ညီရင်းအကို သွေးစည်းမှု နှင့် အဓမ္မ ဝါဒ အားပြိုင်မှုကြားမှ ပြင်သစ် တော်လှန်ရေး (၇)
၁၇၉၂ ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြင်သစ် ကျောမွဲများသည် တူလရိစ် နန်းတော်ကြီးအား ဝင်ရောက်စီးနင်းခဲ့ကြသည်။ ဘုရင်၏ ကိုယ်ရံတော် ဆွစ် အစောင့်တပ်သည် သေနတ်ဖြင့် ပစ်ခတ်ပြီး လူစုခွဲဖို့ ကြိုးစားလာခဲ့သည်။ ထိုသို့ အင်အားသုံးလာမှု သည် လူထုကြီး ၏ ဒေါသ ကို ဆွပေးလိုက်သလို ဖြစ်ခဲ့ရပြီး နန်းတော်ကို မရအရ သိမ်းပိုက်ရန် ကြိုးပမ်းလာကြသည်။ (ပုံတွင် တွေ့ရစဉ်)
နောက်ဆုံးတွင် အစောင့်တပ်ဖွဲ့ဝင်များသည် အဆမတန် များပြားလာသော လူစုလူဝေးကြီး လက်ချက်ဖြင့် အသက်ပျောက်ခဲ့ကြရသည်။ ပြင်သစ်၏ ဘုရင်စနစ်သည်လည်း အပြီးအပိုင် ဆုံးခန်းတိုင်သွားခဲ့ပြီ ဖြစ်သည်။ ဥပဒေပြု ညီလာခံ မှ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်ရန် ကြိုးစားလာခဲ့သည်။ သို့သော်လည်း စစ်သွေးကြွများ ဖြစ်သည့် မာရတ် နှင့် ရှေ့နေများ၊ ဥပဒေပြု အမတ်တဦး ဖြစ်သူ မက်ဆီမီလန် ရိုဘ်စပရီးတို့သည် ထိုသို့ ပြောလာသူများအား တန်ပြန် တော်လှန်ရေးသမား များ အဖြစ် တံဆိပ်ခပ် နှိပ်လိုက်ကြသည်။
ထိုနှစ် နွေဦး အတွင်း ပါရီ တွင် ပေါ်ပေါက်ခဲ့သော တင်းမာမှုများကြောင့် အစိုးရသစ်သည် တန်ပြန် တော်လှန်ရေး ဆင်နွှဲလာနိုင်သည်ဟု ယူဆခံရသူသူကောင်းမျိုးနွယ်များ၊ ယခင် နန်းတော် အရာရှိများ၊ သာသနာ ဂိုဏ်းဝင်များ ထောင်နှင့် ချီ၍ ဖမ်းဆီးခဲ့သည်။
သို့သော် အကျဉ်းကျခံနေရသည့် တန်ပြန်တော်လှန်ရေး သမားများဟု သံသယရှိခံထားရသူများသည် ကျုးကျော် တိုက်ခိုက်လာနေသည့် ပြည်ပတပ်များ နှင့် ပူးပေါင်းရန် ပြင်ဆင်နေကြသည်ဟူသော ကောလဟသများ ပျံ့နှံ့လာခဲ့ပြန်သည်။
ထိုသတင်းကြောင့် ဒေါသ ထွက်လာပြန်သော လူထုကြီးသည် ပါရီရှိ အကျဉ်းထောင်များကို ဝင်ရောက် စီးနင်းခဲ့ကြပြန်ပြီး သူကောင်းမျိုးနွယ်များ၊ ဘုန်းကြီးများ၊ သာမန် အကျဉ်းသား စုစုပေါင်း ၁,၂၀၀ ခန့်ကို သွေးအေးအေး ဖြင့် ကွပ်မျက်ပစ်ခဲ့ကြသည်။ ထိုဖြစ်ရပ်ကြီးသည် စက်တင်ဘာ လူသတ်ပွဲကြီး အဖြစ် သမိုင်းတွင်သွားခဲ့သည်။
ထိုသို့ အကြမ်းဖက်မှုကြီး အပေါ် ကာကွယ်ပြောဆိုခဲ့သူများသည် ဂျက်ကိုဘင် အဖြစ် ထင်ရှားလာသည့်နိုင်ငံရေး ကလပ် မှ အဖွဲ့ဝင်များပင် ဖြစ်သည်။ ထိုအထဲတွင် လက်ရှိ စနစ်ကို မြေလှန်ပြောင်းလဲပစ်လိုကြသည့် မာရတ်၊ ရိုဘ်စပရီး၊ ဂျော့ခ်ျ ဒန်တန် တို့ ပါဝင်သည်။ မာရတ်မှ မှားယွင်းစွာ စာနာထောက်ထားခဲ့မည်ဆိုက တော်လှန်ရေး၏ ခြေတံလက်တံများကို ရိုက်ချိုးပစ်ရာကျပြီး တိုက်ခိုက်လာမှုများကို ဟန့်တားနိုင်ခြင်း မရှိခဲ့လျှင် ကျွနုပ်တို့ ၏ သန်းပေါင်းများစွာသော ညီနောင်များ အသက်ဆုံးရှုံးကြရလိမ့်မည်ဟု ပြောဆိုခဲ့သည်။
ဥပဒေပြု လွှတ်တော်သည်လည်း အကြမ်းဖက်မှုများကို ဟန့်တားနိုင်ခြင်း မရှိခဲ့သဖြင့် လူထု၏ အယုံအကြည်မဲ့ခြင်း ခံခဲ့ရပြီး အမျိုးသား ညီလာခံ ဖြင့် အစားထိုး ဖွဲ့စည်းလာခဲ့သည်။ အမျိုးသား ညီလာခံမှ ပြင်သစ်တွင် ဘုရင်စနစ် ပျက်သုံးသွားပြီ ဖြစ်သဖြင့် သမ္မတ နိုင်ငံ အဖြစ် ကျေညာလာခဲ့သည်။
အသစ် ပေါ်ပေါက်လာသော သမ္မတနိုင်ငံ အတွင်းမှာပင် ဂျက်ကိုဘင် ကလပ်သည် မျိုးချစ်စိတ်၊ စွန့်လွှတ် အနစ်နာခံမှု နှင့် အတူ ပြတ်သားစွာ ဆောင်ရွက်ရန် အချိန်တန်ပြီ ဆိုကာ တော်လှန်ရေး အား နောက်ထပ် အရှိန်မြှင့်တင်ရန် တွန်းတွန်းတိုက်တိုက် လုပ်လာခဲ့ကြပြန်သည်။ ရိုဘ်စပရီး နှင့် ဒန်တန် တို့မှ ဦးဆောင်ပြီး ပြင်သစ် သမ္မတနိုင်ငံသည် ကမ္ဘာတဝှမ်း လွတ်လပ်မှု အတွက် တပ်ဦး မှ ဦး ဆောင်ပြီး ကရူးဆိတ် စစ်ပွဲ ဆင်နွှဲရမည်ဟု လှုံ့ဆော်လာကြသည်။
သို့သော်လည်း အမျိုးသား ညီလာခံ အဖို့ လောလောလပ်လပ် ဖြေရှင်းရမည့် ပြဿနာကား လူဝီ ၁၆ ဘုရင် အပေါ် မည်သို့မည်ပုံ အရေးယူရမည်နည်း ဆိုသည်အပေါ် ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည့် အရေးပင် ဖြစ်သည်။ ဂျီယွန်ဒစ် ဆိုသည့် အဖွဲ့က အလယ်အလတ် သဘောထားရှိပြီး လူဝီ ၁၆ အရေး နှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရန် အဆိုပြုလာခဲ့ကြသည်။ သို့သော် ဂျက်ကိုဘင် ကလပ်မှ ကွပ်မျက်ရမည်ဟု အတင်းအကျပ် ပြောလာခဲ့ကြသည်။
ကွပ်မျက်ရန် အရေးအား စိတ်အားတက်ကြွစွာ ပြောဆို စည်းရုံးလာခဲ့သူသည် ရိုဘ်စပရီးပင် ဖြစ်သည်။ သူ၏ ရဲရဲတောက် မိန့်ခွန်းများကြောင့် အမျိုးသား ညီလာခံမှ လူများစု သည် ကွပ်မျက်ရန် အရေးကို ထောက်ခံခဲ့ကြသည်။ ရိုဘ်စပရီးမှ" ဘုရင်မရှိမှသာ အဖ ပြင်သစ် သမ္မတ နိုင်ငံတော်သည် ဆက်လက် ရှင်သန် နိုင်လိမ့်မည်" ဟု ပြောခဲ့သည်။
ဘုရင် နှင့် ပြည်ပနိုင်ငံများ ၏ နန်းတော်များ နှင့် လျို့ဝှက် ဆက်သွယ်ထားသည့် စာရွက်စာတမ်းများအား ၁၇၉၂ နိုဝင်ဘာလ အတွင်း ရှာဖွေတွေ့ရှိလာခဲ့သဖြင့် ဂျက်ကိုဘင် အဖွဲ့ဖက်မှ အရေးသာလာခဲ့သည်။
ယခင် လူဝီ ၁၆ အဖြစ်မှ သာမန် နိုင်ငံသား လူဝီ ကားပက် ဖြစ်လာသူအား ၁၇၉၃ ဇန်နဝါရီ လ တွင် ကားစင်တင်ကာ ကွပ်မျက်လိုက်ခြင်းဖြင့် တော်လှန်ရေးသည် ယခုအခါ မည်သို့မျှ ပြန်လမ်းမရှိတော့သည့် အလှည့်အပြောင်းကြီး ဖြစ်သွားခဲ့ပေတော့သည်။
ဆက်လက်တင်ပြပါမည်။