ပြင်သစ်၏ ဘုရင်စနစ်သည် အနှစ်သာရ အားဖြင့် မဟုတ်သော်လည်း ပုံသဏ္ဍန် အရ ကျန်နေဆဲပင် ဖြစ်သည်။ ကြေညာထားသည့် နိုင်ငံသား အခွင့်အရေး ကျေညာစာတမ်း အား ဥပဒေကြောင်းအရ အပြည့်အဝ အာဏာသက်ဝင်လာစေရန် ဘုရင်၏ အတည်ပြုချက် ရဖို့ လိုနေသည်။ သို့သော် ထိုသို့ အတည်ပြုပေးရန် ဘုရင်သည် တုန့်နှေးနေဆဲပင် ဖြစ်သည်။
နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ် အကြာတွင် ပါရီ မြို့သူ မြို့သားများသည် ၎င်းတို့၏ အာဏာကို နောက်တကြိမ် အပြီးအပိုင် ပြဋ္ဌာန်း နိုင်ရန် လုံးပမ်းလာခဲ့သည်။ ပေါင်မုန့်များ ဆက်လက် ပြတ်လတ်လာနေမှု၊ ဘုရင်မှ ကျေညာစာတမ်းကို အတည်ပြုပေးရန် လိုလိုလားလား မရှိမှုတို့ကြောင့် ဒေါသအမျက်ချောင်းချောင်း ထွက်လာကြပြီး ပြင်သစ် အိမ်ရှင်မ ၇,၀၀၀ ခန့်သည် အောက်တိုဘာလ အတွင်း ဓါးများ၊ သေနတ်များ၊ တံပျက်စီးတံများ၊ ခက်ရင်းခွများ ကိုင်ဆောင်ကာ ဗာဆေး နန်းတော်သို့ ချီတက်လာခဲ့ကြသည်။
၎င်းတို့အား အမျိုးသားများနှင့် ဖွဲ့စည်းထားပြီး ဖြစ်သော ပါရီ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များက ဝိုင်းရံပေးလာခဲ့ကြသည်၊ ရရာလက်နက် စွဲကိုင်လာကြသော အမျိုးသမီးထုကြီးသည် မြေရှင်ပဒေသရာဇ် စနစ်ကို ဖျက်သိမ်းပြီး လူတဦးချင်းစီနှင့် နိုင်ငံသား အခွင့်အရေးများကို အကာအကွယ်ပေးမည့် အမိန့်ကို လက်မှတ်ထိုးရန် လူဝီ ၁၆ ဘုရင်အား အတင်းအကျပ် တောင်းဆိုလာခဲ့ကြသည်။
ထို့အပြင် ဘုရင် နှင့် သူ၏ မိသားစုအား ဗာဆေး နန်းတော်မှ ထွက်ခွာခိုင်းခဲ့ပြီး ပါရီ ရှိ တူလရိစ် နန်းတော်သို့ ရွှေ့ပြောင်းခိုင်းခဲ့ကြသည်။ နန်းတော်သည် ပါရီ မြို့တွင်း တွင် ရှိနေ၍ မြို့သူ မြို့သားများ ဘုရင်၏ လှုပ်ရှားမှုအား အလွယ်တကူ စောင့်ကြည်နေနိုင်ရန် အတွက် ဖြစ်သည်။
ထိုအချိန်အတောအတွင်း အမျိုးသား လွှတ်တော်သည် ပြင်သစ် အနာဂတ်အရေး နှင့် ပတ်သက်၍ အဓိက အချက်များကို ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေးနေကြသည်။
၁၇၉၁ စက်တင်ဘာလ တွင် ညီလာခံမှ ပြင်သစ်၏ အခြေခံ ဥပဒေကို တရားဝင် ထုတ်ပြန်လာနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုဖွဲ့စည်းပုံဖြင့် သက်ဦးဆံပိုင် ဘုရင်စနစ်မှ စည်းမျဉ်းခံ ဘုရင်စနစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ဘုရင်သည် တိုင်းပြည်ကို ဖွဲ့စည်းပုံနှင့် အညီ အုပ်ချုပ်ရတော့မည် ဖြစ်ပြီး ဥပဒေများကိုလည်း နိုင်ငံသားများက ရွေးချယ်တင်မြှောက်ထားသော ဥပဒေပြု ညီလာခံ မှ ပြဋ္ဌာန်းပေးသွားမည် ဖြစ်သည်။
သို့သော်လည်း ပြင်သစ်တွင် အခြေခံ မညီမျှမှုများက ဆက်၍ ရှိနေဆဲပင် ဖြစ်သည်။ နိုင်ငံရေး တွင် တက်ကြွစွာ ပါဝင်နိုင်မည့် နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရန် အမျိုးသား ဖြစ်ရမည့် အပြင် အိုးအိမ် ခြံမြေ အတည်တကျ ပိုင်ဆိုင်သူ ဖြစ်ရန် လိုအပ်သည်။ ထိုသို့ ပိုင်ဆိုင်ခြင်း မရှိသည့် အမျိုးသမီးများ၊ အစေခံများ နှင့် လူဆင်းရဲများသည် အရပ်ဖက် အခွင့်အရေးများ ရရှိနေပြီ ဖြစ်သော်လည်း မဲပေးပိုင်ခွင့် အပါအဝင် အစိုးရ၏ လုပ်ငန်းဆောင်တာများ တွင် တက်တက်ကြွကြွ ဝင်ရောက် ပါဝင်နိုင်ခွင့် မရရှိပဲ ဖြစ်နေသည်။
“မြင်ယုံသာ မြင်ရ မကြင်ရ” ဖြစ်လာခဲ့မှုကြောင့် ပြောင်းလဲမှုများကို အမှန်တကယ်လိုလားကြသည့် အင်အားကြီးထွားလာနေသော ပြင်သစ် အောက်ခြေ အလုပ်သမား လူတန်းစား များ အကြား အားမလို အားမရ ဖြစ်လာကြသည်။
ထိုသို့ မကျေမနပ် ဖြစ်နေမှုများကို ၁၇၉၁ ဇွန်လ တွင် လူဝီ ၁၆ ဘုရင်သည် နောက်ထပ် ဆွ ပေးသည့် လုပ်ရပ်ကို ကျုးလွန်ခဲ့ပြန်သည်။ ပြင်သစ်နယ်ခြားသို့ တိမ်းရှောင်သွားကြသော သူကောင်းမျိုးနွယ်များသည် တန်ပြန်တော်လှန်ရေးကို ဆင်နွှဲရန် လက်နက်လူသူ အင်အား စုဆောင်းလာနေကြပြီး ဘုရင် နှင့် မိသားစုသည် ၎င်းတို့နှင့် သွားရောက်ပူးပေါင်းရန် ကြံစည်လာခဲ့ကြသည်။ သို့သော် နိုင်ငံ အပြင်သို့ ထွက်ရန် ကြံစည်မှုသည် ပျက်ပြားသွားခဲ့ရသည်။ နယ်ခြား နှင့် ကပ်နေသော မြို့လေးတွင် ရုပ်ဖျက်ပြီး ရောက်လာသော ဘုရင်အား လူထုက မှတ်မိသွားပြီး ဝတ်လာသော အဝတ်အစားများကို ချွတ်ကာ ပြင်သစ်သို့ အရှက်တကွဲ ပြန်ပို့ခြင်း ခံခဲ့ရသည်။
လူထုကြီး ၏ တော်လှန်ရေး စိတ်ဓါတ်များကို ထပ်၍ တွန်းအား ပေးလာခဲ့သည်က ပြည်ပနိုင်ငံများ က ပြင်သစ်ကို ဝင်ရောက်တိုက်ခိုက်ရန် စစ်ပြင်ဆင်လာနေမှုများပင် ဖြစ်သည်။ အိမ်နီးချင်း ဖြစ်သော ဩစတီယား နှင့် ပရပ်ရှား ဘုရင်နိုင်ငံများ က ပြင်သစ် တော်လှန်ရေး ၎င်းတို့ထံ ကူးစက်မလာနိုင်မီ ဦးချိုးထားရန် အကြံဖြင့် ဝင်ရောက်တိုက်ခိုက်ရန် ကြံစည်လာခဲ့ကြသည်။
ထို့အတွက် ၁၇၉၂ ဧပြီလ တွင် ပြင်သစ် တို့က မိမိတို့ တော်လှန်ရေး ကို ကာကွယ် စောင့်ရှောက်နိုင်ရန် လက်ဦးမှု ရယူကာ အရင်ဦးအောင် တိုက်ခိုက်လာခဲ့သည်။ စိတ်မန်တက်ကြွသော နိုင်ငံရေး သမားများ နှင့် စာရေးဆရာများက ပြင်သစ်တို့၏ မျိုးချစ်စိတ်ဓါတ်ကို ဆွ ပေးလာခဲ့ကြသည်။ ယန်းပေါ မာရတ် ကဲ့သို့သော သတင်းစာဆရာများက ပြင်သစ် အစိုးရသည် နိုင်ငံသားများ ၏ ကောင်းကျိုး ချမ်းသာကို မကြည့်ပဲ ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟု လူထုကို အသိပေးလာခဲ့သည်။
“ငြိမ်းချမ်းရေး၊ ယုံကြည်မှု ရှိရေး၊ ဥပဒေကို လေးစားလိုက်နာကြရေး” ဟု ဟောပြောနေကြသူများသည် တော်လှန်ရေး၏ ရန်သူများ ဖြစ်သည်ဟု ဆိုကာ လူထု၏ ဒေါသထွက်နေမှု သည် အခြေအနေများ ပေါက်ကွဲထွက်လာမည့် အရေးကို ကာကွယ်ရန် ဖြစ်သင့်ဖြစ်ထိုက်သော လုပ်ရပ်အဖြစ် ကာကွယ်ပြောဆိုလာခဲ့ကြသည်။
မာရတ်၏ ပေါက်ကွဲထွက်လာတော့မည် ဟူသော ခန့်မှန်းပြောဆိုချက်သည် နွေရာသီ ၏ အပူပြင်းဆုံး လ ဖြစ်သည့် ဇူလိုင်လ တွင် အမှန်တကယ် ဖြစ်ပျက်လာခဲ့သည်။ စစ်ပွဲတွင် ပြင်သစ်တို့ မဟာဗျုဟာကျသည့် အချက်အခြာ နယ်မြေများ ဆုံးရှုံးလာခဲ့မှုများ ကြောင့် ပါရီ ကျဆုံးခန်း ဆိုက်ရောက်လာတော့မည်လားဟူသော စိုးရိမ်စိတ်များ အားလုံး၏ စိတ်တွင် ပေါ်ပေါက်လာနေခဲ့ပြီ ဖြစ်သည်။
ယင်းနှင့် အတူ နေ့စဉ်နှင့် အမျှ တရိပ်ရိပ်တက်လာနေသော ငွေကြေး ဖေါင်းပွမှု နှင့် ပေါင်မုန့် ပြတ်လတ်နေမှုကြောင့် တထွာမျှသော ဝမ်းကိုပင် လောက်ငှအောင် ဖြည့်တင်းနိုင်ခြင်း မရှိကြတော့သည့် ပြင်သစ် ကျောမွဲများ၏ နဂိုကမှ လူဝီ ၁၆ နှင့် ကြင်ယာတော် ဩစတီးယန်း မင်းသမီး တို့ တိုင်းပြည်ကို သစ္စာဖေါက်နေကြသည်ဟူသော သံသယ အစိုင်အခဲကြီးသည် ၁၇၉၂ ဩဂုတ်လ ၁၀ ရက်နေ့တွင် ပေါက်ကွဲထွက်လာခဲ့ပေတော့သည်။