သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(74)

by Hla Soewai - Nov 27 2022

စက်မှု တော်လှန်ရေးကြီး နှင့် ပြောင်းလဲလာသော မြို့ပြလူနေမှု

 

၁၇၇၆ ခုနှစ်တွင် ကမ္ဘာကြီးအား ပြောင်းလဲသွားစေခဲ့သည့် သမိုင်းဝင် စာတန်းကြီး တစောင် ပေါ်ထွက်လာခဲ့သည်၊ ယင်းသည် လူသားများသည် မွေးဖွားလာစဉ်ကတည်းက အခွင့်အရေး တန်းတူညီမျှ ရှိပြီး ဖြစ်သည် ဆိုသော အမြင်ကို ဖြစ်ပေါ်စေခဲ့သည့် အမေရိကန် လွတ်လပ်ရေး ကျေညာစာတမ်းကြီးပင် ဖြစ်သည်၊ ထိုနှစ်ထဲမှာပင် အတ္တလန်တိတ် တဖက်ကမ်းတွင်လည်း စကော့တလန် လူမျိုး ဘောဂဗေဒပညာရှင်တဦး ဖြစ်သည့် အက်ဒမ် စမစ်သည် "နိုင်ငံများ၏ ဓန" ဆိုသည့် စာတမ်းကြီး နှင့် အတူ ခေတ်သစ် စီးပွားရေး သီအိုရီများ၏ ရှေ့ဆောင်လမ်းပြ မီးရှူးတိုင်ကြီးကို အရှိန် တညီးညီး တောက်လောက်အောင် ထွန်းညှိလာခဲ့သည်။

 

ထိုအချိန်ကာလများက ဥရောပတိုက်သားများသည် ကမ္ဘာအနှံ့ စွန့်စားသွားလာက ၎င်းတို့ နိုင်ငံများ အတွက် စီးပွားရေး အခွင့်အလန်းများကို လက်ကုန် နှိုက်နေ ကြချိန်လည်း ဖြစ်သည်။ ယင်းနှင့် အတူ ကုန်သွယ်ရေးလမ်းကြောင်းများလည်း ထွက်ပေါ်လာခဲ့ရသည်။ 

 

ဥရောပနိုင်ငံ အများအပြားတွင် မိရိုးဖလာ လက်မှု အတတ်ပညာများဖြင့် လုပ်ကိုင်စားသောက်နေကြသူများသည် ပေါ်ထွန်းလာနေသော ဈေးကွက်သစ်များမှ အာသာငမ်းငမ်း အလိုရှိလာနေသော ကုန်စည်များကို အလျင်မီအောင် ဖြည့်ဆင်းပေးနိုင်ခြင်း မရှိ ဖြစ်လာခဲ့သည်။ ထိုအတွက် ကုန်သွယ် အရင်းရှင်လူတန်းစားတရပ် ပေါ်ပေါက်လာခဲ့သည်၊ ၎င်းတို့သည် ရပ်ဝေး ဒေသများတွင် သွားရောက် ရင်းနှီးမြုပ်နှံကာ ချမ်းသာသည်ထက် ချမ်းသာအောင် ကြံဆောင်ကြသူများ ဖြစ်သည်။

 

ကုန်သွယ် အရင်းရှင်များသည် ၎င်းတို့ ပြည်ပဈေးကွက်များတွင် ရောင်းချနိုင်ရန် အတွက် အလိုရှိနေ‌သော ကုန်ပစ္စည်းများကို အလျှင်မီအောင် ထုတ်လုပ်ပေးနိုင်စွမ်း မရှိ‌ တော့သည့် ဒေသတွင်းရှိ လက်မှုပညာရှင် အသင်းအဖွဲ့များကို ဘေးချိတ်ကာအိမ်တွင်းမှု လုပ်ငန်း အဖြစ် လုပ်ကိုင်နိုင်သူများကို ပုတ်ပြတ် နှင့် ငှားရမ်းကာ ထုတ်လုပ်ခိုင်းခဲ့ကြသည်။

 

ယခင်က ပစ္စည်းတခုကို လက်မှု ပညာရှင်တဦးမှ အစ အဆုံး ထုတ်လုပ်နေခဲ့ရာမှ ကုန်သည်များက ကျေးလက်ရှိ အချိန်ပို အားလပ်နေသော အမျိုးသား အမျိုးသမီးများကို ငှားရမ်းကာ ပစ္စည်းတခုပါ အစိတ်အပိုင်းများကို ခွဲထုတ်ကာ အိမ်တွင်းမှာပင်ထုတ်လုပ်စေခဲ့သည်။ ထိုစနစ်အား "putting out" ဟု ခေါ်ဝေါ်လာခဲ့ပြီး စက်မှု လုပ်ငန်းများ၏ ရှေ့ပြေး အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

အဒမ် စမစ်သည် ထိုသို့ ပြောင်းလဲတိုးတက်လာမှု အား ကုန်ပစ္စည်း လိုအပ်ချက်ကို အလျှင်မီအောင် ဖြည့်ဆည်းနိုင်ရန် အလုပ်ခွဲခြား လုပ်ကိုင်မှု အဖြစ် သုံးသပ်ခဲ့သည်။ ထိုသို့ လုပ်ကိုင်လာသူများသည် မိမိတို့ အလုပ် တွင်ကျယ်ပြီး အချိန်တိုအတွင်း များများစားစား ထုတ်နိုင်ရန် တီထွင် ကြံဆလာကြသည်။

 

ထိုအချိန်အထိ ဥရောပတိုက်တွင် စီးပွားရေး သီအိုရီ သည် ရေအိုင်ထဲက ဖားသူငယ်သာသာမျှသာ ရှိနေပေသေးသည်။ ချမ်းသာကြွယ်ဝရေး အတွက် ကုန်သွယ်ရေး တွင် ပြည်တွင်းသို့ တင်သွင်းသည်ထက် ပြည်ပသို့ ပို၍ တင်ပို့နိုင်ရေးကို ဦးစားပေးရမည် ဆိုသည့် ကုန်သွယ်ဝါဒ အားကောင်းနေချိန်လည်း ဖြစ်သည်။ ထိုဝါဒ အရ ကုန်သွယ်၊ ကုန်ထုတ် လုပ်ငန်းများသည်သာ နိုင်ငံအား အင်အားတောင့်တင်းအောင် ဖန်တီးပေးနိုင်စွမ်း ရှိသည့် နည်းလမ်းဟု မှတ်ယူခဲ့ကြသည်။

 

ထိုသို့ ဖြစ်နေရန် နိုင်ငံတော်သည် စီးပွားရေး ကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ပြီး ချုပ်ကိုင်ထားနိုင်‌ လေ ကုန်သွယ်ရေး တွင် ပို့ကုန်များလာ‌ လေ ဖြစ်ပြီး ပိုငွေပြကာ တိုင်းပြည် ဘဏ္ဍာတိုက်ကို ပြည့်သည်ထက် ပြည့်အောင် ဖြည့်တင်းနိုင်မည်၊ နိုင်ငံသည်လည်း ပို၍ ချမ်းသာကြွယ်ဝလေဟု မှတ်ယူထားခဲ့ကြသည်။

 

အစိုးရ၏ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားမှုဖြင့်သာ စီးပွားရေး အားကောင်းလာမည်ဆိုသော အယူအဆပင် ဖြစ်သည်။ 

 

စက်မှု လုပ်ငန်းများ၏ ရှေ့ပြေး အိမ်တွင်းမှု လုပ်ငန်းများသည် ၁၇၆၀ ကျော် နှစ်များနှင့် ၁၇၇၀ အစောပိုင်းကာလများတွင် အားကောင်းလာခဲ့သည်၊ ဤသည်ကို တွေ့မြင်လာသည်နှင့် အမျှ လက်ရှိ ကျင့်သုံးနေ‌သော ကုန်သွယ်ဝါဒသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြဒါးတလမ်း သံတလမ်း ဖြစ်‌လာနေမှန်း ကို အက်ဒမ် စမစ်သည် သဘောပေါက်လာခဲ့သည်။

 

စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေးသည် လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ခွင့်၊ ရောင်းဝယ်ဖေါက်ကားခွင့် ရှိမှသာ ဖြစ်မည်ဆိုသော အယူအဆကို ချပြလာခဲ့သည်။ ထိုသို့ သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်လုပ်လာကြခြင်းဖြင့် ကုန်စည်များ ပေါပေါများများ ထွက်ရှိလာကာ ပြည်တွင်းတွင် ပိုလျံလာသည်များကို ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်မည်၊ ကုန်ပစ္စည်း တန်ဖိုးလည်း လျော့ကျလာနိုင်ပြီး လွတ်လပ်စွာ ကုန်သွယ်မှု ဝါဒဖြင့်သာ စီးပွားရေး တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်စေမည့် အလားအလာများကို အပြည့်အဝ အသုံးချနိုင်လာပြီး အမြတ်အစွန်းများ ရရှိကာ အကျိုးဖြစ်ထွန်းနိုင်မည်။

 

ရင်းနှီးမြုပ်နှံနိုင်စွမ်း ရှိသည့် အရင်းအမြစ်များ ပိုင်ဆိုင်ထားသူများသည် ထိုသို့ပြုလုပ်လာခြင်းဖြင့် ထိုက်ထိုက်တန်တန် အကျိုးအမြတ်များ ပြန်ရလာနိုင်သည်ဟု ထောက်ပြခဲ့သည်။ ထိုသို့ စုပေါင်းစပ်ပေါင်းကာ နိုင်ငံ၏ ဓနအင်အားသည်လည်း တိုးပွားလာနိုင်မည် ဖြစ်သည်ဟု စမစ်က ဆိုသည်။