သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(60)

by Hla Soewai - Nov 03 2022

ညီရင်းအကို သွေးစည်းမှု နှင့် အဓမ္မ ဝါဒ အားပြိုင်မှုကြားမှ ပြင်သစ် တော်လှန်ရေး (၅)

 

ပြင်သစ် တွင် ဆိုးဝါးလှသော သီးနှံ အထွက်နှုန်း နှစ်နှစ် ဆက်တိုက် ကြုံခဲ့ရပြီးနောက် မိုးထိအောင် မြင့်တက်လာသော ပေါင်မုန့်ဈေး ကြောင့် ပါရီ မြို့သူ မြိုသား များ အငတ်ဘေးဒဏ်ကို အလူးအလိမ့် ခံနေကြရချိန်လည်း ဖြစ်သည်။ ထိုသို့ အခြေအနေကြားမှပင်ပါရီ သားများသည် ဘုရင်မှ စစ်တပ်ကို မြို့ပြင်တွင် စုရုံးနေသည်ဟူသော သတင်းကြောင့် ၎င်းတို့အား ကိုယ်စားပြုနေသော အမျိုးသား လွှတ်တော်ကို ကာကွယ်ရန် ပြည့်သူ့စစ်များ ဖွဲ့စည်းလာကြသည်။ ဤသို့ဖြင့် တော်လှန်ရေးသည် အညွန့်တလူလူ ထွက်လာခဲ့ပြီဟု ဆိုရမည် ဖြစ်သည်။

 

ဤသို့ဖြင့် ဇူလိုင် ၁၄ ရက်နေ့တွင် လူစုလူဝေးကြီးဖြင့် ဗတ်စတီး ရဲတိုက်ကြီးရှိရာသို့ စုဝေးချီတက်လာကြသည်။ 

 

ထိုခံတပ်ကြီးအား စောင့်ကြပ်နေသည့် တပ်မှုးဖြစ်သူ သူကောင်းမျိုးနွယ်ဝင် ဘားနတ် ရီနေး ဂျော်ဒန် ဒီ လူနေးသည် လူအုပ်ကြီးအား ရပ်တန့်ရန် ကြိုးပမ်းခဲ့သည့် မဟာ အမှားကြီးကို ကျုးလွန်လာခဲ့သည်။

 

ညဖက် ရောက်လာချိန်တွင်တော့ အဆမတန် များပြားလာသော လူအုပ်ကြီးနှင့် ရဲတိုက်အတွင်းရှိ တပ်ဖွဲ့ဝင် အချို့၏ ဘက်ပြောင်းလာမှု ဖြင့် လက်နက်အင်အား လွန်စွာ သာလွန်နေသည့် အစောင့်တပ် ကို အနိုင်ရရှိသွားခဲ့သည်။

 

အစောင့် တပ်မှ တပ်သားတဦး ‌သေဆုံးပြီး ပါရီမြို့သူ မြို့သားထဲမှ ၉၈ ဦး ကျဆုံးခဲ့ရသည်။ ထိုအထဲတွင် ဘတ်စတီး ရဲတိုက်ကြီးအား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လူအုပ်ကြီး၏ ဓါးချက်ဖြင့် အသက်ပျောက်ကာ ခေါင်းဖြတ်ခံခဲ့ရသော တပ်မှုး ဒီ လူနေး သည် နောက်ဆုံးတွင် ပါဝင်သွားခဲ့ရသည်။

 

ယနေ့ထိ ဇူလိုင် ၁၄ ရက်နေ့ကို ပြင်သစ်တွင် အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ထားဆဲပင် ဖြစ်သည်။ ထိုအချိန်က ဥပဒေ ဖြင့် ပြဋ္ဌာန်းနိုင်ခဲ့သော အမိန့်ဥပဒေ မျိုး ထွက်မလာခဲ့သေးပေ။ သို့သော် ဗတ်စတီး ရဲတိုက်ကြီးအား ဝင်ရောက်စီးနင်းခဲ့မှုဖြင့် ပြင်သစ် အောက်ခြေ လူတန်းစားတို့၏ ရုန်းကန်တိုက်ပွဲဝင်မှု အား လူထု ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရနေကြောင်း အတည်ပြု ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပေသည်။

 

ထိုအချက်အား လူဝီ ဘုရင် အနေဖြင့် မည်သို့မျှ လျစ်လျုရှု‌၍မရအောင် ဖြစ်သွားခဲ့ရသည်။ နက်ကာ အား ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ပြန်လည် ခန့်အပ်ခဲ့ပြီး ပါရီ မြို့စွန် တွင် စုရုံးထားသော တပ်များကို ပြန်လည် ရုပ်သိမ်းပေးခဲ့ရသည်။ မြို့တော် ခန်းမရှေ့ လူမြင်ကွင်းသို့ ထွက်လာပြီး သူ့ကိုယ်သူ လွတ်လပ်‌သော ပြင်သစ် ပြည်သူတို့၏ ဘုရင်ဖြစ်ကြောင်း ကျေညာလာခဲ့ပြန်သည်။ ဤသည်က ဖြစ်ပျက်ခဲ့မှု များ အပေါ် ခွင့်ပြုကြောင်း ပြောလိုက်သလို ဖြစ်သွားခဲ့သည်။

 

သို့သော် ဆက်လက် ဖြစ်ပေါ်လာမှုများက သူ မည်သို့မျှ လိုက်မမီအောင် အပြောင်းအလဲများ ဖြစ်ပေါ်လာနေပြီး ပြည်သူတရပ်လုံ့းက ၎င်းတို့၏ တိုးတက်ရာ တိုးတက်ကြောင်းများအား ဟန့်တားကာ နဖားကြိုးထိုးထားသော လက်ရှိ စနစ်ကြီး တခုလုံးကို အပြီး အပိုင် ရှင်းလင်း ဖယ်ရှားပစ်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်ကိုလည်း ရိပ်စားမိဟန် မတူပေ။ ဘတ်စတီး ခံတပ်ကြီးအား စီးနင်းပြီး နောက်ပိုင်းတွင် ပြင်သစ် တနိုင်ငံလုံးတွင် လူထုသည် မဲမဲမြင်ရာ ဖျက်ဆီးပစ်လာခဲ့ကြသည်။ အားလုံးသည် မိမိတို့ အပေါ် တသက်လုံး အနိုင်ကျင့်လာခဲ့သူများ အပေါ် အငြိုးတကြီးဖြင့် လက်စားချေ တိုက်ခိုက်ခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။

 

ဩဂုတ်လ ၄ ရက်နေ့တွင် အမျိုးသား ညီလာခံ မှ လက်မှတ်တချက် ထိုးယုံမျှ နှင့် ပြင်သစ်၏ ကံကျွေးချ မြေရှင် ပဒေသရာဇ် စနစ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်ခဲ့သည့် အဆင့်အထိ ရောက်ရှိလာခဲ့သည်။ အမျိုးသား ညီလာခံသည် နိုင်ငံအာဏာ၏ ဗဟိုချက် အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ဩဂုတ်လ ၂၇ ရက်နေ့တွင် အမျိုးသား လွှတ်တော်သည် အမေရိကန်၏ လွတ်လပ်ရေး ကြေညာ စာတမ်းကို အတုယူကာ လူတဦးချင်းစီ နှင့် နိုင်ငံသားတို့၏ အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်လာခဲ့သည်။

 

ထိုစာတမ်းတွင် လူတိုင်းသည် မွေးဖွားလာစဉ်ကတည်းက လွတ်လပ်ပြီး တန်းတူညီမျှ မှု ရှိရမည်ဟု ပြဋ္ဌာန်းလာခဲ့သည်။ အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံ တို့အကြား ဆက်ဆံရေး စနစ်သစ်တရပ် ထူထောင် နိုင်ရန် အတွက် နိုင်ငံရေး အသင်းအဖွဲ့များ အားလုံးသည် လွတ်လပ်ခွင့်၊ ဥစ္စာဓန ပိုင်ဆိုင်ခွင့်၊ လုံခြုံစွာ နေထိုင်နိုင်ခွင့်၊ ဖိနှိပ်မှု များကို ဆန့်ကျင်ပိုင်ခွင့် သဘောတရားများဖြင့် ရည်ရွယ်ဖွဲ့စည်းရမည်ဟု အမျိုးသား ညီလာခံ ကိုယ်စားလှယ်များက အလေးအနက် ထုတ်ဖေါ်ပြောဆိုလာခဲ့ကြသည်။ ထို့ပြင် နိုင်ငံဆိုသည်က ထိုနိုင်ငံ အတွင်း မှီတင်းနေထိုင်လျက် ရှိကြသော နိုင်ငံသားများ နှင့် ဖွဲ့စည်းထား၍ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ၏ လက်ဝယ်တွင်သာ ရှိရမည်ဟု ဆိုသည်။

 

ထိုစာတမ်း‌သည် ပြင်သစ်တို့၏ နိုင်ငံရေး နှင့် အသိလိမ္မာတရား အရေးပါစွာ ပြောင်းလဲတိုးတက်လာမှုကို လွန်စွာ မချီးကြူးပဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။နိုင်ငံတွင်းရှိ လူများသည် အုပ်ချုပ်သူ တို့၏ အနှောင်အဖွဲ့များ နှင့် နဖားကြိုးထိုးခံ ဘဝမှ နိုင်ငံသားများ အဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရန် ပြောင်းလဲပေးလိုက်ခြင်းပင် မဟုတ်ပါလော။ ဤသို့ဖြင့် နောင်ဖြစ်ပေါ်လာမည့် အစိုးရတိုင်းသည် "လူတဦးချင်းစီ ၏ အခွင့်‌အရေး အပေါ် အာမခံနိုင်ရမည်" အပေါ် အရင်းခံ၍ ဖွဲ့စည်း ဖြစ်ပေါ်လာရန် လမ်းခင်းပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

ဆက်လက်တင်ပြပါမည်။