သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(76)

by Hla Soewai - Dec 02 2022

စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု (၃)

 

ယခုတင်ပြမည့် အကြောင်းအရာသည် စက်မှု ထွန်းကားလာမှု ဖြစ်စဉ်ကြောင့် မည်သို့မည်ပုံ ကုန်ထုတ်စွမ်းအား နှင့် ဈေးကွက်ကို တခေတ်ပြောင်းစေခဲ့သည် ဆိုသည်ပင် ဖြစ်သည်။ စက်မှုတော်လှန်ရေးသည် အထည်အလိပ် လုပ်ငန်းမှ စတင်လာခဲ့ပြီး ထိုမှတဆင့် အသက်ရှု မှားစေလောက်သည့် တိုးတက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်မှာ ယနေ့ခေတ် တိုင်အောင်ပင် ဖြစ်သည်။ စက်မှု လုပ်ငန်းများ တိုးတက် ဖြစ်ပေါ်လာခြင်းအား အဘယ်အတွက်ကြောင့် တော်လှန်ရေး ဟု ခေါ်ဝေါ်ခဲ့ရသည့် အထိ ဖြစ်ပေါ်လာခြင်းကို ဆန်းစစ် တင်ပြသွားမည် ဖြစ်သည်။

 

စက်မှု တော်လှန်ရေးကြီး ၏ အစပိုင်း ကာလများတွင် ထူးထူးခြားခြား တိုးတက်လာမှု မရှိပဲ ကကြီးခခွေး အဆင့်မျှသာ တက်လှမ်းနိုင်ပေသေးသည်။ သို့သော် ဂျိမ်းစ် ဟာဂရိဗ် ဆိုသူသည် Spinning jenny ခေါ် ဘီးတဘီး တပ် ယက္ကန်း အဆင့်မှ ဘီး ခြောက်ဘီးအား တပ် ယက္ကန်း အဖြစ် တီထွင်နိုင်ခဲ့ခြင်း ကြောင့် အထည်ယက်လုပ်သည့် လုပ်ငန်း သည် အိမ်တွင်းမှု အဆင့်မှ စက်ရုံအလုပ်ရုံများ တည်ထောင်လုပ်ကိုင်သည် အထိ ကူးပြောင်းခဲ့သည်၊ အလားတူ ရေနွေးငွေ့သုံး အင်ဂျင်များ တီထွင်လာနိုင်ခြင်းသည်လည်း တခေတ်ဆန်းစေခဲ့သည်။

 

ဘောဂဗေဒ သမိုင်းပညာရှင် အာနိုး တွိုင်ဘီ က ရေနွေးငွေ့သုံး အင်ဂျင် နှင့် အက်ဒမ် စမစ် ၏ “နိုင်ငံများ၏ ဓန” ကျမ်းသည် ကမ္ဘာဟောင်းကို မှောက်လှန်ကာ ကမ္ဘာသစ်ဆီသို့ ခြေလှမ်း စနိုင်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တီထွင်လာမှုများ ကြောင့် ထိုခေတ်က လူများ၏ လူနေမှု ဘဝများ မည်သို့ မည်ပုံ ပြောင်းလဲခဲ့ရသည်ကို အဓိက ထား တင်ပြသွားမည် ဖြစ်သည်။

 

စက်မှု တော်လှန်ရေးကြီးသည် စက်ရုံ အလုပ်ရုံ များ၏ နံရံ လေးဖက် အတွင်း၌သာ တင်းတိမ်မနေပဲ မြို့ရွာများ တည်ထောင်ကာ ကုန်သွယ်ရေး လမ်းကြောင်းကိုပါ ပြောင်းပစ်လာခဲ့သည်။ ယင်းနှင့်အတူ နိုင်ငံရေး စနစ်များ ပြန်လည် ပုံဖေါ်လာခဲ့ရပြီး စစ်ပွဲများ ဆီသို့လည်း ဦးတည်သွားခဲ့သည်။ လူတို့၏ ယဉ်ကျေးမှု နှင့် လူမှု ဆက်ဆံရေး အနေအထားများလည်း ပြောင်းလဲခဲ့ရပြန်သည်။ ထိုသို့ ပြောင်းလဲပစ်စေသည်အထိ အစပျိုးပေးခဲ့သည်က လယ်ယာစိုက်ပျိုးရေးပင် ဖြစ်သည်။

 

စက်မှု တော်လှန်ရေးကြီး မဖြစ်ပွားမီအထိ ဥရောပတိုက်သားများသည် ဝမ်းရေး ဖူလုံရန် စိုက်ပျိုးရေးကိုသာ အဓိက ထား လုပ်ကိုင်နေကြဲဆဲပင် ဖြစ်သည်။ သီးနှံများ စိုက်ပျိုးပြီး အိမ်တွင်း ဝမ်းစာဖူလုံအောင် စားကုန်များ အဖြစ် ကြံဆလုပ်ကိုင်ခဲ့ကြသည်။ မိသားစုအားလုံး တယောက်မကျန် လယ်ကွင်းထဲတွင် ဝိုင်းဝန်းလုပ်ကိုင်ခဲ့ကြသည်။ တရိစ္ဆာန် မွေးမြူရေး နှင့် အိမ်တွင်း စားကုန်များ အဖြစ် သိုလှောင်နိုင်ရေး အတွက်လည်း ကူညီပေးခဲ့သည်။

 

ဆယ်ရှစ်ရာစုနှစ် အစတွင်တော့ တရိစ္ဆာန် အစာအဖြစ် သုံးပွင့်ဆိုင် ပဲရိုင်းပင်များ၊ ခါးဖုဖြူ သီးနှံများကို အသုံးပြုလာနိုင်သဖြင့် လယ်ယာကုန်ထုတ်လုပ်ငန်းသည် သိသိသာသာ တိုးတက်လာခဲ့သည်။ နိုက်ထရိုဂျင် ဓါတ် အပြည့်အဝ ရသော အဆိုပါ အပင်များသည် မြေဆီ မြေဩဇာ အဖြစ်  ပြန်လည် ဖြည့်တင်း‌ပေးနိုင်ခဲ့သည်။

 

ထိုမတိုင်မီက မြေဆီလွှာများ ခမ်းခြောက်မသွားစေရန် လယ်မြေ အစိတ်အပိုင်း အတော်များများကို ပလပ် ထားခဲ့ရသည်။ သို့သော်လည်း ဆောင်းရာသီ တွင် သီးနှံ အသစ်များ စိုက်ပျိုးလာနိုင်ကြသဖြင့် တရိစ္ဆာန် အစာ အဖြစ် အသုံးပြုနိုင်ခဲ့သည်။ ဤသို့ဖြင့် မြေယာများကို တနှစ်ပတ်လုံး ထွန်ယက် အသုံးချ လာခဲ့ကြသည်။

 

အအေးဓါတ် ပြင်းထန်လှသော ဆောင်းရာသီများတွင် တရိစ္ဆာန် အစာကို စိုက်ပျိုး နိုင်စွမ်း ရှိလာသဖြင့် သဘာဝ မြေဩဇာ ဓါတ်များ တိုးပွားလာခဲ့၍ သီးနှံ အထွက်နှုန်း ကောင်းလာခဲ့သည်။

 

နောက်ထပ် သီးနှံများ အဖြစ် အာလူး နှင့် ပြောင်းကိုပါ စိုက်ပျိုးရကောင်းမှန်း သိလာကြသည်၊ ထိုခေတ်ကာလများအတွင်း ဥရောပတိုက်သားများသည် စားနပ်ရိက္ခာ အတွက် ပူပင်စရာ မလိုအောင် ဖူလုံခဲ့ကြသည်။ ယင်းနှင့်အတူ လူဦးရေလည်း တိုးတက်များပြားလာခဲ့သည်။

 

စိုက်ပျိုးကုန်များ ထုတ်လုပ်နိုင်စွမ်း တိုးမြင့်လာနိုင်ခဲ့သဖြင့် ယခင်ကလို မိသားစု တစုလုံး ဝိုင်း၍ လုပ်ကိုင်စရာ မလိုတော့သည့် အဖြစ် ရောက်လာခဲ့သဖြင့် လုပ်အားများ ပိုလျှံလာခဲ့သည်။ လူဦးရေ တိုးပွားလာခြင်း နှင့် အတူ လုပ်အားများ ပိုလျံလာပြီ ဖြစ်၍ အခြား လုပ်ငန်းများ တွင် ဝင်ရောက်လုပ်ကိုင် ရန် အဆင်သင့် ဖြစ်လာသည့် အလုပ်သမား များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။