"ဟေတီ၏ ဒီမိုကရေစီ မြေစမ်းခရမ်းပျိုး ခြင်း နှင့် ပျက်သုံးသွားခဲ့မှု" (နိဂုံး)
နပိုလီယန် သည် စိန့် ဒိုမိုက်ဂဲလ် (ဟေတီ) တွင် ကျွန်စနစ်ကို ပြန်လည် အသက်သွင်းလာခဲ့မှုကြောင့် အာဖရိကတိုက် ဖွား ကျွန်ဟောင်းများ၏ အသစ်တဖန် ပုန်ကန်လာမှု များ နှင့် ရင်ဆိုင်လာခဲ့ရသည်။ ထိုပုန်ကန်မှုများအား ပြင်သစ်တပ်များက ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ရက်စက်ကြမ်းကြုပ်စွာ တုန့်ပြန်လာခဲ့သည်။ ဗိုလ်ချုပ်ကြီး ချားလ် လစ်ခရပ်၏ တပ်များသည် အစုလိုက် အပြုံလိုက် လူသတ်မှု များ ကျူးလွန်ခဲ့ကြသည်။
ထိုအတောအတွင်း လစ်ခရပ် ကိုယ်တိုင် အသားဝါရောဂါ စွဲကပ်ပြီး ကွယ်လွန်သွားခဲ့သည်၊ သို့သော်လည်း ရက်စက်စွာ ဖိနှိပ် အုပ်ချုပ်နေမှုများသည် ၁၈၀၃ ခုနှစ် နိုဝင်ဘာလ အထိ ဆက်လက် ဖြစ်ပေါ်နေသည်၊ ထို့နောက်တွင်တော့ ပြင်သစ် တို့ ဆက်လက် အုပ်ချုပ် နိုင်စွမ်း မရှိတော့သည် အဖြစ်ကို အသိအမှတ်ပြုကာ အရှုံးကို ဝန်ခံခဲ့ရသည်။
၁၈၀၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ပုန်ကန်သူများသည် ကာရီဘီယံ ကျွန်းနိုင်ငံငယ်လေးအား လွတ်လပ်သော နိုင်ငံ အဖြစ် ကျေညာနိုင်ခဲ့ပြီး မူရင်း အမည် ဖြစ်သော ဟေတီ အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။
ဤသို့ဖြင့် ကျွန်များ၏ တော်လှန်မှုဖြင့် ကမ္ဘာပေါ်တွင် လူမည်းများ ကိုယ်မင်းကိုယ်ချင်း အုပ်ချုပ်ခွင့်ရခဲ့သည့် ပထမဆုံးသော သမ္မတ နိုင်ငံ အဖြစ် ထွက်ပေါ်လာခဲ့သည်။
တနိုင်ငံလုံး အနှံ ပျံ့နှံ့ကာ ပါဝင်လာသည့် တော်လှန်ရေးမျိူးက ဖြစ်ပေါ် ခဲလှပေသည်။ လိုဗာချား၏ လက်ထောက်ဖြစ်ခဲ့သူ ယန်း ဂျက် ဒီဆာလီနာသည် လွတ်လပ်သော ဟေတီ နိုင်ငံ၏ ပထမဆုံးခေါင်းဆောင် ဖြစ်လာခဲ့သည်။ ဒီဆာလီနာသည် ချက်ခြင်းဆိုသလိုပင် မိမိတို့အား ရာစုနှစ်တစု နီးပါး ကျွန် ဘဝ သို့ သွတ်သွင်းခဲ့ကြသည့် လူဖြူ မြေပိုင်ရှင်များ၊ ပြင်သစ်များ အပေါ် လက်စားချေပွဲကြီး ဆင်နွှဲလာခဲ့သည်။ အများအပြား လည်း သတ်ဖြတ်ခံခဲ့ကြရသည်။
ဒီဆာလီနာသည် တိုင်းပြည်ကို တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်လာခဲ့ပြီး သူ့ကိုယ်သူလည်း အင်ပါယာ ပြည့်ရှင် အဖြစ် ကျေညာခဲ့ပြန်သည်။ သို့သော် သူသည် အာဏာစည်းစိမ်ကို ကြာရှည်ခံစားခွင့် မရခဲ့ရှာပေ။ ၁၈၀၆ ခုနှစ်တွင် လက်အောက်ခံတပ်များ မှ ၎င်းအား ဖြုတ်ချ အာဏာသိမ်းခဲ့ရာတွင် အသတ်ခံခဲ့ရသည်။
လူမည်းများ နှင့် သွေးနှောများအကြား အာဏာရရေး ပြိုင်ဆိုင်လာမှုများ ကြောင့် လူမျိုးရေး တင်းမာမှုများက ဆက်လက် ဖြစ်ပေါ်လာနေဆဲပင် ဖြစ်သည်။ နှစ်ဖက်စလုံးမှ ခေါင်းဆောင် များ အသီးသီး ရွေးချယ်ပြီး နယ်မြေ များကို အပိုင်စား သတ်မှတ်ပြီး နေရာယူလာကြသည်။
လူဗာချား၏ စစ်ကဲတဦး ဖြစ်သူ လူမည်း ခေါင်းဆောင် ဟင်နရီ ခရစ်စတိုဖာသည် ဟေတီ မြောက်ပိုင်းကို အုပ်ချုပ်လာသည်။ သွေးနှောအစု၏ ခေါင်းဆောင် ဖြစ်သူ အလက်ဇန်ဒါး ပီစီယွန်သည် ဟေတီ သမ္မတ နိုင်ငံ ၏ သမ္မတ ဖြစ်လာပြီး တောင်ပိုင်း နှင့် အနောက်ပိုင်းကို အုပ်ချုပ်ခဲ့သည်။ နှစ်ဖက်စလုံး သည် နောက်ပိုင်း ဆယ်နှစ်ကျော်ကြာသည်အထိ ကြို့ကြားကြို့ကြား တိုက်ခိုက်နေခဲ့ကြသည်။ ထို့အတွက် လူမျိုးရေး တင်းမာမှုများနှင့် မုန်းတီးမှုများသည် ပြေပျောက်သွားခဲ့ခြင်း မရှိပဲ အစိုင်အခဲ အဖြစ် ဆက်ရှိနေခဲ့သည်။
နှစ်ဖက်စလုံး၏ ခေါင်းဆောင်များသည် ၎င်းတို့ နယ်မြေများတွင် တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်နေခဲ့ကြသည်။ ၁၈၁၈ ခုနှစ်တွင် ပီစီယွန် ကွယ်လွန်သွားခဲ့ပြီး၊ ဟင်နရီ ခရစ္စတိုဖာသည်လည်း ၁၈၂၀ ကုန်ပိုင်းတွင် ၎င်းအား အာဏာသိမ်း ဖြုတ်ချခံရမည့် အရေး ကြုံလာသဖြင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့သည်။
ဟေတီသည်လည်း ၎င်းတို့နှစ်ဦး မရှိသည့်နောက်တွင် ပြန်လည် ပေါင်းစည်းလာနိုင်ခဲ့သည်။ သို့သော်လည်း လူထု ကိုယ်စားပြု ဒီမိုကရေစီ စနစ်သည် မည်သည့်အခါမျှ ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။
ဟေတီသည် ၁၈၂၅ ခုနှစ်တွင် ကျော်လွှားနိုင်ပုံ မရတော့မည့် အကျပ်အတည်းကြီး နှင့် ရင်ဆိုင်လာခဲ့ရပြန်သည်။ ပြင်သစ်တို့က ဟေတီ၏ လွတ်လပ်ရေးကို အသိအမှတ် ပြုပေးရသည့်အတွက် နှင့် ကျွန်ပိုင်ရှင်များ အတွက် နစ်နာကြေး အဖြစ် ဖရန့်ငွေ သန်း ၁၀၀ ပေးရန် တောင်းဆိုလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ထိုငွေကို ပေးရန် ဟေတီက သဘောမတူမချင်း ကမ်းခြေတွင် ပြင်သစ် ရေတပ် ကို ဖြန့်ချထားမည်ဟု ပြောလာခဲ့သည်။
ဟေတီသည် ကျွန်များ၏ လုပ်အားမပါပဲ ကျွန်းပေါ်ရှိ ကော်ဖီနှင့် ကြံစိုက်ခင်းများ မှ ပြည်ပဝင်ငွေရရေး အပြင်းအထန် လုံးပမ်းနေရချိန်လည်း ဖြစ်သည်။ ထို့အတွက် ပြင်သစ်တို့ တောင်းဆိုလာမှုကြောင့် ဟေတီသည် ဘဏ္ဍာရေးအရ အကျပ်ရိုက်လာခဲ့ရတော့သည်။
ဟေတီ အစိုးရသည် ဒေဝါလီ ခံရလုဆဲဆဲ ဖြစ်လာ၍ ဆက်လက် လည်ပတ် နိုင်ရေး အတွက် ပြင်သစ် ဘဏ်များမှ ငွေချေးပြီး ရပ်တည်လာခဲ့ရသည်။ ဟေတီ ခေါင်းဆောင် အဆက်ဆက်သည် ရရှိလာသည့် အမြတ်အစွန်းများကို နောက်ပိုင်း နှစ်ဆယ်ရာစု နှစ် ရောက်သည်အထိ ပြည်ပကြွေးမြီများဆပ်ရန် သုံးစွဲနေခဲ့ကြရသည့်အပြင် အိပ်ကပ်ထဲသို့ လည်း ရသလောက် ထည့်ခဲ့ကြပြန်သည်။ ပြင်သစ်တို့ တောင်းဆိုသော လျော်ကြေးအား ၁၉၄၇ ခုနှစ်အထိ ဆပ်နေခဲ့ရသည်။
ဤသို့ဖြင့် အုပ်ချုပ်သူ များသည် ပို့ကုန် အမှီပြုနေရသည့် စီးပွားရေး၏ အကျိုးအမြတ် အများစု ကို ဝေစားမျှစား လုပ်ခဲ့ကြပြီး တော်လှန်ရေးကြောင့် တင်လာခဲ့ရသည့် ကြွေးမြီများကိုမူ ဆင်းရဲသား ပြည်သူတို့က ကုန်းရုန်းဆပ်ခဲ့ကြရသည်။
ဟေတီ တော်လှန်ရေးကြီးသည် အသားအရောင် အပေါ် မူမတည်ပဲ လူသားတိုင်း လွတ်လပ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ပြဋ္ဌာန်းနိုင်ခွင့် ရရှိနိုင်မည့် လမ်းကြောင်းကို ချပြခဲ့သည်၊ သို့သော်လည်း ဟေတီ ပြည်သူများကမူ သမိုင်းစဉ်တလျောက် ဆင်းရဲနွမ်းပါးလာခဲ့ရမှု နှင့် အမြဲလို ကြုံနေရသော အကျင့်ပျက် ခြစားမှု နွံအိုင်ကြီးထဲမှ ယခုတိုင် ရုန်းမထွက်နိုင် ရှိနေရဆဲပင် ဖြစ်သည်။
ဤသို့ဖြင့် ဆယ့်ကိုးရာစု နှစ် အစပိုင်း ကာလများတွင် ဟေတီကျွန်းသား အများစု မျှော်လင့် တောင့်တခဲ့ကြသည့် လူမှုရေး အသွင်ပြောင်းလဲလာမည့် ဖြစ်စဉ် ကြီးအား အကောင်အထည် ဖေါ်နိုင်ခဲ့သည့် အခြေအနေသို့ မည်သည့်အခါမျှ ဆိုက်ရောက်လာခြင်း မရှိခဲ့ပေ။
ဟေတီ၏ တော်လှန်ရေးကြောင့် တကမ္ဘာလုံး အတွက် စိတ်ဓါတ်ခွန်အားများ ဖြစ်ပေါ်လာခဲ့ရသော်လည်း ၎င်းတို့ရရှိခဲ့သော လွတ်လပ်ရေး အတွက် ပေးဆပ်ခဲ့ရသည့် တန်ဖိုးက ကြီးလွန်းမက ကြီးလွန်းနေခဲ့ရပေသည်။ ထိုပေးဆပ်ခဲ့ရသည့် ဝန်ထုပ်ဝန်ပိုးကြီးမှ ယခုထက်တိုင် လွတ်ကင်းခဲ့ကြရခြင်းလည်း မရှိခဲ့ပြန်ပေ။
စက်မှု နှင့် မြို့ပြ တော်လှန်ရေး ကို ဆက်လက် တင်ပြသွားပါမည်။