ဟေတီ တော်လှန်ရေးသည် ၁၇၉၁ မှ ၁၈၀၄ ခုနှစ်အထိ ကြာမြင့်ခဲ့သည်။ ထိုအချိန် တဝိုက်က ဖြစ်ပွားခဲ့သော ပြင်သစ် နှင့် အမေရိကန် တော်လှန်ရေး များ ထက် များစွာ ပြင်းထန်ခဲ့သည်။ ဟေတီ တော်လှန်ရေးသည် ထိုစဉ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်အားလုံး လုံးဝဥသုံ မှောက်လှန် ပစ်နိုင်ခဲ့သော ကြောင့်လည်း ဖြစ်သည်။ ဖီလာဒဲလ်ဖီယား နှင့် ပါရီ မြို့သား တို့ မထိရဲ မတို့ရဲ ဖြစ်ခဲ့သော လူမှုရေး အနှောင်အဖွဲ့များ အားလုံး ကို မတွန့်မဆုပ်ပဲ ခါချပစ်နိုင်ခဲ့ကြသည်။ လူ့အခွင့်အရေး နှင့် ပတ်သက်၍ ပြောဆို ဆွေးနွေးမှုများ ကိုလည်း အမြင်သစ်၊ အတွေးသစ်များ ပေါ်လာအောင် ချပြနိုင်ခဲ့ကြသည်။
သို့သော် ဖြစ်ပေါ်ခဲ့ရသည့် အကြောင်းရင်းများ နှင့် ပါဝင်သည့် အုပ်စုများကြောင့် အခြားနေရာများ တွင် ဟေတီ တော်လှန်ရေး အား ပုံတူကူးချ၍ မဖြစ်နိုင်အောင် ဖြစ်လာခဲ့ရသည်။ တော်လှန်ရေးကြီး အပြီးတွင် နဂိုက ရှိခဲ့သော အကျင့်ပျက် ခြစားမှုများ နှင့် လူမှုရေး မညီမျှ မှုများသည် အခြား ပုံသဏ္ဍန် တမျိုး ဖြင့် ပြောင်းလဲတည် ရှိလာခဲ့သည်။ ဤသို့ဖြင့် ဟေတီ၏ ဒီမိုကရေစီ မြေစမ်းခရမ်းပျိုးလာခဲ့မှု သည် ပျက်သုံးသွားခဲ့ရသည်။
လွတ်လပ်ရေး အတွက် ရုန်းကန် တိုက်ပွဲဝင်ခဲ့ရသည့် အတွက်ကြောင့်လည်း စီးပွားရေး နှင့် သံတမန်ရေး တွင် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။ ဟေတီသည် တချိန်က ဗြိတိန်၊ စပိန် နှင့် ပြင်သစ် ရှိ တော်လှန်ရေး အဖွဲ့များ၊ တန်ပြန်တော်လှန်ရေး အဖွဲ့များနှင့် အလျှင်းသင့်သလို ဘက်ပြောင်းပြီး မဟာမိတ်ပြုခဲ့မှု များ ရှိနေသည်။
လွတ်လပ်ရေး ရရှိလာချိန်တွင်တော့ တခါက အမြတ်များစွာ ရရှိခဲ့သော ကော်ဖီ နှင့် ကြံ စိုက်ခင်းများသည် လေလွင့်ပျက်စီး ကျန်ခဲ့သည်။ ဥရောပ ရှိ အင်အားကြီး နိုင်ငံများကလည်း ၎င်းတို့ ရင်းနှီးမြုပ်နှံထားမှုများအတွက် လျှော်ကြေး တစုံတရာ မရပဲ ထွက်သွားလိုစိတ် မရှိ ဖြစ်လာနေသည်။
ပြင်သစ် ရှိ ဘူဘွန် အစိုးရသည် တန်ရာတန်ဖိုး လျှော်ကြေး မရပဲ သံတမန်ရေး အရ အသိအမှတ် ပြုရန် ငြင်းဆန်ခဲ့ကြသည်။ ထိုသို့သော အနေအထားများ ရှိလာနေခြင်းကြောင့် ဟေတီ၏ ဆင်းရဲမွဲတေခဲ့ရမှုများ၊ လူမှု အဆင့်အတန်း တဖက်စောင်းနင်း ကွာခြားနေမှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများသည် ယခုတိုင်အောင် ဆက်၍ ဖြစ်ပေါ်နေခဲ့ခြင်းလည်း ဖြစ်သည်။
ကမ္ဘာတွင် တချိန်က အချမ်းသာဆုံး ဖြစ်ခဲ့သော ကိုလိုနီ ကျွန်းနိုင်ငံလေးသည် ယခုအခါ အနောက်ကမ္ဘာခြမ်း တွင် ဆင်းရဲ မွဲတေဆုံးသော နိုင်ငံ ဖြစ်လာခဲ့ချေပြီ။ ဟေတီ ကျွန်းသားတို့သည် လွတ်လပ်ခွင့် အတွက် အဆမတန် အောင် ပေးဆပ်ရယူခဲ့ရသည်။
ထို့အတွက်လည်း လက်တင်အမေရိကရှိ သဘာဝ သယံဇာတများသည် အခြားသူများ အား ကြွယ်ဝသည်ထက် ကြွယ်ဝအောင် ပံ့ပိုးပေးနိုင်ခဲ့သော လည်း ပိုင်ဆိုင်သည့် နိုင်ငံကိုတော့ မွဲပြာကျအောင် ဖန်တီး ပစ်ခဲ့သည်ဟု ဥရုဂွေး စာရေးဆရာ အက်ဒွာဒို ဂါလီယာနိုက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဂါလီယာနို၏ အပြောကို ငြင်းပယ်နိုင်ဖို့က ခက်ခဲနေရဆဲပင် ဖြစ်သည်။
ခရစ်စတိုဖာ ကိုလံဘတ်စ်သည် ဟေတီ နိုင်ငံရှိရာ ဟစ်စပန်နိုလာ ကျွန်းပေါ်သို့ ၁၄၉၂ တွင် စတင် ခြေချလာခဲ့ပြီး နောက် ဥရောပ တိုက်သား တို့ မျက်စိကျစရာ ဖြစ်လာခဲ့သည်။ နောက်ပိုင်း နှစ် နှစ်ရာ အကြာ ၁၆၉၇ တွင် စပိန်သည် ကျွန်း၏ အနောက်ဖက်ခြမ်းအား ပြင်သစ်တို့ထံ လွှဲပြောင်းပေးခဲ့သည်။ လွတ်လပ်ရေးရသည်အထိ စိန့် ဒိုမိုက်ဂဲလ် ကျွန်း (ဟေတီ) သည် ပြင်သစ်တို့ အတွက် အကျိုးအမြတ် များစွာ ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်း ဖြစ်လာခဲ့သည်။
၁၈ ရာစု နှစ် အလယ်ပိုင်း လောက်တွင် ထိုကျွန်းလေးမှ ကမ္ဘာ၏ ကော်ဖီ ပမာဏ၏ ၆၀ ရာနှုန်း၊ သကြား ပမာဏ၏ ၄၀ ရာနှုန်းကို တင်ပို့ပေးနိုင်ခဲ့သည်။ ဤသည်ကို ကြည့်က ပြင်သစ်တို့ အတွက် မည်မျှအထိ အကျိုးဖြစ်ထွန်းခဲ့သည်ကို သိနိုင်ပေသည်၊ ထိုအတွက်လည်း ကျွန်ပေါင်း များစွာ ၏ လုပ်အားကို အမှီပြုလာခဲ့ရသည်။ ကျွန်းရှိ လူအများစုသည် ပြင်သစ်တို့ လက်အောက်တွင် ကျွန် များ အဖြစ် သွတ်သွင်း ကာ ခိုင်းစေခံခဲ့ရသည်။
ထုတ်လုပ်မှု တိုးမြှင့်ပြီး အမြတ်များသည်ထက် များများ ရနိုင်အောင် စိန့် ဒိုမိုက်ဂဲလ် ကျွန်း သားများအား တရိစ္ဆာန်များ ပမာ သဘောထားပြီး ရက်ရက်စက်စက် ခိုင်းစေခဲ့ကြသည်။ နောက်ပိုင်းတွင် ပင်ပန်းဆင်းရဲမှု ဒဏ်ကြောင့် သေဆုံးသွားသူများ နေရာတွင် အစားထိုးနိုင်ရန် ပြင်ပမှ ကျွန်များကို တင်သွင်းလာခဲ့ရာ တော်လှန်ရေးကြီး မဖြစ်ပွားမီ ဆယ်စုနှစ် တစု အတွင်း နှစ်စဉ်လို ပြင်ပ မှ ကျွန် ပေါင်း ၃၀,၀၀၀ ခန့်ကို ခေါ်ယူရသည့်အထိ ဖြစ်လာခဲ့သည်။