"ဟေတီ၏ ဒီမိုကရေစီ မြေစမ်းခရမ်းပျိုး ခြင်း နှင့် ပျက်သုံးသွားခဲ့မှု" (၃)
ကျွန်များ အဖြစ် အခိုင်းစေခံနေရသည့် စိန့် ဒိုမိုက်ဂဲလ် ကျွန်း (ဟေတီ) သား များ နှင့် ၎င်းတို့အား ပစ္စည်း ဥစ္စာ သဖွယ် သဘောထားကြသူများ အကြား ကွာဟချက် ကြီးမားစွာ ရှိလာနေစဉ် အတွင်း အခြား ကွဲပြားမှုများလည်း ထွက်ပေါ်လာခဲ့သည်။ ကိုလိုနီ ကျွန်း တွင် လူမှုရေး အဆင့်အတန်း အားဖြင့် ထိပ်ဆုံးမှ ရှိနေသူများသည် လွန်စွာ ချမ်းသာ ကြွယ်ဝနေကြသည့် စိုက်ခင်း ပိုင်ရှင်များ နှင့် ကုန်သည် ကြီးများ ဖြစ်သည်။ ၎င်းတို့အား ဂရန်း ဘလန့်ခ် (grand blancs) ဟု ခေါ်ဝေါ်ခဲ့ကြသည်။ အများစုသည် ပြင်သစ် တွင် အနေများကြသူများလည်း ဖြစ်သည်။ ကျွန်းတွင် နေထိုင်သူများသည်လည်း မဟာဆီ မဟာသွေးများ အလား အဆောင်အယောင်များ နှင့် အခွင့်ထူးခံများ ဖြစ်ကြပြန်သည်။
လူဖြူ စိုက်ခင်း ပိုင်ရှင်ကြီး များချည်း မဟုတ်ပဲ ပီတစ် ဘလန့်ခ် (petit blancs) ဆိုသည့် ဘူဇွာ လူတန်းစားလည်း ရှိနေသည်။ ၎င်းတို့သည် လူဖြူများ ဖြစ်သော်လည်း စိုက်ခင်းများ၊ ကျွန်ပိုင်ရှင်များ မဟုတ်ကြပဲ အနုပညာရှင်များ၊ အလုပ်သမား လူတန်းစား လူငယ်များ ဖြစ်သည်။
ဟေတီ လူ့အဖွဲ့အစည်း ၏ လူတန်းစား အသီးသီး ကွဲပြားနေမှုကို ထပ်မံ၍ ထင်ရှားစေသည်က ကျွန်မဟုတ်သော လူမည်းများ နှင့် သွေးနှော များ လည်း ရှိနေခြင်းပင် ဖြစ်သည်။ ကျွန် များ ပြီးလျှင် ဒုတိယမြောက် အများဆုံး လူတန်းစားများလည်း ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ကျွန်းတွင် နေထိုင်သူများသည် လူဖြူများကို ရိုကျိုးစွာ ဆက်ဆံရမည်ဟု ယူဆထားကြသည်။
သို့သော် ကျွန် မဟုတ်သော လူမည်း လူတန်းစား အပေါ် ကန့်သတ်ချုပ်ချယ်ခဲ့မှုများသည် သွေးနှောများထက် ပို၍ များပြားခဲ့သည်။ အချို့ သွေးနှောများအား စိုက်ခင်များ နှင့် ကျွန်များ ပိုင်ဆိုင်ခြင်းကိုပင် ခွင့်ပြုထားခဲ့သည်။ ထို့အပြင် သွေးနှောများသည် ကက် ဖရန်ဆွာ နှင့် ပို့အော့ပရင့်စ် မြို့ကြီးများတွင် လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့် ရရှိထားကြသည်။
ထူးဆန်းနေသည်က သွေးနှောများသည် ကျွန်းပေါ်ရှိ လူဖြူ ပီတစ် ဘလန့် များ ထက် စီးပွားရေးအရ ချောင်ချောင်လည်လည် ရှိနေခဲ့ကြခြင်းပင် ဖြစ်သည်။ သို့သော် နိုင်ငံရေး ဖက်တွင်တော့ သွေးနှောများသည် ပီတစ် ဘလန်ခ် များလိုတော့ အခွင့်အရေးများ မရရှိခဲ့ကြပေ။
၁၇၈၉ ခုနှစ်တွင် အာဖရိကမှ တင်သွင်းလာသည့် ကျွန် လူဦးရေ ၅၂၀,၀၀၀ ထဲတွင် ၂၃၀,၀၀၀ ခန့် သေဆုံးသွားခဲ့ပြီး ဖြစ်သည်ကို တွေ့ရသည်။ ထိုသို့ သေဆုံးမှု နှုန်း လွန်စွာ မြင့်မားလာနေသဖြင့် ကျွန် အသစ်များ ထပ်မံ စုဆောင်းဖို့ အမြဲလို လိုအပ်ချက် အဖြစ် ရှိနေခဲ့သည်။
ပြင်သစ် ကိုလိုနီ ကျွန်း ပေါ်သို့ ကျွန်များ အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခဲ့ရသည့် အာဖရိက လူမည်းများသည် ၎င်းတို့၏ မွေးရပ်မြေတွင် လွတ်လပ်သူများ အဖြစ် နေထိုင်လာခဲ့ကြသူများ ဖြစ်သည်။ ထို့အတွက် ၎င်းတို့၏ နိုင်ငံရေး အတွေးအခေါ် အယူ အဆများသည်လည်း ဌာနေ ကျွန် အဖြစ် မွေးဖွားကြီးပြင်းလာခဲ့သော ကျွန်းသားများထက် မတူ ကွဲပြားခဲ့သည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။
အာဖရိက တိုက်သားများ ၏ လွတ်လပ်စွာ နေထိုင်လိုမှု သည် ၁၈ ရာစုနှစ်အတွင်း ပြင်သစ်တွင် ပေါ်ထွန်းခဲ့သော ညဏ်အလင်းပွင့် ကာလ ၏ အတွေးအခေါ် အယူအဆများ လွှမ်းမိုးခံခဲ့ရသည်။ ထို့အတွက် ကျွန်းပေါ်တွင် ရင်ဆိုင်လာခဲ့ရသည့် လူမှု ရေး နှောင်ကြိုးများကို ဖြတ်တောက်ခါချရန် ကြံစည်လာခဲ့ကြသည်။ လူမှုရေး တန်းတူညီမျှ မရှိမှု၊ အခြားသော လူမှု ရေး၊ နိုင်ငံရေး အခွင့်အရေးများ ရရှိရန် ပြောဆိုလာမှုများသည် ပြင်းထန်လွန်းလာ၍ အစိုးရက ဆင်ဆာလုပ်ပြီး ကန့်သတ်လာခဲ့ရသည်။
ထိုသို့ ကန့်သတ်ခံရသည့်အထဲတွင် ၁၇၇၀ တွင် ရေးသား ထုတ်ဝေခဲ့သည့် ပြင်သစ် စာရေးဆရာ Abbé de Raynal ၏ ဥရောပတိုက်သားများ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်လိုမှု၊ ကိုလိုနီ ပြုကျင့်မှု များ အား အသေးစိတ် ဖေါ်ပြထားသည့် ကျမ်းစာအုပ်ကြီး သည် ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။ ထိုစာအုပ်တွင် လူသားများ အား ပစ္စည်းဥစ္စာ သဖွယ် သဘောထား ဆက်ဆံနေမှုသည် လူ့ယဉ်ကျေးမှု အပြင် လူသားဝါဒ နှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်နေသည်ဟု ထောက်ပြလာခဲ့သည်။ လူသား အားလုံးကို ဥရောပတိုက်သားများကဲ့သို့ပင် ဂုဏ်သိက္ခာ ရှိရှိ ဖြင့် ဆက်ဆံသင့်သည်ဟု ဆိုသည်။
ဒီနေရာတွင် မေးစရာ ဖြစ်လာသည်က အာဖရိက ကျွန်များသည် ပြင်သစ် မှ ထွက်ပေါ်လာသော ညဏ်အလင်းပွင့် ခေတ်၏ အတွေးအခေါ် စာပေများကို ဖတ်ရှုခွင့် ရနေကြ၍လော ဆိုသည်ကိုပင် ဖြစ်သည်။ ၎င်းတို့ ဖတ်ရှုခွင့် မရသည်မှာ မှန်သော်လည်း နောင်တွင် ဖြစ်ပေါ်လာမည့် တော်လှန်ရေးကြီးတွင် ထိပ်ဆုံးမှ ဦးဆောင် ပါဝင်လာခဲ့သူများကတော့ ဖတ်ရှု ခွင့် ရခဲ့ကြသည်။
ပြင်သစ် တွင် လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့် နှင့် လူ့ဂုဏ်သိက္ခာအတွက် စတင် တိုက်ပွဲဝင်လာခဲ့သည့် အခါတွင်တော့ ပြင်သစ် တော်လှန်ရေးကြီးသည် ပြင်သစ် ဘုရင်နိုင်ငံ အတွင်း တွင်သာမက တော့ပဲ ပြင်ပသို့ ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။