သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(80)

by Hla Soewai - Dec 13 2022

စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု (၇)

 

အလုပ်သမားများသည် စက်ရုံအလုပ်ရုံများသို့ လမ်းလျှောက်သွား၍ ရသည့် အကွာအဝေး အတွင်း တွင်သာ စုပြုံနေထိုင်ခဲ့ကြသည်။ မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်သည် သူတို့ အတွက် လွန်စွာ မှ ဈေးကြီးနေသော ကြောင့်လည်း ဖြစ်သည်။ လန်ဒန်တွင် ၁၈၂၉ ခုနှစ်မှစ၍ ပြေးဆွဲပေးနေသော ဘတ်စ်ကားသည် လူတယောက်လျှင် တရှီလင် ပေးရသောကြောင့် အလုပ်သမား လူတန်းစား များ အတွက် မည်သို့မျှ အလှမ်းမမှီနိုင်သော ငွေကြေး ပမာဏ လည်း ဖြစ်နေသည်။

 

စက်မှုတော်လှန်ရေး နှင့် အတူ လျှင်မြန်စွာ ဖွံ့ဖြိုးလာနေသော မြို့ပြ လူနေမှုသည် လန်ဒန်တွင်သာမက အခြားနေရာအသီးသီးတွင် ယခင်ကကဲ့သို့ မဟုတ်တော့ပဲ လူတန်းစား အလွှာ အသီးသီးအား ပိုင်းခြားပေးလိုက်သကဲ့သို့ ဖြစ်လာခဲ့ရသည်။ လူလတ်တန်းစားများ နှင့် အထက်တန်းလွှာများသည် ဆင်းရဲသား ရပ်ကွက်များတွင် ပြည့်တန်ဆာများ၊ မူးယစ်သောက်စား ရမ်းကားသူများ နှင့် ရာဇဝတ်မှုများ ထူပြောရာ အရပ်ဆိုကာ မပတ်သက်အောင် တတ်နိုင်သရွှေ့ ရှောင်ရှားလာကြသည်။

 

စက်ရုံအလုပ်ရုံ ပိုင်ရှင်များနှင့် ပါလီမန် အမတ်များကပင် ထိုကဲ့သို့ လူမှုရေး နာမကျန်းဖြစ်နေမှုများသည် မလောက်မငှ လုပ်ခလေးဖြင့်  အသက်ကို ကြံဖန်မွေးမြူနေကြရသူများအား အစိုးရမှ တာဝန်ယူမှု၊ ဥပဒေကြောင်းအရ ကာကွယ်မှု မပေးခဲ့ခြင်းကြောင့်ဟု မယူဆပဲ မွေးရာပါ အကျင့် စာရိတ္တ ချို့ယွင်းမှု များ မှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ရှုမြင်ခဲ့ကြပြန်သည်။

 

စေတနာဝန်ထမ်း အဖွဲ့များသည်ပင် နှောင်ကြိုးများ အထပ်ထပ် ရစ်ပတ်ပြီးမှ မပေးချင် ပေးချင် နှင့် အကူအညီများ ပံ့ပိုးပေးခဲ့ကြသည်။ ၁၈၃၄ ခုနှစ်တွင် ပြင်ဆင်ခဲ့သော လူဆင်းရဲ ဥပဒေ တွင် အလုပ်ရုံများ တွင် နေသူများကို အလုပ်ရှင်က ထောက်ပံ့ကြေး ပေးရမည်ဟု ပါရှိလာခဲ့သည်။ သို့သော် လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့သည့် စည်းကမ်းချက် များစွာ နှင့် ဖြစ်နေပြန်၍ ခံစားခွင့်များ ရရန် မိသားစုများ တကွဲတပြား ဖြစ်ကုန်ကြပြီး တခါတရံ တွင် မည်သို့မျှ ပြန်လည် ဆုံစည်းခွင့် မရှိကြတော့ပေ။

 

လူများ သည် မြို့ကြီးများတွင် စုပြုံပြီး ကျပ်တိကျပ်တည်း နေထိုင်ခဲ့ကြရ၍ လေဝင်လေထွက် ကင်းမဲ့နေပြီး၊ လေနှင့် အတူ ပါလာသော တုတ်ကွေး၊ နမိုးနီယား၊ အဆုတ်ရောင် ရောဂါများ အပြင် ဒင်းကြမ်းပြည့်နေသော အမှိုက်ပုံများ၊ အညစ်အကြေး များ နှင့် မသန့်ရှင်းသော ရေများမှ တိုက်ဖွိုက်နှင့် ဝမ်းရောဂါများ ကူးစက်ခံခဲ့ကြရသည်။

 

တရပ်ကွက်လုံးတွင်ရှိ ရေဘုံဘိုင်တခု တွင် လူပေါင်း ရာချီပြီး သောက်သုံးရေ၊ ချိုးရေ များ ရဖို့အရေး တန်းစီစောင့်ဆိုင်းခဲ့ကြရသည်။ သို့သော် ထိုရေဘုံဘိုင်သည် တပတ်လျှင် နာရီ အနည်းငယ်မျှသာ ရေလွှတ်ပေးတတ်သဖြင့် အိမ်တွင် ရှိ သမျှ ရေပုံးများ ပြည့်ဖို့ အရေး နာရီပေါင်း များစွာ အကြာကြီး စောင့်ဆိုင်းနေကြရပြန်သည်။ ဆင်းရဲသား ရပ်ကွက်များ တွင် တကိုယ်ရေ သုံး ရေအိမ်များလည်း မရှိပေ။ ထို့အတွက် လူများသည် ညစ်ပတ်နံစော်ပြီး ရောဂါဘယ ထူပြောသည့် ပတ်ဝန်းကျင်တွင် လူ့ဂုဏ်သိက္ခာမဲ့စွာ နေထိုင်ခဲ့ကြရသည်။

 

၁၈၄၉ ခုနှစ်တွင် လန်ဒန် အရှေ့တောင်ပိုင်းရှိ ဘာမန်ဇီး ရပ်ကွက်ကြီး တွင် ဝမ်းလျှောရောဂါဖြင့် လူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရမှုကြီး ဖြစ်ပွားခဲ့ရခြင်း၏ အကြောင်းရင်းကို စုံစမ်းရေးသားရန် သတင်းစာဆရာ ဟင်နရီ မေဟူးသည် ထိုရပ်ကွက်သို့ ရောက်ရှိလာခဲ့သည်။ ထိုရပ်ကွက်နေ လူများသည် တရိစ္ဆာန် အသေကောင်များ၊ လူ့အညစ်အကြေးများ ရောနှောပါလာသည့် ရေများ သောက်သုံးနေကြရသည့် အဖြစ်ကို မျက်ဝါးထင်ထင် တွေ့မြင်သွားခဲ့သည့် မေဟူးသည် “ညစ်ပတ်နံစော်နေသည့် တူးမြောင်း” တွင်းမှ ရေများကို သောက်သုံးရေ အဖြစ် သုံးစွဲခဲ့ကြရသည် ဟု ရေးသားခဲ့သည်၊ ထိုအကြောင်းအရာများကို စာရေးဆရာ ကြီး ချားလ်ဒစ်ကင်းမှ သူ၏ “Oliver Twist” စာအုပ်ကြီးတွင် ထည့်သွင်း ရေးသားခဲ့ပြန်သည်။

 

သူ၏ စာအုပ်တွင် လန်ဒန်တောင်ပိုင်းရှိ ဆင်းရဲသား ရပ်ကွက်များတွင် နေကြရသည့် အခန်းများသည် ကျဉ်းမြောင်းလွန်းလှသည့် အပြင် ရှုရသည့် လေများတွင်လည်း ဖုန်မျာ၊ အညစ်အကြေးများ ရောနှောပါဝင်လာနေသည်ဟု ဖေါ်ပြခဲ့သည်။