလိုပေါက် ထွက်ပေါ်လာခဲ့သည်။ ယင်း နှင့် အတူ ဘော်လုံးကစားခြင်းသည်လည်း ခေတ်စားလာခဲ့သည်။
ဘော်လုံးကစားခြင်းသည် အင်္ဂလန်တွင် ရာစု နှစ်ပေါင်းများစွာကတည်းက ရှိခဲ့ပြီး ဖြစ်သော်လည်း ကစားနည်း စည်းမျဉ်း စည်းကမ်းများကို ဆယ့်ကိုးရာစုနှစ်လယ်ကျမှ စနစ်တကျ ပြဋ္ဌာန်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ မီးရထား လမ်းသစ်များ ကြောင့်လည်း ဘော်လုံး အသင်းများ နှင့် ပွဲကြည့် ပရိသာတ်များသည် တနေရာ မှ တနေရာသို့ အလွယ်တကူ သွားလာနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် ဘော်လုံးကစားခြင်းသည် ဗြိတိသျှ တို့ အတွက် အရူးအမူး စွဲလန်းစရာ အားကစားတရပ် ဖြစ်လာခဲ့ရပေသည်။