အမေရိကန် လွတ်လပ်ရေး ၏ တမန်တော် ဆင်မြူရယ် အဒမ် (၇)
ဆင်မြူရယ် အဒမ်သည် ကိုလိုနီ နယ်မြေ ပေါင်းစုံ ပါဝင်သည့် ကွန်ဂရက်ကြီး ကျင်းပပြီး သွေးစည်းညီညွတ်ကြောင်း ပြသရန် အဆိုပြုလာခဲ့သည်။ ဂျော်ဂျီယာ ပြည်နယ်မှ လွဲ၍ ကိုလိုနီ နယ်မြေ ၁၃ ခုမှ ကိုယ်စားလှယ် ၅၆ ဦး သည် ၁၇၇၄ စက်တင်ဘာလတွင် ညီလာခံ သို့ တက်ရောက်ရန် ဖီလာဒဲဖီယားသို့ ရောက်ရှိလာသည်။ ထိုအထဲတွင် အဒမ် နှင့် သူ၏ ဝမ်းကွဲ ညီအကိုတော် စပ်သူ ဂျွန် အဒမ် အပါအဝင် မက်ဆာချူးဆက် ပြည်နယ် မှ ကိုယ်စားလှယ် ငါးဦး ပါဝင်ခဲ့သည်။
ထိုအမေရိကား ကိုလိုနီ နယ်မြေများ ညီလာခံကြီးမှ မဆိုင်းမတွပင် လူသားအားလုံး လိုက်နာကျင့်သုံးသင့်သည် မွေးရာပါ တာဝန်၊ အခြေခံ ကိုယ်ကျင့်တရား တန်ဖိုးများအား လိုက်နာရမည့် laws of nature ပါဝင်သည့် လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး၊ ဗြိတိသျှ ဖွဲ့စည်းပုံ ဥပဒေ၊ ကိုလိုနီ နယ်မြေများ ဆိုင်ရာ ပဋိညာဉ် များ နှင့် ဗြိတိသျှ ပါလီမန် အနေဖြင့် ကိုလိုနီ နယ်မြေများ တွင် တဖက်သတ် အခွန်ကောက်ခံခွင့် နှင့် ဥပဒေ ပြဋ္ဌာန်း ပိုင်ခွင့်များ ကို ငြင်းပယ်ကြောင်း ကြေညာချက်ကို တညီတညွတ်တည်း သဘောတူ ထုတ်ပြန်ခဲ့ကြသည်။ အဒမ်သည် ဗြိတိသျှ တို့၏ လုပ်ရပ်များကို လက်မခံနိုင်ကြောင်း သူ၏ အမြင်ကို ထပ်တလဲလဲ ခုခံပြောဆိုသွားခဲ့သည်။
၁၂၁၅ တွင် အင်္ဂလိပ်ပါလီမန် မှ စတင် ပြဋ္ဌာန်းခဲ့သော Magna Carta အရ ဗြိတိသျှ သူကောင်းမျိုးနွယ်များအား လွတ်လပ်စွာ ပြောဆို လုပ်ပိုင်နိုင်ခွင့် အချို့ ပေးအပ်ထားခဲ့ပြီးလည်း ဖြစ်သည်။ နောက်ပိုင်း ရာစုနှစ်ပေါင်း များစွာ အတွင်း ထိုအခွင့်အရေးများကို အမြဲလို ဆန်းစစ်ပြီး ခိုင်မာသည်ထက် ခိုင်မာအောင် ပြဋ္ဌာန်းပေးနိုင်ခဲ့ကြသည်။ အင်္ဂလန်တွင် ဝရုန်းသုံးကား ဖြစ်လာခဲ့ပြီး ဂုဏ်ရောင်ထွန်းပြောင်သော တော်လှန်ရေးကြီး ပေါ်ပေါက်လာစေခဲ့သည့် ၁၇ ရာစုနှစ် အကုန်ပိုင်း တွင် ထီးနန်းကို ပြန်လည် ဆက်ခံနိုင်ခွင့် ရရှိလာသည့် ဝီလျံ ဘုရင် နှင့် မိဖုရား မေရီတို့သည် အင်္ဂလိပ်လူမျိုးများ၏ ဘိုးဘွားစဉ်ဆက် ရရှိလာခဲ့သည့် အခွင့်အရေး နှင့် လွတ်လပ်ခွင့်များကို ထပ်မံအတည်ပြုပေးခဲ့သည့် ၁၆၈၉ လူ့အခွင့်အရေး ဥပဒေ Bill of Rights ကို လိုက်နာမည် ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့ကြသည်။ ဤသည်ကို ကိုလိုနီ များ ဆိုင်ရာ ကွန်ဂရက်ကလည်း မိမိတို့လည်း ရသင့်ကြောင်း အခိုင်အမာ ပြောဆို လာခဲ့သည်။
တက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့သည် ဘုရင်အပေါ် “ပျော်ပျော်ကြီး သစ္စာခံသွားမည်” ဖြစ်သော်လည်း ဗြိတိသျှ ပါလီမန်တွင် ကိုယ်စားပြုခွင့် မရသည့် အတွက် ကုန်သွယ်ခွင့် ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းခြင်းမျိုးမှ လွဲ၍ အခြား အာဏာ တည်ခွင့် မရှိဟု ကြေညာခဲ့ပြန်သည်။ ကုန်သွယ် ဥပဒေများသည်လည်း မိမိတို့၏ သဘောတူညီချက်ကို အရင် ရယူရမည်ဟု ဆိုသည်။
ထို့အပြင် မကြာမီကမှ မိမိတို့အပေါ် ခြိမ်းချောက်အကျပ်ကိုင် သည့် ဥပဒေ များ ပြဋ္ဌာန်းလာခြင်းကို မပယ်ဖျက် မခြင်း ဗြိတိသျှ ကုန်ပစ္စည်းများ အားလုံးကို စုပေါင်း သပိတ်မှောက်သွားရန် ကိုယ်စားလှယ်များ အားလုံး သဘောတူညီမှု ရရှိခဲ့ပြန်သည်။ ကွန်ဂရက်သည် အင်္ဂလိပ် ဘုရင် နှင့် ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်လာလိမ့်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။ သို့သော်လည်း အဆိုပါ ကွန်ဂရက်ကြောင့် နိုင်ငံတခု တစုတစည်းတည်း ပေါ်ပေါက်လာနိုင်မည့် အလင်းရောင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ကိုယ်စားလှယ်ကြီးများသည် ဗြိတိသျှ တို့ကို အာခံနိုင်မည့် မဟာဗျုဟာများ စုပေါင်း ချမှတ်နိုင်ခဲ့ကြပြီး နောက်တွင် ၁၇၇၄ အောက်တိုဘာလ ကုန်တွင် ဖီလာဒဲဖီယား မှ ပြန်လာခဲ့ကြသည်။
တင်းမာမှုများက အမေရိကား ကိုလိုနီ နယ်မြေများနှင့် ဗြိတိသျှ တို့အကြား ဆက်လက် ကြီးထွားလာနေခဲ့သည်။ အထူးသဖြင့် မက်ဆာချူးဆက် ပြည်နယ်တွင် ဖြစ်သည်။ မက်ဆာချူးဆက် ၏ ဗြိတိသျှ ဘုရင်ခံချုပ် သောမတ်စ် ဂိတ်ချ် သည် ကိုလိုနီ နယ်မြေများ၏ တောင်းဆိုလာမှု အပေါ် အတော်ကို မကျမချမ်း ဖြစ်နေသည်။ ဂိတ်ချ် မှ လက်ဦးမှု ယူပြီး တခုခု လုပ်လာမည်ကို စိုးရိမ်လာသဖြင့် မက်ဆာချူးဆက် ပြည်နယ် ကွန်ဂရက်သည် ဌာနချုပ်အား ဘော်စတွန်မှ အနောက်ဖက်ရှိ ကွန်းကော့ဒ် မြို့လေးသို့ ရွှေ့ပြောင်းလာခဲ့သည်။
၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများသည် အကြောင်းမဲ့ မဟုတ်ကြောင်း မကြာမီမှာပင် ထွက်ပေါ်လာခဲ့သည်။ ၁၇၇၅ ဧပြီလ ၁၄ ရက်နေ့တွင် မက်ဆာချူးဆက် ပြည်နယ် ကွန်ဂရက် ခေါင်းဆောင်များကို ဖမ်းဆီးရန် လန်ဒန်မှ ပေးပို့လိုက်သော အမိန့်စာချွန်လွှာကို ဘုရင်ခံချုပ်က လက်ခံရရှိလာခဲ့သည်။ ထိုမျှသာမကသေး လူထုထံတွင် ရှိနေသော လက်နက်များကို သိမ်းယူရန် လည်း အင်အား သုံးခွင့် ပြုခဲ့ပြန်သည်။
ဗြိတိသျှ စစ်သားများသည် ထိုအမိန့်ကို အကောင်အထည် ဖေါ်ရန် ဘော်စတွန် မှ ကွန်းကော့ဒ် မြို့လေး ရှိရာသို့ ထွက်ခွာလာခဲ့ကြသည်။ သို့သော် ကြိုတင် သတင်းရထားပြီး ဖြစ်၍ ကင်းထောက် အဖြစ် တာဝန်ပေးထားသည့် ပေါ်လ် ရီဗား နှင့် ဝီလျှံ ဒပ်စ် တို့ နှစ်ဦးသည် မြင်းကို ကဆုန်စိုင်း၍ ကွန်းကော့ဒ်ရှိ ကွန်ဂရက် ဌာနချုပ်သို့ အသော့နှင်လာခဲ့ကြသည်။ သတင်းကြားလျှင် ကြားချင်း ဒေသခံ ပြည်သူ့စစ်များက အဆင်သင့် ပြင်၍ ဗြိတိသျှ တပ်များအား စောင့်နေခဲ့သည်။
ဗြိတိသျှ တပ်သားများသည် လက်စင်တန် မြို့လေးသို့ မနက် ငါးနာရီ တွင် ရောက်လာခဲ့စဉ်တွင် ထိုမြို့လေးရှိ နယူးအင်္ဂလန် ဌာနေ ပြည်သူ့စစ်များ က ဆီးကြိုတိုက်ခိုက်ခဲ့ကြသဖြင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ယင်းနှင့် အတူ အမေရိကား၏ သမိုင်း တွင်မည့် အလှည့်အပြောင်းကြီး ဖြစ်ပေါ်လာခဲ့ပေတော့သည်။
ကဗျာဆရာ နှင့် အတွေးအခေါ် ပညာရှင်လည်း ဖြစ်သည့် ရပ်ဖ် ရာဒို အင်မာဆန် မှ “ကမ္ဘာတဝှမ်းလုံး အား တပ်လှန့်ပေးခဲ့သည့် သေနတ်သံများ” ဟု ဆိုသည်။
တိုက်ပွဲသည် တနေ့ကုန် ဖြစ်ပွားနေခဲ့ပြီး ပြီးဆုံးသွားချိန်တွင်တော့ ဗြိတိသျှ တပ်သား ၇၃ ဦး သေဆုံးသွားခဲ့သည်။ ကိုလိုနီ နယ်သားများ ဖက်မှ ၄၉ ဦး ကျဆုံးသွားခဲ့ပြီး အမေရိကန် တို့၏ တော်လှန်ရေး စစ်ပွဲကြီး ပေါ်ပေါက်လာခဲ့ရပေတော့သည်။