သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(63)

by Hla Soewai - Nov 07 2022

ညီရင်းအကို သွေးစည်းမှု နှင့် အဓမ္မ ဝါဒ အားပြိုင်မှုကြားမှ ပြင်သစ် တော်လှန်ရေး (၈)

 

လူဝီ ၁၆ ဘုရင်အား ကွပ်မျက်သည့် သတင်းကြောင့် ဗြိတိန်၊ စပိန် နှင့် ဟော်လန် အပါအဝင် ဥရောပ ရှိ ဧကရာဇ် နိုင်ငံအများအပြားသည် ထိတ်လန့်တုန်လှုပ်သွားကာ ၎င်းတို့ နိုင်ငံများသို့ ပြင်သစ် တော်လှန်ရေးကြီး ဒီရေလှိုင်းကြီး ရိုက်ခတ်မလာနိုင်အောင် ဟန့်တားမှ ဖြစ်မည် ဆိုကာ ပြင်သစ် အား စစ်မက်ခင်းကျင်းရန် ပြင်ဆင်လာကြသည်။

 

အမျိုးသား ညီလာခံသည်လည်း ပြည်တွင်း ပြည်ပရန်များမှ ကာကွယ်နိုင်ရန် ပြည်သူ့လုံခြုံရေး ကော်မတီ ကို ဖွဲ့စည်းပေးလာခဲ့သည်။ ထိုကော်မတီမှ “သစ္စာဖေါက်များ၊ လျို့ဝှက်ကြံစည်နေသူများ နှင့် တန်ပြန်တော်လှန်ရေး ဖြစ်ရန် လှုံ့ဆော်နေသူများ” ကို ပြစ်ဒဏ်ခတ်ရန် အထူး ခုံရုံး များ တည်ထောင်ခဲ့ကြသည်။

 

၁၇၉၃ နွေဦးမှ စ၍ နွေရာသီတလျှောက်လုံး ပြင်သစ်တွင် အဓိကရုဏ်းကြီးများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။ ဇွန်လ တွင် လူပေါင်း ၈၀,၀၀၀ ခန့်သည် ဥပဒေပြု လွှတ်တော် အသစ် သို့ ဝင်ရောက်စီးနင်းခဲ့ကြသည်။

 

ယခုအခါ ပြင်သစ်တို့၏ ဒီမိုကရေစီ သည် သေနတ်ပြောင်းဝ၊ ဆူးချွန် ထိပ်ဖျား တို့မှ ထွက်ပေါ်လာသည့် အဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

 

၁၇၉၃ နွေရာသီတွင် ပြည်သူ့လုံခြုံရေး ကော်မတီသည် လွတ်လပ်စွာ ပြောဆိုခွင့် အား ကော်မတီ၏ ဦးစားပေး ရည်ရွယ်ချက်များ နှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်သည်ဆိုကာ ကန့်သတ်ခဲ့ကြသည်။ အယူအဆမတူသည့် နိုင်ငံရေး အသင်းအဖွဲ့များအား ပိတ်ပစ်ခဲ့ပြီး အန္တရာယ် အရှိဆုံးဟု ယူဆသူများကို ခေါင်းဖြတ် ကွပ်မျက်လာခဲ့သည်။ “ဥပ‌ဒေဖြင့် နိုင်ငံသားတဦးစီ၏ အခွင့်အရေးများ အာမခံချက် ရှိရမည်” ဟူသော စကားရပ်သည်လည်း လေထဲ တွင် ပျောက်ကွယ်သွားခဲ့လေပြီ။

 

ဤသို့ဖြင့် အဆိုပါ ကော်မတီအား ဖွဲ့စည်းပေးခဲ့သော အမျိုးသား ညီလာခံ ပင် ကော်မတီ၏ လက်အောက်ခံ ဘဝ ပြန်ရောက်သွားပြီး ညွှန်ကြားသည့် အတိုင်း လုပ်လာရသည့် ပြောင်းပြန် အနေအထား ရောက်ခဲ့ရပြီ ဖြစ်သည်။ ကော်မတီသည် သမ္မတနိုင်ငံ၏ အရက်စက်ဆုံး အာဏာရှင် အဖွဲ့အစည်း ဖြစ်လာခဲ့သည်။

 

တကယ်တမ်းလည်း ထိုအချိန်က နိုင်ငံ နှင့် ခေါင်းဆောင်များအား ခြိမ်းခြောက်လာသည့် အန္တရာယ်များ ရှိနေသည်ဟု ပြောမှသာ တရားမျှတရာ ရောက်ပေမည်။ ဇူလိုင်လအတွင်း က ပြီးခဲ့သည့် တနှစ်လုံးလိုလို အကြမ်းဖက်မှုများ ဖြစ်အောင် အားပေးအားမြှောက်လုပ်လာခဲ့သည့် မာရတ် သည်ပင် ဂီဒွန်နစ် အဖွဲ့အား သစ္စာခံသူ ချားလော့ ကော်ဒေး ၏ ဓါးဖြင့် ထိုးသတ်ခြင်း ခံခဲ့ရသည်။ လေးရက်အကြာတွင် ကော်ဒေးအားလည်း ခေါင်းဖြတ်ကွပ်မျက်ပစ်ခဲ့သည်။ ကော်ဒေးကဲ့သို့ပင် ပြစ်ဒဏ်စီရင်ခံရသူပေါင်း များစွာ ရှိလာခဲ့သည်၊ ထိုအထဲတွင် အထင်ရှားဆုံး ပါဝင်လာသူက လူဝီ ၁၆ ဘုရင်၏ ကြင်ယာတော် မေရီ အန်တွာနက်ပင် ဖြစ်သည်။ အမျိုးသား ညီလာခံ အဖွဲ့ဝင်များ ဖြစ်ခဲ့သည့် ဂီဒွန်နစ် အဖွဲ့သားများလည်း ပါဝင်လာခဲ့သည်။ မထင်မရှား သာမန် ပြည်သူ ထောင်ပေါင်းများစွာလည်း ကြမ္မာဆိုး နှင့် ကြုံခဲ့ကြရသည်။

 

ရိုဘ်စပရီးကတော့ ထိုသို့ ဖြစ်ပျက်လာမှု များ သည် တရားမျှတသည်ဟု ခုခံ ပြောဆိုလာခဲ့သည်၊ သူကိုယ်တိုင်လည်း ကော်မတီ အဖွဲ့ဝင် ဖြစ်သည့် ရိုဘ်စပရီးသည် တော်လှန်ရေး ကြီး အတွက် မလုပ်မဖြစ် လုပ်ရန် လိုအပ်လာ၍ ဖြစ်သည်ဟု ဆိုသည်။

 

တော်လှန်ရေး နှင့် အတူ ပေါ်ပေါက်လာသော နွေဦးအစိုးရသည် “ကောင်းကျိုး နှင့် အကြောက်တရား တို့ ကို တပြိုင်တည်း လိုလို လုပ်နေရသည့် အဖြစ် ရောက်နေသည်၊ ကောင်းရာ ကောင်းကျိုး သယ်ပိုးခြင်း မရှိပဲနှင့် အကြောက်တရား သက်သက်သာ ဆိုက ဆိုးဝါးလွန်းသည့် အနေအထား ဆိုက်ရောက်သွားနိုင်ပြီး ၊ အကြောက်တရား မရှိပဲ ကောင်းကျိုးကိုသာ လုပ်ပြန်လျှင်လည်း မခန့်လေးစား နှင့် ဩဇာအာဏာ မရှိသည့် အဖြစ် ရောက်သွားမည်” ဟု ပြောခဲ့သည်။

 

ရိုဘ်စပရီး ကဲ့သို့ပင် အခြားသော ဂျက်ကိုဘင် အဖွဲ့ဝင်များ က သွေးမြေကျခဲ့ရမှုများသည် ပိုမိုကောင်းမွန်ပြီး တန်းတူညီမျှ ရှိယုံမက တရားမျှတသော လူ့အဖွဲ့အစည်းကြီး တည်ထောင်နိုင်ရန် ပေးဆပ်နေရသော တန်ဖိုးများဟု ယုံကြည်နေကြသည်။

 

တော်လှန်ရေးကြီး ဖြင့် လူ့အဖွဲ့အစည်းကြီး အား အခြေခံကျကျ ပြောင်းလဲပစ်နိုင်ရန် ၁၇၉၂ မှ ၁၇၉၄ အတွင်း တော်လှန်ရေး ကြီး ၏ အဆုံးစွန်သော အဆင့် ဖြစ်သည့် မင်းဆွေမင်းမျိုးများ၊ သူကောင်းမျိုးနွယ်များ၊ ကက်သိုလစ် ဘာသာဝင် သာသနာ ဝန်ထမ်း ဘုန်းတော်ကြီးများကို ရှင်းလင်းဖယ်ရှားပစ်လာကြသည်။ ထို့နောက်တွင်တော့ ပြင်သစ်အား ကိုယ်ကျင့်တရား ပြည့်ဝသည့် ခေတ်မီ နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် လုံးပမ်းလာခဲ့ကြသည်။ ထိုသို့ လုပ်နိုင်ရန် ပြင်သစ် လူ့အဖွဲ့အစည်းကြီး အတွင်း ညီညွတ်မှု ကို တည်ဆောက်နိုင်ရေး အတွက် ယဉ်ကျေးမှု ထုံးတမ်းဓလေ့များကိုပါ ပြောင်းလဲပစ်ဖို့ လိုအပ်လာသည်ဟု ခံယူခဲ့ကြသည်။