သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(71)

by Hla Soewai - Nov 22 2022

"ဟေတီ၏ ဒီမိုကရေစီ မြေစမ်းခရမ်းပျိုး ခြင်း နှင့် ပျက်သုံးသွားခဲ့မှု" (၆)

 

ပြင်သစ်တွင် ၁၇၉၂ ဩဂုတ်လ နှင့် စက်တင်ဘာလ အတွင်း အကြမ်းဖက်မှု များ ဒီရေအလား မြင့်တက်လာနေပြီး ဘုရင်စနစ် အစား ပြည်သူ့သမ္မတ နိုင်ငံ အဖြစ် တည်ထောင်ရန် ရွေးချယ် လာကြချိန်တွင် ဗြိတိသျှ တို့အား ချည်းကပ်ရန် လူဖြူ မြေပိုင်ရှင်တို့မှ ဆုံးဖြတ်ခဲ့ခြင်းသည် အမျှော်အမြှင် ရှိသည်ဟု ဆိုရမည် ဖြစ်သည်။

 

နောက်ပိုင်း လေးလ အကြာတွင် လူဝီ ၁၆ ဘုရင်သည် ခေါင်းဖြတ်ကွပ်မျက်ခြင်း ခံခဲ့ရသည်။ ၁၇၉၃ နွေပေါက်လာချိန်တွင်တော့ ပြင်သစ်မှ စေလွှတ်လိုက်သော ကော်မရှင်နာ မင်းကြီး များ ဖြစ်သည့် ပိုဗာရဲ နှင့် ဆွန်သိုနက် တို့ နှစ်ဦး သည် ဆုပ်လည်းစူး စားလည်းရူးသည် အဖြစ် နှင့် ကြုံလာခဲ့ရပြီ ဖြစ်သည်။ စပိန်တို့၏ ထောက်ပံ့မှုကို ရနေသော ကျေးကျွန်များသည် ကိုလိုနီ နယ်မြေများ တွင် ဗြောင်းဆန်အောင် ပုန်ကန်ထကြွလျက် ရှိနေသည်။ မြေပိုင်ရှင်များ နှင့် ဘုရင်သစ္စာခံများသည်လည်း  ဗြိတိန်နှင့် မဟာမိတ်ပြု၍ ၎င်းတို့အား ဖြုတ်ချနိုင်ရန် ကြံရွယ်လာကြသည်။

 

ကော်မရှင်နာ မင်းကြီး များသည် ကိုလိုနီ နယ်မြေအား ဆုံးရှုံးရမည့် အရေးအပြင် အသက်အန္တရာယ်ပါ စိုးရိမ်လာရသည့် အနေအထား ဆိုက်‌ရောက်လာနေ၍ ကြံရာမရသည့် အဆုံး လွန်စွာမှ ရဲတင်းသည်ဟု ဆိုရမည် ဖြစ်သော အဆိုပြုချက်တခုကို ကမ်းလှမ်းလာခဲ့သည်။ ကျေးကျွန်များ ဖက်က လက်နက် ချမည် ဆိုက ၎င်းတို့၏ လွတ်လပ်ခွင့်ကို အာမခံ မည် အပြင် ပြင်သစ်နိုင်ငံသား ဖြစ်မှုနှင့် လျှော်ညီသော အခွင့်အရေးများ ကို ပေးမည်ဟု ပြောလာခဲ့သည်။

 

သို့သော် ထိုသို့ ပြောလာခဲ့ခြင်းသည် အရေးကြုံလာမှ ကမန်းကတန်း လက်တန်း ပြောလာခဲ့ခြင်း မျိုး ဖြစ်နေသည်။ သို့သော် ကမ္ဘာသစ် ကြီး တွင် ကျေးကျွန်ဘဝမှ လွတ်မြောက်ခွင့် ပေးမည့် ပထမဆုံး ကတိခံဝန်ချက် ထွက်ပေါ်လာခြင်း ပင် ဖြစ်သည်။ ငါးသိန်းခန့် ရှိသော ကျွန်များ အဖို့ အသွင်ကူးပြောင်းရေး ကြားကာလ သတ်မှတ်မထားပဲ ချက်ခြင်းလက်ငင်း လွတ်လပ်ခွင့် ရရှိကြမည် ဖြစ်သော်လည်း လျှော်ကြေး ပေးမည့် သဘောမျိုးတော့ မပါရှိခဲ့ပေ။

 

စပိန်တို့ နှင့် လက်ချင်းဆက်ကာ တော်လှန်ရေးကို ဦးဆောင်နေသည့် တူးဆင်လိုဗာချား အပါအဝင် တော်လှန်ရေး သမား အချို့က ထိုကမ်းလှမ်းချက် အပေါ် သံသယ ရှိနေကြသည်။ သို့သော် ၁၇၉၄ တွင် ပြင်သစ် အမျိုးသား ညီလာခံမှ ကျွန်ဘဝမှ လွတ်မြောက်ခွင့် ပေးမည့် ကမ်းလှမ်းချက် ကို ထုတ်ပြန်ကျေညာလာသည့် အခါတွင်တော့ နဂိုရှိနေသော သံသယ များ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ကြပြီ ဖြစ်သည်။

 

ကျေးကျွန်များသည် ကိုလိုနီ နယ်မြေ အတွင်း လူမှုအဆင့်အတန်း ကွာဟချက်များ နှင့် ပြင်သစ် တွင် တော်လှန်ရေးကြီးကြောင့် ကသောင်းကနင်း ဖြစ်နေမှုများ ကို အကျိုးရှိရှိ အသုံးချကာ ၎င်းတို့ ဘဝ လွတ်မြောက်ရေး အတွက် ကြံဆောင် နိုင်ခဲ့ကြသည်။ ထိုအချိန်တွင် တူးဆင်လိုဗာချားသည် ဟေတီတော်လှန်ရေး တွင် ခေါင်းဆောင်နေရာသို့ တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။ ပြင်သစ်တို့ကလည်း သူ့အား ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုကာ စိန် ဒိုမိုက်ဂဲ ကျွန်း၏ အုပ်ချုပ်ရေးမှုး အဖြစ် ခန့်အပ်ခဲ့သည်။

 

လက်ရှိ အနေအထား တွင် ကျွန်း ရှိ လူနေမှု ဖြစ်စဉ် တခုလုံးသည် ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ စိန့် ဒိုမိုက်ဂဲလ် ကျွန်းသည် ယခုအခါ သိန်းနှင့် ချီသော ကျွန်းတွင် နေထိုင်သူများအား ကျေးကျွန်များ အဖြစ် ခိုင်းစေ အသုံးချနေသည့် ဥရောပ အင်အားကြီး နိုင်ငံတနိုင်ငံ၏ ကိုလိုနီ ဘဝ မှ ကျွန်အဖြစ်မှ လွတ်မြောက်လာကြသူများ၏ တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံ အဖြစ် တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်သည်။

 

လိုဗင်ချားသည်လည်း ကျွန်း အုပ်ချုပ်ရေးမှုး အဖြစ်နှင့် လက်မလည်အောင် အလုပ်များလာနေပြီ ဖြစ်သည်။ ကျွန်းသားများသည် ကျွန်ဘဝမှ လွတ်မြောက်လာကြသော်လည်း လူဖြူများ၊ သွေးနှောများ၊ လူမည်းများ နှင့် တိုက်ပွဲများက ဆက်လက်ဆင်နွှဲနေရဆဲ ဖြစ်သည်။ ပြင်သစ်၊ ဗြိတိန် နှင့် စပိန်တို့သည်လည်း အာဏာ ချိန်ခွင်လျှာ အတက်အကျ ကို အခွင့်ကောင်းယူကာ ပါဝင် ပတ်သက်နေကြဆဲလည်း ဖြစ်သည်။

 

ကိုလိုနီ ကျွန်း၏ တခါက ကြွယ်ဝ ချမ်းသာရာ ချမ်းသာကြောင်း ဖြစ်စေခဲ့သည့် အရင်းအမြစ်များသည်လည်း တော်လှန်ရေး ကြီး နှင့် အတူ ဖျက်ဆီးခံခဲ့ရသည်၊ လိုဗင်ချားသည် ကျွန်း၏ မြောက်ပိုင်းရှိ စိုက်ခင်းများကို ပြန်လည် ပျိုးထောင်နိုင်ရန် ကြိုးပမ်းလာခဲ့သော်လည်း ကျွန်များ၏ လုပ်အား မရှိတော့သဖြင့် အခက်အခဲများ နှင့် ရင်ဆိုင်လာရသည်။ လိုဗင်ချားအား ကျွန်း၏ အုပ်ချုပ်ရေးမှုး အဖြစ် ခန့်အပ်ခဲ့သော ပါရီ ရှိ အစိုးရသည်လည်း မကြာမီမှာပင် ပြုတ်ကျသွားခဲ့သည်။