သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(65)

by Hla Soewai - Nov 11 2022

အခန်း (၁၀)

 

"ဟေတီ၏ ဒီမိုကရေစီ မြေစမ်းခရမ်းပျိုး ခြင်း နှင့် ပျက်သုံးသွားခဲ့မှု"

 

၂၀၁၀ ဇန်နဝါရီ လ တွင် ကာရစ်ဘီယန် ကျွန်းနိုင်ငံလေးသည် ပြင်းအား ၇.၀ ရှိသော မြေငလျှင်ကြီး လှုပ်ခတ်ခံခဲ့ရမှု နှင့် အတူ ကမ္ဘာတဝှမ်း၏ အာရုံစိုက်စရာ ဖြစ်လာခဲ့ရသည်။ မြေငလျှင်ကြီးကြောင့် လူပေါင်း ၃၀၀,၀၀၀ ကျော် သေဆုံးသွားခဲ့ပြီး လူ သိန်းပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပေသည်။ ဟေတီ နိုင်ငံသား ဆယ်ဦးလျှင် တဦးနှုန်း အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ အနောက်ကမ္ဘာခြမ်းရှိ အဆင်းရဲဆုံး နိုင်ငံလေးသည် နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသကဲ့သို့ မကြုံဖူးအောင် ဒုက္ခပင်လယ် ဝေခဲ့ရပြီ ဖြစ်သည်။

 

ကမ္ဘာတဝှမ်းမှ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်သည့် စာနာထောက်ထားမှု အကူအညီများ ပေးမည်ဟု ကတိပြုလာခဲ့ကြသည်။ လေ့လာသုံးသပ်သူ အချို့က ပစ္စည်းထက် ငွေသား အကူအညီပေးခြင်းသည် ဟေတီတို့ ရေရှည်တွင် ကြုံတွေ့လာရမည့် စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းပေးရာ ရောက်သည်ဟု ထောက်ပြခဲ့ကြသည်။

 

ဟေတီအား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေး အတွက် ပေးလာခဲ့သည့် အကူအညီများသည် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ထိုအစား ထောင်ပေါင်းများစွာသော ဟေတီ နိုင်ငံသားများသည် မြို့ကြီးများရှိ ကျုးကျော် ရပ်ကွက်များတွင် သောက်သုံးရေမရှိ၊ အိမ်သာ မရှိသည့် ဘဝဖြင့် ကပ်ပါးရပ်ပါး မှီခိုနေရသည့် အဖြစ်သို့ ဆိုက်ရောက်သွားခဲ့ရသည်။ အစာအဟာရ ချို့တဲ့မှု နှင့် မသန့်ရှင်း‌သော ရေများမှ ပါလာသည့် ရောဂါ ဖြစ်ပွားမှုများ အတောမသတ် ထွက်ပေါ်လာခဲ့ပေတော့သည်။

 

ကမ္ဘာဘဏ် မှ ဟေတီနိုင်ငံသား တဦးစီ၏ တနှစ်ပတ်လုံး ကုန်ထုတ်လုပ်နိုင်မှု ပမာဏသည် ဒေါ်လာ ၈၇၀ သာ ရှိတော့သည်ဟု တွက်ချက် ထုတ်ပြန်လာခဲ့သည်။ ထိုအချိန်တွင် အမေရိကန် နိုင်ငံသားတဦး၏ ကုန်ထုတ် တန်ဖိုးသည် ဒေါ်လာ ၆၀,၀၀၀ ခန့် ရရှိနေသည်။ ထိုသို့ နှိုင်းယှဉ်မှုသည် တရားမျှတကောင်းမှ မျှတမည် ဖြစ်သော်လည်း ကွာခြားမှု သည် မိုးနဲ့ မြေလို ဖြစ်နေသည်။

 

ဟေတီသည် ဟစ်စပန်နိုလာ ကျွန်းပေါ်တွင် ဒိုမီနီကန် သမ္မတ နိုင်ငံ နှင့် အတူ ယှဉ်တွဲ တည်ရှိနေသော နိုင်ငံလည်း ဖြစ်သည်။ သို့ဖြစ်၍ ဟေတီ၏ လူတဦးချင်း စီ၏ ကုန်ထုတ်လုပ်နိုင်မှု ပမာဏကို ဒိုမီနီကန် သမ္မတ နိုင်ငံနှင့် နှိုင်းယှဉ်ကြည့်ခြင်းသည်သာ ပို၍ သဘာဝ ကျနိုင်မည် မဟုတ်ပါလော။ ဒိုမီနီကန် နိုင်ငံသားများသည် ထိုအချိန်က လူတဦးချင်း စီ၏ ကုန်ထုတ်လုပ်နိုင် မှု တန်ဘိုးသည် ဒေါ်လာ ၁၈,၀၀၀ ရှိ‌ နေ၍ ဟေတီထက် အဆပေါင်း ၂၀ ခန့် သာလွန်နေပေသည်။

 

ကမ္ဘာမိသားစု ကြီး မှ ထည့်ဝင် လှုဒန်း‌ငွေများသည် ဟေတီတွင် ပြန်လည် တည်ဆောက်ခြင်းလည်း မ‌တွေ့ရပါပဲနှင့် ဘယ်ဆီ ရောက်ကုန်ပေသနည်းဟု တွေးစရာ ဖြစ်လာခဲ့သည်။ တကယ်တမ်းတွင် ထိုငွေများသည် အလဟသ ဖြစ်မှုများ နှင့် အကျင့်ပျက် ခြစားမှုများကြောင့် လေလွင့်သွားခဲ့ရခြင်းသာ ဖြစ်သည်။

 

ဟေတီ သမ္မတ အား လှုဒန်းငွေများ၏ မနဲလှသော ပမာဏ ကို အလွဲသုံးစား လုပ်ခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ ဟေတီသည် ထိုကဲ့သို့ အဖြစ်မျိုးနှင့် ယခုမှသာ ကြုံခဲ့ရသည် မဟုတ်၊ သမိုင်းတလျှောက် တွင်လည်း လူမှုရေး မညီမျှမှုများ၊ စီးပွားရေး အဆင့်အတန်း တဖက်စောင်းနင်း ကွာခြားမှုများ၊ နိုင်ငံရေး လက်ပြဲကာလများ နှင့် ညံ့ဖျင်းသော အုပ်ချုပ်ရေး များ အမြဲလို ကြုံတွေ့လာခဲ့ရသည့် နိုင်ငံမျိုးလည်း ဖြစ်ပေသည်။

 

သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်က ဟေတီသည် လွတ်လပ်ရေး နှင့် အတူ ဒီမိုကရေစီ သမိုင်းကြောင်း ရှိခဲ့ဖူးသည့် နိုင်ငံ ဖြစ်သည်။ ဆယ်စုနှစ် တစုနီးပါးကြာအောင် ဖြစ်ပွားခဲ့သော တော်လှန်ရေး နှင့် ပြည်တွင်းစစ်ကြီး အပြီးတွင် ယခင် ပြင်သစ် ကိုလိုနီ စိန့် ဒိုမိုက်ဂဲလ် အဖြစ်မှ ကမ္ဘာတွင် ပထမဦးဆုံး လူမည်း အုပ်ချုပ်သည့် သမ္မတ နိုင်ငံ အဖြစ် ထွက်ပေါ်လာခဲ့သည်။ အနောက် ကမ္ဘာခြမ်းတွင် ဒုတိယမြောက် လွတ်လပ်ရေး ရခဲ့သည့် နိုင်ငံလည်း ဖြစ်ပေသည်။

 

ယခင် ကျွန်များ အဖြစ်မှ လွတ်မြောက်လာသူများ၏ ဦးဆောင်မှု အောက်တွင် အစိုးရသစ်ကို ဖွဲ့စည်းပြီး ဟေတီ ဟု ပြောင်းလဲ ခေါ်ဝေါ်လာခဲ့သည်။

 

အင်္ဂလန်၊ ပြင်သစ် နှင့် အမေရိကန် တို့တွင် ဖြစ်ပေါ်ခဲ့သော တော်လှန်ရေးများသည် ဒီမိုကရေစီ ထွန်းကားရေး နှင့် စီးပွားရေး တိုးတက်မှု များ အတွက် လမ်းခင်း ပေးနိုင်ခဲ့သော်လည်း ဟေတီကဲ့သို့ နိုင်ငံ မျိုးတွင်မူ မငြိမ်သက်မှုများ၊ လူမှုရေး မညီမျှမှုများ ဖြစ်ပေါ်လာစေသည့် မီးပွားမျိုးသာ ဖြစ်ပေါ်လာခဲ့ရသည်။

 

တော်လှန်ရေး တခု အောင်မြင်ဖို့၊ ပျက်သုံးသွားဖို့သည် ပထဝီ အနေအထား၊ ယဉ်ကျေးမှု များ နှင့် မသက်ဆိုင်ပဲ သမိုင်းနောက်ခံ အကြောင်းခြင်းရာများ နှင့်သာ ပတ်သက်နေသည်ကို ဟေတီအား သင်ခန်းစာ ယူစရာ အဖြစ် လေ့လာနိုင်ရန် စံနမူနာ တရပ် ဖြစ်လာခဲ့ရသည်။