အင်္ဂလန်၏ ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် တော်လှန်ရေးကြီး (နိဂုံး)
လောလောလတ်လတ် ထီးမွေနန်းမွေ ဆက်ခံခွင့်ရလာခဲ့သည့် ဝီလျံ ဘုရင် နှင့် မေရီ မိဘုရားတို့မှ ပါလီမန်၏ သဘောတူညီချက် မရပဲ ဥပဒေများအား ပယ်ဖျက်ခြင်း၊ ပြဋ္ဌာန်းခြင်း၊ အခွန်အတုပ်များ တိုးမြှင့်ကောက်ခံခြင်း၊ ငြိမ်းချမ်းသော ကာလများတွင် စစ်အင်အား တိုးချဲ့ခြင်းများ မပြုလုပ်ဟူသော တင်ပြချက်များကို ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ပေးခဲ့သည်။
ပါလီမန်ကိုလည်း လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခွင့် ပေးလာခဲ့သည်။ ရွေးချယ် တင်မြှောက်ခံ အမတ်များသည်လည်း လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့် ရလာခဲ့သည်၊ ထိုသို့ အုပ်ချုပ်ရေး ပိုင်းတွင် ဖြစ်ပေါ်တိုးတက်လာမှုများသည် ခေတ်သစ် ကို ပုံဖေါ်လာခဲ့သည့် အဓိက ကျသော ဒီမိုကရေစီ အစဉ်အလာများ ထူထောင်ပေးလိုက်ခြင်းပင် ဖြစ်ပေတော့သည်။
ထိုမှတဖန် ဘာသာ ရေး အယူအဆ ကွဲလွဲမှု ကို လက်ခံသည် ဆိုသော Act of Tolerance ဥပဒေ ထုတ်ပြန်ရန် ဘုရင် နှင့် ပါလီမန် အကြား သဘောတူခဲ့ကြသည်။ အဆိုပါ အက်ဥပဒေအရ အင်္ဂလန် ဘုရား ကျောင်းတိုက်ကြီးသည် အထူး အခွင့်အရေး ပေးရ အနေအထားကို ထူထောင်နိုင်ခဲ့ပြီး တဖက်တွင်လည်းပရိုတက်စတင့် ဘာသာ နှင့် သဘောကွဲလွဲသူများကို လွတ်လပ်စွာ ကိုးကွယ် ခွင့် ပေးလာခဲ့သည်။
ဤသို့ဖြင့် ဖိနှိပ်ချုပ်ချယ်မှု များအစား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုသည် အစားထိုး ဝင်ရောက်လာပြီး အုပ်ချုပ်ရေး နှင့် ဘာသာရေး အား တသီးတခြားစီ ခွဲခြားထားရှိမည့် လမ်းကြောင်းပေါ် တက်လှမ်းလာခဲ့ကြသည်။
ဂျွန် လော့ခ်သည် ၁၆၈၉ တွင် ထုတ်ပြန်သော ကျမ်းငယ် တစောင် ဖြစ်သည့် Two Treaties of Government တွင် နိုင်ငံသစ် တရပ်သည် စာချုပ်စာတမ်း သဘောမျိုး ဖြင့် အခိုင်အမာ ပေါ်ထွန်းလာခဲ့ပြီဟု ဥဒါန်း ကျုးရင့်လာခဲ့သည်။ ဆယ်စု နှစ်ပေါင်းများစွာ မတည်ငြိမ်မှုများ ကြုံတွေ့လာခဲ့ရပြီးနောက် ယခုအခါ အစိုးရ တရပ်၏ တရားဝင် ရပ်တည်ပိုင်ခွင့်သည် အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံ တို့အကြား တူညီသော သဘောဆန္ဒ မှ သက်ဆင်းလာခဲ့ပြီ ဖြစ်သည်ဟု လော့ခ် က ရေးသားခဲ့သည်။
အစိုးရသည် ထိုသို့ သဘောတူညီမှု ကို ချိုးဖောက်ကာ ထမ်းဆောင်ရမည့် ဝတ္တရားများ ပျက်ကွက်ခဲ့သည် ရှိသော အုပ်ချုပ်ခံများဖက်မှ အစိုးရ အပေါ် မည်သို့မျှ ဆက်လက် သစ္စာခံနေစရာ မလိုတော့ဟု ဆိုသည်။ ၎င်းတို့အားလည်း အုပ်ချုပ်သူ များ အဖြစ်မှ ဖယ်ရှားခွင့် ရှိလာပြီ ဖြစ်သည်၊ ထိုသို့ ဖယ်ရှားရေးတွင် လိုအပ်လျှင် အင်အား သုံးခွင့် ရှိသည်ဟု ဖေါ်ပြခဲ့သည်။
ထိုသို့ စည်းမျဉ်းခံ ဘုရင်စနစ် သို့ အသွင် ကူးပြောင်းလာခဲ့မှု နှင့် ဘာသာရေး ကွဲလွဲခြင်းအား ခွင့်ပြုသည့် ဥပဒေ ပြဋ္ဌာန်း နိုင်ခဲ့မှုများကြောင့် အင်္ဂလန်၏ ဂုဏ်ရောင်ထွန်းပြောင်သော တော်လှန်ရေးကြီး အဖြစ် ခေါ်ဝေါ် မှတ်တမ်းတင်ခဲ့ကြသည်။ ခေတ်သစ် တွင်လည်း ကျိုးကြောင်းဆီလျော်ပြီး အာဏာကို အကန့်အသတ် နှင့်သာ ကျင့်သုံးခွင့် ပေးမည့် အစိုးရ မျိုး ပေါ်ထွန်းလာရေး အတွက် စံပြုရမည့် အခြေခံ အချက်များ ဖြစ်လာခဲ့သည်။
တော်လှန်ရေးကြီးသည် ဒုတိယမြောက် ဂျိမ်းဘုရင် သက်တမ်းအတွင်းသာ ဖြစ်ပွားခဲ့သည်ဟု ယူဆမည် ဆိုလျှင် တော်လှန်ရေး၏ သဘောသဘာဝ ဖြစ်သော အကြမ်းဖက်မှုများ နှင့် ဝရုန်းသုံးကား ဖြစ်ရပ်များ မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့သို့သော ဖြစ်စဉ်များ ကင်းမဲ့ခဲ့ခြင်းကြောင့်လည်း ဂုဏ်ရောင် ထွန်းပြောင်သော တော်လှန်ရေး အဖြစ် မော်ကွန်းထိုးခဲ့ကြခြင်းပင် ဖြစ်သည်။ သို့သော်လည်း သတိပြုရမည့် အချက်သည်က အင်္ဂလန်၏ နောက်ဆုံး ကက်သိုလစ် ဘုရင် အုပ်ချုပ်စဉ်ကာလ တဝိုက် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များသည် ၁၇ ရာစု နှစ် တလျှောက်လုံး အင်္ဂလန်ကို လွှမ်းခြုံလာခဲ့သည့် ဇာတ်လမ်းရှည်ကြီး၏ နိဂုံးပိုင်း ဆိုသည်ပင် ဖြစ်သည်။
အင်္ဂလန် ၏ ဂုဏ်ရောင်ထွန်းပြောင်သော တော်လှန်ရေးကြီးသည် နိုင်ငံတဝှမ်း ရာစုနှစ် တခုလုံး ဗြောင်းဆန် အောင် မုန်တိုင်းထန်ခဲ့ရမှု များကို အသွင်ပြောင်းပေးလိုက်ခြင်းပင် ဖြစ်သည်။ ကမ္ဘာသမိုင်းတွင်လည်း မည်သို့မျှ ဥပက္ခာပြု၍ မရအောင် အထင်အရှား ပေါ်ထွက်လာခဲ့ရသည်။
ဘုရင်ဆိုသည်မှာ ကောင်းကင်ဘုံက အပ်နှင်းသော အာဏာ ဖြင့် ကျင့်သုံးရမည် ဆိုသည့် အယူအဆ အစား တရားဥပဒေ နှင့် အညီ ကြောင်းကျိုးဆီလျှော်စွာ အုပ်ချုပ်နိုင်မည့် စနစ် တရပ် ထူထောင်နိုင်စွမ်း ရှိသည် ဆိုသည်အား သရုပ်ဖေါ်ပေးခဲ့သည့် တော်လှန်ရေးကြီးပင် ဖြစ်သည်။
စကော့ လူမျိုး တွေးခေါ်ပညာရှင် ဒေးဗစ် ဟွမ်းသည် "လူသား မျိုးနွယ် များ အကြား ပထမဆုံး ရရှိလာခဲ့သည့် လွတ်လပ်ခွင့်များ ကို အပြည့်အဝ ဖေါ်ဆောင် ပေးနိုင် ခဲ့သည့် စနစ်ကြီးပင်" ဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။
၁၆၄၀ နှင့် ၁၆၅၀ ကျော် နှစ်များအတွင်း အင်္ဂလန် တွင် ကသောင်းကနင်း ဖြစ်ခဲ့မှုများကို တော်လှန်ရေး ဆင်နွှဲခဲ့ခြင်းဟု သတ်မှတ်သူ အနည်းငယ်သာ ရှိခဲ့သည်။ သို့သော် ထိုအချိန်က ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြီးသည် "အဖွဲ့အစည်း အသွင်ဖြင့် အာဏာ ကို ထိန်းညှိထားရေး" ဆိုသည့် အရွေ့ ဖြစ်ပေါ်လာရန် လမ်းခင်းပေးခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။
အင်္ဂလန်၏ ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော တော်လှန်ရေးကြောင့် နောက်ပိုင်းတွင် ကမ္ဘာတဝှမ်း ဆင်နွှဲလာသည့် တော်လှန်ရေးများ သည် မည်သည့် အတွက်ကြောင့် ဆင်နွဲဖို့ လိုလာသည်ကို ထောက်ပြနိုင် စရာ ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပုံကျကျ လစ်ဘရယ် အစိုးရ ပုံစံ အတွက်လည်း နမူနာပြ ဖြစ်လာခဲ့ရသည်။
၁၈ ရာစု နှစ် အတွင်း ပေါ်ပေါက်လာခဲ့သည့် ဉာဏ် အလင်းပြ ခေတ်တွင် တွေးခေါ်ပညာရှင်များက အင်္ဂလန် တွင် တည်ငြိမ်မှု ရှိလာသည့် အစိုးရ ပုံစံကို နမူနာ ယူကာ ခေတ်သစ် ကမ္ဘာကြီးအတွက် တိုးတက်ရာ တိုးတက်ကြောင်း ဖေါ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို ချပြလာခဲ့ကြသည်။
ဂုဏ်ရောင်ထွန်းပြောင်ခဲ့သော အင်္ဂလန်၏ တော်လှန်ရေးအား အတုယူခဲ့ကြသည့် နှောင်းကာလ တော်လှန်ရေးသမားများထဲတွင် အမေရိကတိုက်တွင် ကိုလိုနီ စနစ်ကို ထူထောင်ခဲ့ကြသူများက ထိပ်ဆုံးက ပါလာခဲ့သည်။ ၎င်းတို့၏ ဘိုးဘေးဘီဘင်များကဲ့သို့ပင် ဗြိတိသျှ ထီးနန်း နှင့် ပါလီမန် တို့ ၏ အုပ်ချုပ်ပိုင်ခွင့် ရှိမှု အပေါ် မေးခွန်းထုတ်လာကြသည်။
၎င်းတို့လည်း ကိုယ်ပိုင် သမိုင်းဝင် တော်လှန်ရေးကြီး ဆင်နွှဲရန် မျှော်လင့်ချက်ဖြင့် အမေရိကန် တော်လှန်ရေး သမားများသည် ဗြိတိသျှ ထီးနန်းကို စိန်ခေါ်ကာ လွတ်လပ်ရေး ကို ကြေညာခဲ့ကြပြီး ဒီမိုကရေစီ စနစ် တရပ်ကို စမ်းသပ် ထူထောင်လာခဲ့ကြသည်။
"အမေရိကန် လွတ်လပ်ရေး ၏ တမန်တော် ဆင်မြူရယ် အက်ဒမ်" ကို ဆက်လက် တင်ပြသွားပါမည်။"