အမေရိကန် လွတ်လပ်ရေး ၏ တမန်တော် ဆင်မြူရယ် အဒမ် (၅)
"ဘော်စတွန် လူသတ်ပွဲကြီး" ဆိုသည်က အမှန်တကယ် ဖြစ်ပျက်ခဲ့မှုကို လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြခြင်းပင် ဖြစ်သည်။ လူအုပ်ကြီးထဲတွင် တုန်လှုပ်ခြောက်ချားစွာ ရပ်ကြည့်နေသူများ မပါရှိပေ၊ ဗြိတိသျှ စစ်သားများအား ရန်စနေကြသည့် ထိန်းမနိုင် သိမ်းမရ ရမ်းကားနေသူ များသာ ဖြစ်သည်။
လူအစုံအပြုံလိုက်စေရန် ရည်ရွယ်ချက်ဖြင့် ကြိုတင် စီစဉ်ပြီး ပစ်ခတ်ခဲ့ခြင်းမျိုးလည်း မဟုတ်ပေ။ အခြေအနေများ ရှုပ်ထွေးလာနေပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်လာနေသည်ကြားမှ ထွက်ပေါ်လာသည့် သေနတ်သံများပင် ဖြစ်သည်။ ထိုသို့သော စိတ်လှုပ်ရှားစရာ မကောင်းသော အချက်အလက်များသည် ဆင်မြူရယ် အဒမ် နှင့် ပေါလ် ရီဗား တို့ ကဲ့သို့ မျိုးချစ်တို့၏ အရေးတော်ပုံကြီး အတွက် အကျိုးရှိမည် မဟုတ်ပေ။
တင်းမာနေမှုများ ပြေလျော့သွားစေရန် ကြိုးပမ်းသည့် အနေဖြင့် ဗြိတိသျှ တပ်များအား မြို့လယ်ခေါင်တွင် တပ်စွဲထားရာမှ ဖယ်ရှားပေးခဲ့သည်။ ပစ်ခတ်မှု တွင် ပါဝင်သော စစ်သားများအားလည်း အကျဉ်းချခဲ့သည်။
မက်ဆာချုးဆက် ပြည်နယ်လွှတ်တော် နှင့် သတင်းစာများ တွင်တော့ ဗြိတိသျှ တို့ ပြေရာပြေကြောင်း လုပ်ပေးနေသည်များသည် မလုံလောက်သေး ဟု ဆင်မြူရယ် အဒမ်မှ သူ၏ အမြင်ကို ဖေါ်ထုတ်လာခဲ့သည်။ "ဗြိတိသျှတပ်များ ဘော်စတွန် မှ အပြီးအပိုင် ထွက်ခွာသွားခြင်းမှ လွဲ၍ အခြားဘာပဲလုပ်လုပ် လူထုအား ကျေနပ်စေမည် မဟုတ်၊ ပြည်နယ်၏ ငြိမ်းချမ်းရေးကိုလည်း ထိန်းသိမ်းရာ မရောက်" ဟု ပြောခဲ့သည်။
ဗြိတိသျှ တို့က အခြေအနေများ ငြိမ်သက်သွားရန် ထပ်မံ ကြိုးပမ်းလာခဲ့ပြန်သည်၊ လဘက်ခြောက် ခွန်မှ လွဲ၍ Townshend ဥပဒေဖြင့် အခြားကုန်စည်များ အပေါ် အခွန်ကောက်ယူနေမှုများကို ဖျက်သိမ်းပေးခဲ့သည်။ တဖန် ဗြိတိသျှတို့သည် လူထု၏ ဖိအားကို အလျော့ပေး လိုက်လျောသည့် အနေဖြင့် နှစ်ကုန်ပိုင်းတွင် ပစ်ခတ်မှု ၌ ပါဝင်သူများကို ရုံးတင် စစ်ဆေးလာခဲ့ပြန်သည်။ ပါဝင်သူများထဲ မှ စစ်သားခြောက်ဦးကို လွှတ်ပေခဲ့ပြီး နှစ်ဦးကို လူသေမှု ဖြင့် အပြစ်ပေးခဲ့သည်။
သို့သော် ဆင်မြူရယ် အဒမ်သည် အခြားကိုလိုနီနယ်သားများကဲ့သို့ပင် ကျေနပ်နိုင်ခြင်း မရှိပေ။ လူထု၏ သဘောထား ခံယူချက်များ အားကောင်းနေမှု နှင့် အတူ အဒမ်သည် အမေရိကန် ကိုလိုနီ နယ်သားများ၏ အခွင့်အရေး အတွက် ဆက်လက်တိုက်ပွဲဝင်ရန် သံန္ဓိဌာန် ချထားခဲ့ပြီး ဖြစ်သည်။ ထို့သို့ ဆက်လက် တိုက်ပွဲဝင်ရန် လူထုကြီးသည် စိတ်ရော ကိုယ်ပါ ထောက်ခံမှ ဖြစ်မည်ကို သိထား၍ ကလောင်ကို ကိုင်စွဲကာ သတင်းစာမှ တဆင့် တိုက်ပွဲဝင်လာခဲ့သည်။ သူ့ နည်းဗျုဟာ၏ ထိရောက်မှု ရှိသည်ကို ယခုလို ရှင်းပြခဲ့သည်။
"အာဏာရှင်တို့ အတွက် လွတ်လပ်သော သတင်းရေးသားမှု လောက် စိုးရိမ်သောက နှင့် စိတ်အနှောက်အယှက် ဖြစ်ရသည့် အရာဟူ၍ မရှိ၊ အာဏာရှင်များ၊ သူတို့၏ အသုံးချခံ ယန္တရားများ နှင့် အားပေးအားမြှောက် ပြုနေသူများ အတွက် လွန်စွာ ထိတ်လန့်ဖွယ် ဖြစ်လာရသည်က လွတ်လပ်သော စာနယ်ဇင်းများပင် ဖြစ်သည်"
မက်ဆာချုးဆက် ပြည်နယ်နေ အမျိုးသားများ၏ ၈၅ ရာနှုန်းသည် စာတတ်ပေတတ်များ ဖြစ်သည့်အပြင် သတင်းစာများလည်း လူထု အကြား အတော် ထိုးဖေါက်နိုင်နေသည်။ ကိုလိုနီ ခေတ်နှောင်းပိုင်း ကာလများတွင် ဘော်စတွန်တွင် သတင်းစာ စောင်ရည် ထောင်ပေါင်းများစွာ ရိုက်နှိပ် ဖြန့်ဝေ နိုင်ခဲ့သည်ကို ကြည့်၍ သိနိုင်ပေသည်။ ဘော်စတွန် မြို့သူမြို့သားများသည် ဆင်မြူရယ် အဒမ် ကဲ့သို့ မျိုးချစ် ပညာတတ်များ ရေးသားသမျှ ကို အာသာငန်းငန်း နှင့် အမြဲလို ဖတ်ရှုခဲ့ကြသဖြင့် ၎င်းတို့အား လှုံ့ဆော်ပေးသလို ဖြစ်လာခဲ့သည်။
ဤသို့ဖြင့် ဘော်စတွန်သည် အမေရိကန် လွတ်လပ်ရေး၏ ပုခက်ကြီး အဖြစ် ထင်ရှားလာခဲ့သည်။
သို့သော် အဒမ်သည် ဘော်စတွန် မှ သူ့ကို ထောက်ခံနေယုံမျှ နှင့် အလုပ်မဖြစ်သေးမှန်း သိလာ၍ မက်ဆာချူးဆက် ပြည်နယ် ပြင်ပသို့ ခြေလှမ်းစလာခဲ့သည်။ထို့အတွက် ကိုလိုနီ နယ်မြေများရှိ မျိုးချစ်များအား တစုတဝေးတည်း ညှိညှိနှိုင်းနှိုင်း လုပ်ကြရန် တိုက်တွန်းလာခဲ့သည်။
ပထမဦးဆုံး အဖြစ် မက်ဆာချုးဆက် ပြည်နယ် အတွင်းရှိ မြို့တိုင်းလိုလိုတွင် စာပေးစာယူ ပြုလုပ်နိုင်သည့် ကော်မတီများ တည်ထောင်ပြီး နယ်သားများ၏ မကျေနပ်ချက်များကို တိုင်တန်းရာ ဟစ်တိုင် အဖြစ် ပြုလုပ် ပေးခဲ့သည်။ အခြား ကိုလိုနီ နယ်များကလည်း အလားတူ လုပ်လာခဲ့ကြသည်။
အဓိက ရည်ရွယ်ချက်သည်ကား ဗြိတိသျှ တို့နှင့် နောက်ထပ် ပြဿနာ ပေါ်လာခဲ့လျှင် အသင့်ရှိနေပြီးသော စာပေးစာယူ ကော်မတီများ တစုတစည်းထဲ တုန့်ပြန်နိုင်ရန် အတွက် ဖြစ်သည်။
တင်းမာမှု များ လျော့ကျသွားခဲ့သော်လည်း ဗြိတိသျှ တို့ဖက်က နိုင်လိုမင်းထက် လုပ်မှုများ လျော့ပါးသွားခြင်း မရှိသည်ကို အဒမ်က သိနေသည်။ လ္ဘက်ခြောက်ခွန်ကိုလည်း ကောက်မြဲတိုင်း ကောက်ယူနေဆဲပင် ဖြစ်သည်။
ကိုလိုနီ နယ်သားများမှ အခွန်စည်းကြပ်ခြင်းကို ဆန့်ကျင်မှု မပြုခြင်းသည် မိမိတို့သည် အင်္ဂလန် နိုင်ငံသားများ ရနေသော အခွင့်အရေး များကို ဥပက္ခာပြုနေသည်နှင့် အတူတူပင် ဖြစ်မည်ဟု အဒမ်က ယုံကြည်ခဲ့သည်။ ထို့အတွက် ကန့်ကွက်နေသူများ၏ အသံများ လျော့ပါးလာနေသဖြင့် အဒမ်သည် မကျေနပ်ချက်များကို ထပ်၍ မီးထိုးပေးမှ ဖြစ်မည်ဟု ခံယူလာခဲ့သည်။