သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(56)

by Hla Soewai - Oct 21 2022

ညီရင်းအကို သွေးစည်းမှု နှင့် အဓမ္မ ဝါဒ တို့ အားပြိုင်မှုကြားမှ ပြင်သစ် တော်လှန်ရေး

 

၁၇၉၃ ခုနှစ် ဇန်နဝါရီလ ၏ တမနက်ခင်း ရှစ်နာရီ ထိုးပြီးကာစ တွင် ပဲရစ် မြို့၏ လမ်းများကို ဖြတ်၍ သေဒဏ် အမိန့်ချမှတ်ခံ ထားရသည့် လူတဦးအား ခေါင်းဖြတ်စက်ကြီး ရှိရာ ငြမ်းစင်သို့ ခေါ်ဆောင်လာကြသည်။ ထို ခေါင်းဖြတ်စက်ကြီးသည် ပြင်သစ် တော်လှန်ရေးကြီး၏ သံမဏိ တရားစီရင်ရေး ပြယု‌ဒ်ကြီးလည်း ဖြစ်သည်။

 

သေဒဏ် အပြစ်ပေးခံရသူသည် လူဝစ် ကားပက် ဆိုသူ ဖြစ်သည်၊ သူသည် အပေါ်ကုတ်အင်္ကျီ၊ မြင်းစီးဘောင်းဘီ နှင့် ခြေအိပ်ရှည်ကို ခေတ်ဆန်စွာ ဝတ်စားဆင်ယင်ထားသည်၊ စင်ပေါ်သို့ ရောက်လျှင် ရောက်ခြင်း လာရောက်ကြည့်ရှု့နေသော လူအုပ်ကြီးဖက် လှည့်ကာ လွန်စွာ တည်ငြိမ်လှသည့် မျက်နှာထားဖြင့် "ကျွနုပ်သည် အပြစ်မရှိပဲ သေဆုံးရခြင်း ဖြစ်သည်" ဟု အော်ဟစ် ကြွေးကြော်လိုက်သည်။

 

သစ္စာ‌‌ ဖေါက်မှု ဖြင့် သေဒဏ် အပြစ်ပေးခံထားရသော သူ၏ စကားကို ကြားလိုက်ရသော လူအုပ်ကြီးထဲတွင် သူ့အပေါ် ကိုယ်ချင်းစာနာ သနားသည့် မျက်နှာပေးမျိုး တဦးတယောက်တွင်မျှ မတွေ့ခဲ့ရပေ။ သံဓါးကြီး သူ၏ လည်ပင်းပေါ် ကျလာခဲ့ပြီး နောက် အာဏာပါးကွက်သားက ခေါင်းပြတ်ကြီးကို ကောက်ယူလိုက်ပြီး လူအုပ်ကြီး မြင်သာအောင် ပြလိုက်သည်၊ လူအုပ်ထဲမှ အချို့သည် စင်ရှိရာသို့ ပြေးကပ်သွားကြပြီး အိပ်ထဲက လက်ကိုင်ပုဝါများထုတ်ကာ ခေါင်းပြတ်ကြီးမှ တစက်စက် ကျလာနေသော သွေးများကို အောက်မှနေ၍ ခံလိုက်ကြသည်။ 

 

ထိုအချိန်တွင် လူအုပ်ကြီးထံမှ ပြင်သစ် နိုင်ငံတော်ကြီး အဓွန့်ရှည်ပါစေ ဟု အဓိပ္ပါယ်ရသည့် "Vive la nation" ဟု တခဲနက် ဟစ်ကြွေးသံကြီး ထွက်ပေါ်လာခဲ့သည်။

 

၁၈ ရာစု နှစ် အတွင်း ထိုကဲ့သို့ လူမြင်ကွင်းတွင် ကွပ်မျက်ခြင်းမျိုးသည် လုပ်ရိုးလုပ်စဉ်လို ဖြစ်လာခဲ့သည်။ ၁၇၉၄ ခုနှစ် အကုန်ပိုင်းတွင်တော့ လူးဝစ် ကားပက်ကဲ့သို့ပင် လူမြင်ကွင်းတွင် ကွပ်မျက်ခံခဲ့ရသည့် ပြင်သစ် နိုင်ငံသားပေါင်း ၁၇,၀၀၀ ခန့် ရှိလာခဲ့သည်။

 

ထိုသို့ ကွပ်မျက်ရန် အခွင့်အာဏာ အပ်နှင်းခံထားရသော တော်လှန်ရေး ခုံရုံးများသည်လည်း တန်ပြန်တော်လှန်ရေး သမားဟု သံသယ ရှိသူ မည်သူကို မဆို ကွပ်မျက်ခဲ့ကြသည်။ တော်လှန်ရေး ခုံရုံးဟု ဖွဲ့စည်းပေးထားသော်လည်း တကယ်တမ်းတော့ မလိုအပ်လှပေ။ လွန်ခဲ့သည့် နှစ် အနည်းငယ်ကပင် ဆယ်ခြောက်ဦးမြောက် လူဝီ ဘုရင်ကို နတ်ဘုရားများက ကမ္ဘာမြေပြင်သို့ အုပ်ချုပ်ရန် အာဏာအပ်နှင်းပြီး စေလွှတ်လိုက်သော ကိုယ်စားလှယ် တဦး အလား ကိုးကွယ်နေခဲ့ချိန်လည်း ဖြစ်သည်။ ယခုအခါတွင်တော့ နတ်ဘုရားများ၏ ကိုယ်စားလှယ် မဟုတ်တော့ပဲ သာမန် အရပ်သား လူးဝစ် ကားပက် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

 

ပြင်သစ် လူလတ်တန်းစား ဘူဇွာများက ဘုရင်နှင့် မင်းဆွေမင်းမျိုးများ၏ ‌၎င်းတို့ အပေါ် ဖိစီးနှိပ်စက်နေသည့် တံပိုးကြီးအောက်မှ ရုန်းထွက်ရန် ပုန်ကန်လာကြပြီး နောက် လူတိုင်း ရရှိ ခံစားလာရမည့် လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့် များအတွက် အောင်ပွဲခံခဲ့ကြသည့် ကမ်းပိန်းကြီး စတင်လာခဲ့ချိန်လည်း ဖြစ်သည်။

 

သို့သော် ပြင်သစ် တို့၏ တော်လှန်ရေးကြီးသည် မကြာမီ မှာပင် အတွင်းမှ လှိုက်စားသည့် ဒဏ်ကို ခံခဲ့ရပေတော့သည်။ ဤသည်ကို ပြင်သစ် ပန်းချီပညာရှင် ဖရန်ဆွာ ဂိုယာသည် ဂရိ ဒဏ္ဍာရီ ပုံပြင်လာ တိုင်တပ်စ် ကိုရိုနပ်စ် ဘုရင်ကြီးမှ သားသမီးများက ၎င်းအား ဖြုတ်ချ အာဏာသိမ်းမည်ကို စိုးရိမ်လာ၍ ‌‌၎င်း၏ ရင်သွေးများကို အရှင်လတ်လတ် သတ်ဖြတ်စားသောက်ခဲ့သည့် ပုံ ကို ရေးဆွဲ၍ နှိုင်းယှဉ်ဖေါ်ပြခဲ့သည်။

 

ပြင်သစ် ဘူဇွာ လူတန်းစား တို့၏ သက်ဦးဆံပိုင် ဘုရင်စနစ်အား အပြီးအပိုင် ဖယ်ရှားရန် ကြိုးပမ်းခဲ့ပုံများကို လေ့လာခြင်းဖြင့် ပြင်သစ် တော်လှန်ရေးကြီးအား ကျယ်ကျယ်ပြန့်ပြန့် နားလည် သဘောပေါက်နိုင်မည် ဖြစ်သည်။

 

ထို့ပြင် စနစ်ဟောင်းကို မှောက်လှန် ပယ်ဖျက်ပြီး စနစ်သစ် တရပ် ထူထောင်ရေးသည် မည်မျှ ခက်ခဲကြောင်းကိုလည်း ဆန်းစစ် သိရှိ နိုင်မည် ဖြစ်သည်။

 

ဘုရင်နှင့် မင်းဆွေမင်းမျိုးတို့၏ မတရားသဖြင့် အုပ်ချုပ်နေမှုများကို စုစည်းညီညွတ်စွာ ဖယ်ရှားနိုင်ခဲ့ပြီးနောက်တွင် ယခင်က တူညီစွာ ထားရှိခဲ့သော တော်လှန်ရေး ရည်မှန်းချက်များသည် အမျိုးမျိုး အဖုံဖုံ ကွဲထွက်လာသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။

 

၁၇၈၉ တွင် စတင်ခဲ့သော် ပြင်သစ် တော်လှန်ရေး သည် ဆယ်နှစ် နီးပါးမျှ ကြာညောင်းလာပြီးနောက်တွင် ရည်မှန်းချက်ကို မရောက်ပဲ လမ်းခုလတ်တွင် အဆုံးသတ်သွားခဲ့ရသည်။

 

တော်လှန်ရေးကြီး မတိုင်မီ ရာစုနှစ်တခုလုံးနီးပါးအတွေးအခေါ်သစ်များ၊ ဦးစားပေး လုပ်ဆောင်လိုမှုများ နှင့်အတူ ပြင်သစ် တို့သည် နိုင်ငံရေးအရ နိုးကြားလာပြီး မိမိတို့ ၏ နုံချာစွာ လူဖြစ်ကြီးပြင်းခဲ့ရသည့် အဖြစ်ကို ရိပ်စားမိလာကြပြီဖြစ်သည်။

 

သို့သော် စနစ်ဟောင်းကို ဖက်တွယ်လိုကြသော အုပ်ချုပ်သူ လူတန်းစားတို့သည် ထိုသို့ နိုးကြားလာမှု များကို ခါးခါးသီးသီး နှိပ်ကွပ်လာခဲ့ကြသည်။ နောက်ဆုံးတွင် အုပ်ချုပ်သူ လူတန်းစားများသည် စစ်စရိတ်ကြောင့် ဘဏ္ဍာရေး အကျပ်အတည်းကြီး နှင့် ကြုံကြိုက်လာပြီး ညံ့ဖျင်းလှသော ခေါင်းဆောင်မှု အောက်တွင် မရှုနိုင် မကယ်နိုင် ဖြစ်လာကြသည့် အခါတွင်တော့ လူထု အကြား မငြိမ်သက်မှု များ ဖြစ်ပေါ်လာခဲ့ခြင်း နှင့် အတူ ထွက်ပေါ်လာသော အတွေးအခေါ် အယူအဆသစ်များ၏ စိန်ခေါ်မှု များ နှင့် ပါ ရင်ဆိုင်လာခဲ့ရပေတော့သည်။

 

 

ဆက်လက်တင်ပြပါမည်။