စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု (၅)
ဝိတိုရိယ ဘုရင်မကြီး၏ ကြင်ယာတော် အဲဘတ် မင်းသားသည် မီးရထားလမ်း ဖြစ်မြောက်အောင် ပထမဦးဆုံး ထောက်ခံ ပြောဆိုလာခဲ့သူ ဖြစ်သည်။ ဘုရင်မကြီးသည် ၁၈၄၂ ခုနှစ်တွင် စလောက်ခ်ျ မှ ပက်ဒင်တန် မြို့သို့ ပထမဆုံး အကြိမ် အဖြစ် မီးရထားဖြင့် ခရီးထွက်ခဲ့သည်၊ ထိုခရီးစဉ်အားလည်း "သက်တောင့်သက်သာ ရှိပြီး မြန်ဆန်ပါပေသည်" ဟု ခရီးစဉ် အဆုံးတွင် ထုတ်ဖေါ်ပြောဆိုလိုက်ခြင်းဖြင့် ဘေးအန္တရာယ် ဖြစ်နိုင်သလောဟု ဆိုကာ စိုးရိမ်မကင်း ဖြစ်နေသော ဗြိတိသျှ လူထုကြီး အတွက် ရင်အေးစရာ ဖြစ်သွားခဲ့ရသည်။
ထို့နောက်တွင် ရထား အချင်းချင်း တိုက်ခိုက်မှု များအား ရှောင်လွှဲနိုင်ရန် အချိန်ဇယား များ အတိအကျ ရေးဆွဲခဲ့ကြသည်၊ ၁၈၄၇ တွင် ဗြိတိသျှ မီးရထား ကြီးကြပ်ရေး ဌာနမှ ဘူတာများ အားလုံး ရထား အချိန်စာရင်းကို ဂရင်းနစ် စံတော်ချိန် ဖြင့် ထုတ်ပြန်ရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် မကြာမီ မှာပင် အင်္ဂလန် တနိုင်ငံ လုံးအတွက် Time Zone ကို တပြေးညီ သတ်မှတ်ပေးနိုင်ခဲ့သည်။
စက်မှု တော်လှန်ရေးကြီး မတိုင်မီက ဗြိတိသျှ စက်မှု လုပ်ငန်း မှ ထွက်ကုန်များသည် တကမ္ဘာလုံး၏ ၂ ရာနှုန်း ခန့်သာ ရှိခဲ့ရာမှ ဆယ်ကိုးရာစု နှစ် အလယ်ပိုင်းလောက်တွင် ၂၀ ရာနှုန်းသည် တဖြေးဖြေး တိုးတက်လာခဲ့သည်။
စက်မှုလုပ်ငန်း ထွန်းကားလာခဲ့သော်လည်း ဗြိတိသျှ ဝါဂွမ်းလုပ်ငန်း တွင် မမျှတမှုများက ဆက်၍ ရှိနေဆဲပင် ဖြစ်သည်။ ဝါဂွမ်းထုတ်လုပ်မှု တိုးမြင့်လာခြင်းကြောင့် အထည်အလိပ်ဈေးနှုန်းများ ကျဆင်းလာသဖြင့် စက်မှု နိုင်ငံများရှိ သာမန် ပြည်သူလူထု သည် ဈေးနှုန်းချိုသာစွာ ဝယ်ယူ နိုင်ခဲ့ကြသည်။ ယင်းနှင့် အတူ ကျွန်ကုန်ကူးသည့် လုပ်ငန်းလည်း အရှိန်ရလာခဲ့ပေသည်။
ဝါဂွမ်းလုပ်ငန်း မှ လွန်စွာ အမြတ်အစွန်းများ ပိုလျံလာသဖြင့် အမေရိကားရှိ စိုက်ခင်းများတွင် ခိုင်းစေရန် ကျွန်များ အပူတပြင်း လိုအပ်လာခဲ့သည်။ Spinning jenny ယက္ကန်းစက်ကြီး လူကြိုက်များ တွင်ကျယ်လာပြီးနောက်တွင် အာဖရိကမှ အမေရိကား သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် လူမည်းအရည်အတွက်သည် ယခင်ကထက် နှစ်ဆခန့် ဖြစ်လာခဲ့သည်။
၁၈၁၉ ခုနှစ်တွင် ရေနွေးငွေ့ စွမ်းအင် ဖြင့် မောင်းနှင်သော ဆာဗာနား ပင်လယ်ကူး သင်္ဘောကြီးသည် (ပုံတွင်ရှု) အတ္တလန်တိတ် သမုဒ္ဒရာကို အောင်မြင်စွာ ဖြတ်ကျော် ခုတ်မောင်းနိုင်ခဲ့ပြီးနောက်တွင်တော့ သမုဒ္ဒရာဖြတ် ကူးသန်း သွားလာမှုများ လျင်မြန်စွာ ဖြစ်ထွန်းလာခဲ့တော့သည်။ ယခင်က ရွက်လွှင့် ကုန်ကူးရသည့် ဘဝမှ သင်္ဘောဖြင့် ကုန်စည်များ သယ်ဆောင်နိုင်ပြီ ဖြစ်၍ ကုန်သွယ်ရေး ကဏ္ဍသည် အဆပေါင်းများစွာ တိုးပွားလာခဲ့ပြန်သည်။
အစပိုင်းတွင်တော့ အလုပ်လုပ်ကိုင် နိုင်စွမ်း ရှိသောအလုပ်သမား အင်အား သည် စက်ရုံ အလုပ်ရုံ ပိုင်ရှင်များ လိုအပ်သည်ထက် ပိုလျှံနေခဲ့သည်။ ထို့အတွက် အလုပ်သမား များ အပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နိုင်သည့် အခွင့်အလန်းများ ရလာခဲ့ကြသည်။
အလုပ်ရှင်များသည် အလုပ်သမားများ စားဝတ်နေရေး ဖူလုံစေမည့် လုပ်ခကို ပေးဖို့ စိတ်ကူးထဲပင် ထည့်မထားခဲ့ကြပေ။ ၎င်းတို့ အတွက် ကျွမ်းကျင် အလုပ်သမားဟူ၍ မဖြစ်စလောက်သာ လိုအပ်ပြီး များသောအားဖြင့် ကိုယ်လက်အင်္ဂါ ပြည့်စုံလျှင်ပင် ခိုင်း၍ ရနေသည့် အခြေအနေမျိုး ရှိနေသောကြောင့် လည်း ဖြစ်သည်။ ထိုသို့ သော အလုပ်သမားများ အဖို့က အလုပ်သမား အင်အားထုကြီး၏ အောက်ခြေတွင်သာ တဝဲဝဲ တလည်လည် ဖြင့် နဖူးက ချွေး ခြေမကျသည်အထိ ရုန်းကန်နေခဲ့ကြရသည်။