ညီရင်းအကို သွေးစည်းမှု နှင့် အဓမ္မ ဝါဒ အားပြိုင်မှုကြားမှ ပြင်သစ် တော်လှန်ရေး (၂)
၁၇၇၄ ခုနှစ်တွင် လူဝီ ၁၆ ဘုရင်သည် ထီးနန်းကို ဆက်ခံခဲ့သည်။ ပြင်သစ်အား ၁၅၈၉ ခုနှစ်မှစ၍ အုပ်ချုပ် မင်းလုပ်လာခဲ့ သော ဘူဘွန် မင်းဆက်၏ နောက်ဆုံးလည်း ဖြစ်သွားခဲ့ရသည်။ ဘူဘွန် ဘုရင်များသည် အင်္ဂလိပ် ပြည့်ရှင်မင်းများ မရခဲ့ဖူးသည့် အခွင့်ထူးများကို ခံစားနေကြသူများ ဖြစ်သည်။
၎င်းတို့ စည်းစိမ်ယစ်မူးနေကြစဉ်တွင် ရေလက်ကြား တဖက်ရှိ အင်္ဂလန်တွင်တော့ ဘုရင် နှင့် ပါလီမန် အကြား အားပြိုင်မှုများသည် ၁၇ ရာစုနှစ် တလျောက်လုံး ဖြစ်ပွားနေခဲ့သည်။ ပြင်သစ် ဘုရင်များ အဖို့က ထိုသို့ အရေးစိုက်ရမည့် အမှီအခိုကင်းသော ဥပဒေပြု အဖွဲ့လည်း မရှိပေ။ ထိုမျှမကသေး အင်္ဂလန် တွင် ရေးဆွဲပြဋ္ဌာန်းထားသည့် Magna Carta ဆိုသည့် နိုင်ငံသား အခွင့်အရေး လိုက်နာရမည့် ဖွဲ့စည်းပုံ မျိုးလည်း မရှိ။ အမေရိကား၏ လူ့အခွင့်အရေး ဥပဒေလည်း မရှိပေ။ ပြင်သစ် တွင် ဘုရင်သည်သာ ဥပဒေ၊ အာဏာအရပ်ရပ် ကို ပိုင်စိုးထားသူ ဖြစ်သည်။
ဘုရင်၏ လက်အောက်တွင် ရှိ ပြင်သစ် လူ့အစည်းအရုံးကြီးအား ပထမ၊ ဒုတိယ၊ တတိယ Estate ခေါ်လူတန်းစားသုံးရပ် ဟုဆိုကာ သတ်မှတ် ပြဋ္ဌာန်းထားခဲ့သည်။ ခရစ်ယာန် ဘုန်းတော်ကြီးများအား ဘုရားသခင် နှင့် နီးစပ်သူများ ဟု ယူဆထားသဖြင့် ဘုရင်အောက် တထစ်လျော့ အဆင့်အတန်း ဖြစ် သော ပထမ လူတန်စားဟု သတ်မှတ်ပေးထားသည်။ လူဦးရေ ၂၅ သန်းမျှ ရှိသော ပြင်သစ်တွင် ထိုသို့ သတ်မှတ်ပေးခံရသည် သာသနာ ဝန်ထမ်း ၁၀၀,၀၀၀ ခန့် ရှိနေသည်။
ဒုတိယ လူတန်းစားတွင် မင်းမျိုးမင်းနွယ်၊ မြို့စားနယ်စားများ ပါဝင်သည်။ ၎င်းတို့ အရည်အတွက်သည်လည်း ၄၀၀,၀၀၀ ခန့် ရှိနေသည်။ တတိယ လူတန်းစားတွင်တော့ လယ်သမား၊ အနုပညာရှင်များ၊ ကုန်သည်များ၊ လူချမ်းသာများ ပါဝင်သည်။
အခွင့်ထူးများအားလည်း အထက်အဆင့်တွင် ရှိနေသူများ၏ သဘောအတိုင်း ပေးအပ်မှသာ ခံစားခွင့် ရှိနေသည်။ သို့သော် ထိုအနေအထားကို တဖြေးဖြေး ကြီးထွားလာနေသော ပြင်သစ် ပညာတတ်များက တရားမျှတမှု မရှိဆိုကာ မခံရပ်နိုင် ဖြစ်လာကြသည်။ အထူးသဖြင့် ၁၆၈၈-၈၉ အတွင်း ပေါ်ပေါက်ခဲ့သော ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် အင်္ဂလန် တော်လှန်ရေး ကြီး အပြီး စည်းမျဉ်းခံ ဘုရင်စနစ်ကို အားကျလာခဲ့ကြသည်။
၁၇၁၅ မှ ၁၇၈၉ အတွင်း ဥရောပ ကုန်းမြေကြီးတွင် အတွေးအခေါ် အယူအဆ သစ်များ ထွန်းကားလာမှုကြောင့် ညဏ်အလင်းပွင့် ကာလ ဟု သတ်မှတ်ခံထားရသော အချိန်လည်း ဖြစ်သည်။ ထိုကာလ အတွင်း ပေါ်ထွက်လာခဲ့သော တွေးခေါ်ပညာရှင်များသည် လက်ရှိ လူနေမှု စနစ်ကို ဝေဖန်သော စာအုပ်စာတမ်းများ ထုတ်ဝေ ဖြန့်ချီခဲ့ကြသဖြင့် လူထုကြားတွင် အယူအဆ သစ်များ တစထက်တစ ပြန့်ပွားလာခဲ့သည်။
အထူးသဖြင့် သာသနာပိုင်များ၏ ဘာသာရေး အရ အကဲဆတ်မှုများ၊ လူအချင်းချင်း ခွဲခြားဆက်ဆံ ခံနေရခြင်းများ နှင့် အုပ်ချုပ်သူ လူတန်းစား၏ ထင်သလို နှိပ်စက်ကလူ ပြု လာမှုများ အပေါ် တိုက်ခိုက်ခဲ့ကြသည်။
မွန်တက်စကျု၊ ဒီဒရို၊ ရူဆိုး နှင့် ဗော်လတဲယား တို့မှ ပြင်သစ် လူ့အဖွဲ့အစည်း၏ လူတန်းစား သုံးရပ် အဖြစ် ပြဋ္ဌာန်းထားမှု ကို လှောင်ပြောင်ရှုတ်ချခဲ့ကြသည်။ ပြင်သစ် တို့အကြား ပြန့်နှံခဲ့သော ကောလဟသများ၊ သီချင်းများ၊ ဟာသများ၊ စာစောင်များနှင့် ကာမရာဂစိတ် လှုံ့ဆော်သည် အပြာစာအုပ်များပါမကျန် နိုင်ငံရေး နှင့် ကင်းလွတ်သည်ဟူ၍ မရှိသလောက် ဖြစ်လာခဲ့သည်။
ယခင်က အထိမခံ အကဲဆတ်သည် ဘာသာရေး အားလည်း မခန့်လေးစား ပြောဆိုမှုများသည် ပုံမှန် လို ဖြစ်လာခဲ့သည်။
သို့သော် ထိုသို့ဝေဖန် ပြောဆိုမှုများသည် အန္တရာယ် ကင်းကင်း နှင့် လုပ်ခဲ့ကြရသည်တော့ မဟုတ်၊ နိုင်ငံ ရေး နှင့် လူမှုရေး စနစ် အား ဝေဖန် ပြောဆိုသည့် စာရေးဆရာ အများအပြား ထောင်သွင်း အကျဉ်းချခံခဲ့ကြရသည်။ သို့သော် စနစ်ဟောင်း အပေါ် လူထု၏ သစ္စာစောင့်သိမှုများသည် တဖြေးဖြေး နှင့် ပွန်းရိ တိုက်စားခံရသော ကြိုးတချောင်းလို ဖြစ်လာနေသည်။
တကယ်တမ်းတွင် လူဝီ ၁၆ ဘုရင် နန်းတက်ခဲ့ချိန်မှစ၍ ပြင်သစ် ထီးနန်းသည် ပျက်စီးခြင်း ငါးပါး ဆိုက်တော့မည့် ဆိုကာ လူထုအကြား ပျက်လုံးသဖွယ် ပြောဆိုနေကြပြီ ဖြစ်သည်။
လူဝီ ဘုရင် သည် ဩစတီယန်း မင်းသမီး မေရီ အန်တိုနက် အား ထိမ်းမြားလက်ထပ်ခဲ့ပြီး ဆယ်နှစ် အတွင်း ထီးမွေနန်းမွေ ဆက်ခံမည့် သားသမီး ထွန်းကား မလာခဲ့ပေ။ တိုင်းပြည် အုပ်ချုပ်မင်းလုပ်နေသည့် ဘုရင်တပါး အနေဖြင့် မဖြစ်မနေ ဖြည့်ဆည်းပေးရမည့် လွန်စွာ အရေးပါလှသော တာဝန်ကြီးလည်း ဖြစ်သည်။
နှစ်ပေါင်းကြာညောင်းလာသည်နှင့်အမျှ ကာတွန်းများ၊ မြေအောက်စာစောင်များတွင် လူဝီ ဘုရင်၏ အိပ်ခန်းဆောင် အတွင်း အပြင်ကို သရော်လှောင်ပြောင်လာကြပြီး သူ၏ ကြင်ယာတော်အားလည်း "ဩစတီယန်း မိန်းမပျက်" အဖြစ် တစ်တစ်ခွခွ ပြောဆိုခဲ့ကြသည်။