သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(45)

by Hla Soewai - Sep 25 2022

အင်္ဂလန်၏ ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် တော်လှန်ရေးကြီး (၆)

 

အင်္ဂလန်၏ ဖွဲ့စည်းပုံဟု ဆို၍ ရသည့် Magna Carta ဖြစ်ပေါ်လာပုံသည် လွန်စွာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပေသည်။ ၁၂၁၅ ခုနှစ်တွင် အင်္ဂလန်ကို အုပ်စိုးနေသော ဂျွန် ဘုရင်သည် စစ်မက်များ အကြိမ်ကြိမ် ခင်းကျင်းလာနေသဖြင့် ထောင်းလာသော စစ်စရိတ်များ အတွက် နိုင်ငံသားများ ထံမှအခွန်မတန်တဆ ကောက်ခံလာခဲ့သည်။ လိုအပ်သည့် ပမာဏ ကို စုဆောင်းမပေးနိုင်သည့် နယ်စား မြို့စားများကိုပင် ဖမ်းဆီးအကျဉ်းချ လာခဲ့သည်။

 

မခံမရပ် နိုင် ဖြစ်လာကြသော နယ်စားများ ဦးဆောင်၍ ပုန်ကန် လာကြသည်၊ နောက်ဆုံးတွင် ဘုရင်ကို ဖမ်းဆီးနိုင်ခဲ့ကြသဖြင့် နောင်တွင် Magna Carter ဟု ထင်ရှားလာမည့် သဘောတူညီချက်ကို ဘုရင်အား အတင်းအကျပ် လက်မှတ် ရေးထိုးခိုင်းခဲ့ကြသည်။ ဤသို့ဖြင့် လက်တင်ဘာသာဖြင့် Magna Carter ဟု ခေါ်သော ပဋိညာဉ် စာတမ်းကြီး ထွက်ပေါ်လာခဲ့သည်။

 

ထိုစာတမ်းကြီး တွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသော ဘုရင်သာမက အခြား မည်သူ တဦးတယောက်မျှ အကြွင်းမဲ့ အာဏာ ပိုင်စိုးမှု မရှိစေရ ဟု ဖေါ်ပြထားခဲ့သည်။ ထိုအချက်ကို လေးနက်စေရန် အခွန်အတုတ် ကောက်ခံမှုများသည် တိုင်းသူပြည်သားများ၏ သဘောတူညီမှု လိုအပ်လာခဲ့သည်၊ ထို့အပြင် မျှတစွာ တရားစီရင်ခွင့် ရရှိရေး အပါအဝင် အချို့သော အခွင့်အရေးများကို ပြည်သူများ ခံစားနိုင်ခွင့် ရှိရမည်ဟုလည်း ပါရှိလာခဲ့သည်။

 

နောက်ပိုင်း ရာစုနှစ်ပေါင်းများစွာ အတွင်း Magna Carta အား အကြိမ်ပေါင်းများစွာ ပြင်ဆင်ခဲ့ကြသည်။ သို့သော်လည်း မူရင်း အနှစ်သာရကမူ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ လူတဦးချင်းစီ၏ အခွင့်အရေးကို အာမခံပြီး ဘုရင်၏ ဩဇာအာဏာ ဆန့်ထုတ်လာမည့် အရေးကို တားမြစ်ခဲ့သည်။

 

အင်္ဂလန်ရှိ သဘောထား ပျော့ပြောင်းသော အင်အားစုများသည် ၁၆၈၈ ခုနှစ်အထိ ဒုတိယမြောက် ဂျိမ်း ဘုရင်၏ ကက်သိုလစ် အယူ နှင့် အာဏာရှင် ဆန်ဆန် ပြုမူလာမှုများကို သည်းခံကြရန် ဟောပြောနေခဲ့ကြသည်။ ၎င်းနေရာကို ဘုရင်မ အဖြစ် ဆက်ခံမည့် ပရိုတက်စတင့် ဘာသာဝင် သမီးတော် အဆင်သင့် ရှိနေမှန်းကို သိထားကြသောကြောင့်လည်း ဖြစ်သည်။ သူအုပ်ချုပ်နေသော ကာလ အတွင်း အမှားမှား အယွင်းယွင်း ဖြစ်နေသော်လည်း ခေတ္တခဏသာ ကြာနိုင်၍ အောင့်အီးထားကြရန် တိုက်တွန်းလာခဲ့ကြသည်။

 

သို့သော် ၁၆၈၈ နွေရာသီ တွင် ပေါ်ထွက်လာခဲ့သည့် အကြောင်းကိစ္စ နှစ်ရပ်ကြောင့် အခြေအနေများကို မှောက်လှန်ပစ်လိုက်သလို ဖြစ်သွားခဲ့ရသည်။ ဂျိမ်းသည် Test Act ဆိုသည့် ထိတ်တန်းရာထူးများတွင် ပရိုတက်စတင့် ဘာသာဝင်များသာ ခန့်ထားရမည် ဆိုသည့် ဥပဒေ နှင့် ကက်သိုလစ် ဘာသာကို လူမြင်ကွင်းတွင် ဆုတောင်း ဝတ်ပြုခြင်းအား ပိတ်ပင်သည့် ရာဇသတ်ကြီး ပုဒ်မကို ဖျက်သိမ်းရန် သူ၏ ကြိုးပမ်းလာမှုအား ပါလီမန်တွင် ထောက်ခံမည့်သူ မရှိဆိုသည်ကို သိလာခဲ့သည်၊ ထို့အတွက် ဂျိမ်း သည် သူ လုပ်ချင်သည်များ အောင်မြင်စေရန် အခြားနည်းလမ်းကို ရှာကြံလာခဲ့သည်။

 

၎င်း မှ အင်္ဂလီကန် ဘုန်းတော်ကြီးများအား တရားဟော စင်မြင့်မှ ကက်သိုလစ်ဘာသာ နှင့် ပတ်သက်ပြီး တားမြစ်ထားသည့် ရာဇသတ်ကြီး ပုဒ်မသည် ယခုအခါ အကျုံးမဝင်တော့ဟု ကြေညာပေးရန် ညွှန်ကြားလာခဲ့သည်။ နိုင်ငံတွင်း လူအများ ကြည်ညို ကိုးကွယ်နေကြသည့် ခရိုင်သာသနာပြု ဘုန်းကြီး ခုနှစ်ပါးက ထိုညွှန်ကြားချက်အား ပြတ်ပြတ်သားသား ဆန့်ကျင်လာခဲ့ကြသည်။ ထို့အတွက် ဆန့်ကျင်သော ဘုန်းကြီး ခုနှစ်ပါးစလုံးအား ဖမ်းဆီး အကျဉ်းချထားရန် ဂျိမ်းစ် မှ အမိန့်ပေးခဲ့သည်။ သို့သော် ရုံးတင်စစ်ဆေးရာမှ အပြစ်မရှိ ဆိုကာ ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။

 

ထိုသို့ သာသနာပိုင်များ နှင့်ပါ ပဋိပက္ခ ဖြစ်လာသည့် အတွက် ဂျိမ်းကို ရှေ့ဆက် လွှတ်ပေးထား၍ မဖြစ်ဟု မိမိတို့၏ နိုင်ငံရေး နှင့် ဘာသာရေး လွတ်လပ်ခွင့်များ အန္တရာယ်ကျရောက်လာနေပြီ ဖြစ်သည်ကို ပြည်သူများ သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ ဂျိမ်း၏ ကိုယ့်အတတ် နှင့် ကိုယ်စူးခဲ့သော လုပ်ရပ်ပင် ဖြစ်သည်ဟု ဆိုရပေမည်။

 

ဒုတိယ ပြဿနာသည်က လူများ၏ စိတ်တွင် တအုံအုံ တ‌နွေးနွေး နှင့် ဝေခွဲမရ ဖြစ်နေသည့် ဘုရင် အပေါ် အယုံအကြည် ကင်းမဲ့နေမှုများကို ဘွားကနဲ ပေါ်ထွက်လာအောင် တွန်းအားပေးလာခဲ့မှု ပင် ဖြစ်သည်။ ဤသည်ကား သားတော် တပါး ထပ်မံ မွေးဖွားလာခဲ့ခြင်းပင် ဖြစ်သည်။ သားတော်လေး မွေးဖွားသည်ကို လန်ဒန် မျှော်စင်ကြီး မှ ခေါင်းလောင်းထိုး၍ ကြေညာပေးခဲ့သည်။ ပြည်သူပြည်သားများ အဖို့ ပျော်ရွှင်ရမည့်အစား အထိတ်တလန့် ဖြစ်ကုန်ကြသည်။

 

ကက်သိုလစ် ဘုရင်ကြီးမှ မွေးဖွားလာသည့် ကက်သိုလစ် ဘာသာ ဝင်လည်း ဖြစ်လာမည့် အိမ်ရှေ့စံ မင်းသားသည် အလိုအလျောက် ထီးနန်းဆက်ခံခွင့် ရလာတော့မည် ဖြစ်၍ ပရိုတက်စတင့် ဘာသာဝင် အများစု ဖြစ်သည့် အင်္ဂလန်ပြည်သားများ အထိတ်တလန့် ဖြစ်သွားရခြင်းမှာလည်း သဘာဝ ကျပေသည်။

 

မူးကြီးမတ်ရာများ နှင့် သူကောင်းမျိုးနွယ်များ က လက်သိတ်ထိုးကာ အုပ်စုငယ်လေး ဖွဲ့လာကြပြီး ဟော်လန် တွင် ရှိသည့် ပရိုတက်စတင့် အမာခံ လိမ္မော် မင်းသားဘွဲ့ခံ ဝီလျံ မင်းသားကြီးထံ စာရေးသားပေးပို့ခဲ့ကြသည်၊ လိမ္မော်မင်းသား သည် ဂျိမ်းစ် ၏ သမီးတော်များ ထဲတွင် အကြီးဆုံး ဖြစ်သည့် မေရီ မင်းသမီး နှင့် အကြောင်းပါခဲ့သူ ဖြစ်သည်။

 

စာထဲတွင် "ဘာသာရေး၊ လွတ်လပ်ခွင့်၊ ပစ္စည်းဥစ္စာများ နှင့် ပတ်သက်၍ လက်ရှိ အစိုးရ၏ ပြုမူ ဆောင်ရွက်ချက်များကို တိုင်းသူ ပြည်သားများ ကြားတွင် မကျေမနပ် ဖြစ်လာနေပြီး အဆိုပါ အနေအထားသည် နေ့စဉ် နှင့်အမျှ ပို၍သာ ဆိုးလာဖွယ်ရှိသည်ဟု လည်း တွက်ဆနေကြပြီ ဖြစ်သည်။ ထို့အတွက် အများစု မှ အရှင် မင်းသား ထီးနန်းဆက်ခံ မင်းလုပ်မည်ကို အလွန်တရာမှပင် မျှော်လင့်တောင့်တလျှက် ရှိနေကြပါသည် ဘုရား" ဟူ၍ ရေးသား ခဲ့သည်။

 

ဝီလျံ မင်းသားသည် သူတောင့်တနေသည့် တိုင်းသူ ပြည်သားများ သာမက မင်းဆွေ မင်းမျိူး အသိုက်အဝန်းကလည်း ‌ထောက်ခံလာမှု ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

 

တော်လှန်ရေး ကြီး တရပ် အောင်မြင်ရေးသည် အထက်တန်းလွှာ လူ့မလိုင်များ နှင့် အောက်ခြေလူတန်းစားတို့ပါ တသဘောတည်း ရှိနေခြင်းသည်လည်း လိုအပ်နေပေသည်။

 

ထိုအချက် နှစ်ချက် မပြည့်စုံပဲနှင့် ဒုတိယမြောက် ဂျိမ်းဘုရင်အား ဖယ်ထုတ်ပြီး ဝီလျှံ နှင့် မေရီ တို့အား နန်းတင်မည် ဆိုကာ အာဏာသိမ်းလိုက်သည့် အဖြစ် နှင့် တူသွားပေလိမ့်မည်။

 

ဝီလျှံသည် သူ လိုချင်သည့် အာမခံချက်များ ရပြီဟု ယုံကြည်လာမှု နှင့် အတူ ၁၆၈၈ နိုဝင်ဘာလ တွင် အင်္ဂလန် သို့ ရွက်လွှင့် ထွက်ခွာလာခဲ့သည်။

 

သူနှင့် နောက်လိုက်နောက်ပါ တပ်ဖွဲ့ သည် အင်္ဂလန် မြေသို့ နင်းလိုက်သည့် အချိန်တွင် လူထု၏ ထောက်ခံမှု ကို အံ့မခန်း မြင်တွေ့လိုက်ရသည်။