သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(50)

by Hla Soewai - Oct 09 2022

အမေရိကန် လွတ်လပ်ရေး ၏ တမန်တော် ဆင်မြူရယ် အဒမ် (၃)

 

 

အမေရိကန်တွင် အင်္ဂလန်မှ စစ်စရိတ်အကြွေးများ အတွက် ပြဋ္ဌာန်းလာသော တံဆိပ်ခေါင်းခွန် အက်ဥပဒေ ကြောင့် ဆူညံပွက်လောရိုက်နေချိန်တွင် အဒမ်၏ မွေးရပ်မြေ ဖြစ်သော ဘော်စတွန် တွင် ပို၍ သိသာ ထင်ရှားသည့် အဖြစ်သနစ်များ ထွက်ပေါ်လာခဲ့သည်။ အဒမ် ကိုယ်တိုင်ပင် သူ၏ သတင်းစာမှနေ၍ ထိုကိစ္စအပေါ် အမြဲလို ဝေဖန် ရှုတ်ချရေးသားနေခဲ့သည်။ “တံဆိပ်ခေါင်းခွန် အက်ဥပဒေသည် ဗြိတိန် ပြင်ပတွင် မွေးဖွားလာသော နိုင်ငံသားများ၏ အခွင့်အရေးများ နှင့် ခံစားခွင့်များကို ချိုးဖောက်ခြင်း” ဟု ရေးသားခဲ့သည်။

 

ဘော်စတွန် မြို့သူမြို့သားများ လမ်းပေါ်ထွက်၍ ဆန္ဒပြလာခဲ့ကြသည်။ ထိုအထဲတွင် Local Nine ဟု ထင်ရှားလာမည့် ကုန်သည်များ နှင့် အနုပညာရှင်များက အကွက်ချ၍ လှုပ်ရှားလာခဲ့ကြသည်။

 

၁၇၆၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ နံနက်တွင် ဘော်စတွန် ရှိ တံဆိပ်ခေါင်းခွန် အကြီးအကဲ အင်ဒရူး အိုလီဗာ၏ ပုံတူ အရုပ်ကြီးအား ဖန်တီးကာ ဟန်နိုဗာ လမ်းပေါ်ရှိ လွတ်လပ်ရေး သစ်ပင် ကြီး ဟု နောင်တွင် ခေါ်ဆိုမည့် သစ်ပင်ကြီး တပင်တွင် ချိတ်ဆွဲခဲ့ကြသည်။ ထိုသို့ အိုလီဗာ အား ကြိုးပေးသည့် ပုံစံဖြင့် ချိတ်ဆွဲလာခြင်းကို ဘော်စတွန် မြို့သူမြို့သားများ အားရ ရွှင်လန်းစွာဖြင့် လက်ခုပ်လက်ဝါး တီးခဲ့ကြသည်။ (ပုံတွင် ရှု)

 

အာဏာပိုင်များက ထိုအရုပ်ကြီးအား ဖြုတ်ချရန် ကြိုးပမ်းလာမှုအား ဝိုင်းဝန်း ပိတ်ဆို့ ဟန့်တားခဲ့ကြသည်။ ညနေစောင်း ရောက်လာသည့် အခါတွင်တော့ အလုပ်သမားများက အရုပ်ကြီးအား သစ်ပင် မှ ဖြုတ်ချကာ တလမ်းဝင် တလမ်းထွက် စီတန်းလှည့်လည် ပြသခဲ့ကြသည်။ ထို့နောက်တွင်တော့ အရုပ်ကြီး၏ ခေါင်းကို ဖြတ်ကာ မီးရှို့ပစ်ခဲ့သည်။

 

ထို့နောက်တွင်တော့ လူအုပ်ကြီးသည် အိုလီဗာ အိမ်သို့ စုရုံး ရောက်ရှိလာခဲ့ပြီး ပြတင်းပေါက်များကို ရိုက်ခွဲပြီး အိမ်၏ မြေတိုက်ခန်းထဲရှိ ဝိုင်အရက် သိုလှောင်ခန်းကို ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ လူထု၏ ဆန့်ကျင်တော်လှန်လာမှု ကြောင့် အိုလီဗာ သည် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

 

ထိုသို့ အလားတူ ပုံစံမျိုး အမေရိကား နယ်မြေများ တွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ရာ ဆောင်းဦးပေါက် ရောက်လာသည့်အထိ ပင် ဖြစ်သည်။ ထို့အတွက် တံဆိပ်ခေါင်းခွန် ကြီးကြပ်ရေးမှုး အများအပြား ရာထူးမှ နှုတ်ထွက်ပေးခဲ့ကြရသည်။ ထိုသို့ ဖြစ်ပွားနေစဉ်တွင် ဆင်မြူရယ် အဒမ်သည် မက်ဆာချူးဆက် အောက်လွှတ်တော် အမတ် ဖြစ်လာခဲ့၍ အခြား အမတ်များ နှင့် ပေါင်းကာ တံဆိပ်ခေါင်းခွန် ဥပဒေအား တရားဝင် ကန့်ကွက် ပြောဆိုခွင့် ရလာခဲ့သည်။ ပင်ဆယ်ဗေးနီယား၊ မေရီလန်း၊ နယူးယောက်၊ နယူးဂျာစီ၊ ကွန်နင်တီကပ် နှင့် ကာရိုလိုင်နား တောင်ပိုင်း လွှတ်တော်များ၌လည်း အလားတူ ကန့်ကွက်လာခဲ့ကြသည်။

 

ထို့အတွက် မက်ဆာချုးဆက် လွှတ်တော် မှ အခြား ပြည်နယ်များရှိ လွှတ်တော်များ အားလုံး တစုတရုံးတည်း တွေ့ဆုံကာ ပူးတွဲ ကန့်ကွက်သည့် အဆို တင်သွင်းရန် အဒမ် မှ အကြံပြုလာခဲ့သည်။

 

ဤသို့ဖြင့် အောက်တိုဘာလထဲတွင် နယူးယောက်တွင် ကိုလိုနီ ဒေသ ကိုးခုမှ ကိုယ်စားလှယ်များ တွေ့ဆုံပြီး တံဆိပ်ခေါင်းခွန် ဥပဒေ ဆိုင်ရာ ကွန်ဂရက်ကြီးကို ကျင်းပခဲ့ကြသည်။ အမေရိကန် ကိုလိုနီ နယ်သားများသည် လည်း အင်္ဂလန် ရှိ လူထုကဲ့သို့ပင် မိမိတို့ သဘောဆန္ဒမပါရှိပဲ အခွန်စည်းကြပ်ခွင့် မရှိစေရ ဆိုသည့် အခွင့်အရေးကို တန်းတူညီမျှ ရသင့်သည်ဟု ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။

 

လမ်းများပေါ်တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး တံဆိပ်ခေါင်းခွန် ဥပဒေသည် ဖွဲ့စည်းပုံပါ အခွင့်အရေးများကို ချိုးဖောက်နေသည် ဆိုသော စာရွက်စာတမ်းများလည်း ဖြန့်ဝေခဲ့ကြသည်။ ဤသို့ဖြင့် ၁၇၆၅ ခုနှစ် နွေဦးပေါက်တွင် အဆိုပါ ဥပဒေကို ဗြိတိသျှ ပါလီမန်က ဖျက်သိမ်းပေးခဲ့ရသည်။

 

သို့သော် အမေရိကန်ရှိ ကိုလိုနီ နယ်သားများ အဖို့ လုံးဝ အောင်ပွဲခံနိုင်သည့် အဖြစ်အထိ တော့ ရောက်မလာခဲ့ပေ။ ဗြိတိသျှ ပါလီမန်သည် အမေရိကားရှိ ကိုလိုနီများ နှင့် လူထု သည် ၎င်းတို့ ပြဋ္ဌာန်းမည့် ဥပဒေများ အပေါ် အပြည့်အဝ လိုက်နာလာရန် ဥပဒေနှင့် လုပ်ပိုင်ခွင့် အာဏာများ ပြန်လည် သွတ်သွင်းတော့မည်ဟု ကြေညာလာခဲ့သည်။ သို့သော်လည်း ကိုလိုနီနယ်သားများက မိမိတို့ ရရှိထားသော လတ်တလော အောင်ပွဲကိုသာ အလေးဂရုပြုခဲ့ကြသည်။

 

သမိုင်းပညာရှင် တဦး ဖြစ်သူ ဖရန်စစ် ကိုဂလီယာနိုမှ တံဆိပ်ခေါင်းခွန် ဥပဒေအား ကန့်ကွက် ဆန္ဒပြခြင်းသည် ကိုလိုနီ အရှင်သခင် များ နှင့် ကိုလိုနီ နယ်သားများ၏ ဆက်ဆံရေး ကို အပြောင်းအလဲကြီး ဖြစ်သွားစေခဲ့သည်ဟု ဆိုသည်။ အင်္ဂလန် ပါလီမန်မှ အခွန်အတုပ် ကောက်ခံလာခြင်းကို ငြင်းဆိုလိုက်ခြင်းသည် ထိုပါလီမန်မှ ၎င်းတို့အား အုပ်ချုပ်ပိုင်ခွင့်ကို သွယ်ဝိုက်ပြီး ပယ်ချလိုက်ကြခြင်းပင် ဖြစ်သည်။ ဤနည်းဖြင့် ကိုလိုနီ နယ်သားများသည် အချုပ်အခြာ အာဏာပိုင်ခွင့်ကို ပြဋ္ဌာန်းလိုက် ခြင်းလည်း ဖြစ်ပေသည်။ ဗြိတိသျှ တို့သည်လည်း တံဆိပ်ခေါင်းခွန် ဥပဒေအား ဖျက်သိမ်းပေးလိုက်ရခြင်းပင် လုပ်ပိုင်ခွင့် အာဏာ အချို့ကို လက်လွှတ်ခဲ့ကြရသည်။

 

ဆိုလိုသည်က တံဆိပ်ခေါင်းခွန် ဥပဒေအား ကန့်ကွက်လိုက်ကြခြင်းဖြင့် လွတ်လပ်ပိုင်ခွင့် ရှိသည် ဆိုသော အတွေးအခေါ်များ ကိုလိုနီ နယ်သားများ စိတ်ဝယ် စွဲထင်လာအောင် ရိုက်သွင်း ပေးခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုသို့ ထင်မြင်လာအောင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူသည် ဆင်မြူရယ် အဒမ်ပင် ဖြစ်သည်။ ထိုသို့ တံဆိပ်ခေါင်းခွန် ဥပဒေအား ကန့်ကွက် ဆန္ဒပြကြသူများ အား “လွတ်လပ်ရေး၏ သားကောင်းများ” ဟု ပင် အဒမ်က လူသိရှင်ကြား ခေါ်ဝေါ် သုံးနှုန်းလာခဲ့သည်။ အဒမ်၏ သားကောင်းများ ဆိုသူတို့သည် လွှတ်တော် ထဲတွင် ဝင်ရောက် ထိုင်ခွင့် ရကြသူများ မဟုတ်သည့်အပြင် လက်ကမ်းစာစောင်များ ဖြင့် အဆိုပါ အတွေးအခေါ်များ ပျံ့နှံ့လာအောင် လှုံ့ဆော်ခဲ့ကြသူများ မဟုတ်၊ မိမိတို့ အပေါ် စော်ကားမော်ကား ပြုမူလာမှုကို လမ်းပေါ်ထွက်၍ ဒေါသတကြီး ကန့်ကွက်ခဲ့ကြသည့် အလုပ်သမားများ၊ အနုပညာရှင်များသာ ဖြစ်သည်။ အဒမ်သည် ၎င်းတို့ ထိုသို့ ပြောနိုင်ဆိုနိုင်အောင် စကားရပ်များ ဖြင့် ဘောင်ချပေးခဲ့ပြီး တွန်းတွန်းတိုက်တိုက် လုပ်ပေးခဲ့သူ သာ ဖြစ်သည်။

 

ထို့အတွက် အဒမ်အား လူထု အုံကြွလာအောင် လှုံ့ဆော်နိုင်သူ အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ မိမိတို့၏ ကိုလိုနီ နယ်သားများအား ထိုအဖြစ်အပျက်များကို မမေ့မလျော့ နှလုံးသွင်းထားကြရန် အမြဲလို တိုက်တွန်းခဲ့သည်။ ဗြိတိန်သည် အမေရိကား၏ လွတ်လပ်ခွင့်များကို ဖျက်လိုဖျက်ဆီး လုပ်ရန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် လူတစု၏ စိတ်ကူးစိတ်သန်း အကြံအစည်များကို ပြဋ္ဌာန်းလာခြင်းသာ ဖြစ်သည်ဟု အဒမ်က ဆိုသည်။