သမိုင်း အဆက်ဆက် တော်လှန်ရေး ကောက်ကြောင်းများ (၄၃)
***************
အင်္ဂလန်၏ ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် တော်လှန်ရေးကြီး (၄)
ပထမမြောက် ချားလ်ဘုရင်အား ကွပ်မျက်ပြီး နောက်တွင် ပါလီမန်သည် ဖွဲ့စည်းပုံ အသစ်ကို ရေးဆွဲနိုင်ရန် နှစ်အတန်ကြာသည်အထိ ကြိုးစားလာခဲ့ကြသည်။ သို့သော်လည်း အားလုံး သဘောတူညီနိုင်သည့် အဆင့်အထိ ရောက်ရှိ နိုင်ခဲ့ခြင်း မရှိပေ၊ ၁၆၅၃ ခုနှစ် အကုန် ပိုင်းလောက်တွင် အခွန်အတုတ် များ၊ အကောက်ခွန် စည်းကြပ်မှုများ နှင့် ပတ်သက်ပြီး အငြင်းပွားခဲ့ရာမှ နိုင်ငံရေး တင်းမာမှုများ အသစ် တဖန် ဖြစ်ပေါ်လာခဲ့သည်။
ကရွန်းဝဲလ် နှင့် ၎င်းအား ထောက်ခံသူများသည် ပါလီမန်ကို ဖျက်သိမ်းပြီး ၎င်းတို့ကသာ ထိန်းသိမ်း စောင့်ရှောက်သွားမည့် Protectorate နိုင်ငံမျိုး တည်ထောင်ရန် စတင် လှူပ်ရှားလာခဲ့တော့သည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို လူတဦးတည်းနှင့် ၎င်းက ဖွဲ့စည်းပေးလာသည့် နိုင်ငံတော် ကောင်စီ ၏ လက်ဝယ် တွင် အပ်နှင်းထားရန်ပင် ဖြစ်သည်။ ထိုသို့ အပ်နှင်းရန် ရွေးချယ်ခဲ့သော ပုဂ္ဂိုလ်သည် အိုလီဗာ ကရွန်းဝဲလ် မှ လွဲ၍ အခြားမည်သူများ ဖြစ်နိုင်ပေဦးမည်နည်း။
ကရွန်းဝဲလ်သည် နိုင်ငံကို စောင့်ရှောက်သူ Protector ဖြစ်လာပြီးနောက်တွင် ၎င်း၏ အုပ်ချုပ်ပုံသည် ဘုရင်နှင့် ကွာခြားသည် ဆို၍ မဖြစ်စလောက်သာ ရှိတော့သည်။ သူ့မတိုင်မီ ချားလ် ဘုရင်ကဲ့သို့ပင် ၁၆၅၅ တွင် ပါလီမန်ကို ဖျက်သိမ်း ပစ်လိုက်ပြီး သူ့အလိုကျ လိုက်လုပ်မည့် အမတ်များ ထွက်ပေါ်လာအောင် ကြိုးစားလာခဲ့သည်။
ပြည်သူများက ၎င်း၏ လုပ်ရပ်ကို မကျေနပ်၍ ပုန်ကန်လာကြသည့်အခါ။ အာဏာရှင် တဦးပမာ နှိပ်ကွပ်ခဲ့ပြန်သည်။ ၎င်း၏ ကိုယ်ပိုင် အတွေး အခေါ် အယူအဆများ အတိုင်း သာ လိုက်နာစေရန် သတင်းစာများကို ပိတ်ပင်ပြီး ဘာသာရေးတွင်လည်း ကန့်သတ်မှုများ ဖြင့် ချုပ်ချယ်လာခဲ့သည်။
အတိုချုပ်ဆိုရက ကရွန်းဝဲလ်၏ အုပ်ချုပ်မှုသည် ဆယ့်ခုနှစ်ရာစုနှစ် အင်္ဂလန် တော်လှန်ရေး ကြီး ပေါ်ပေါက်လာရန် မျိုးစေ့ ချပေးခဲ့ခြင်းပင် ဖြစ်သည်။
၁၆၅၈ တွင် ကျောက်ကပ်ရောဂါ အခံရှိသော ကရွန်းဝဲလ်သည် ရုတ်ခြည်းစွဲကပ်လာသော ငှက်ဖျားရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။ ထို့နောက်တွင်တော့ တိုင်းပြည်တွင် ကသောင်းကနင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သဖြင့် ချားလ် ကွပ်မျက်မခံရမီ ပါလီမန်တွင် ရှိနေခဲ့ကြသူများက ဦးဆောင်ပြီး ပြည်နှင်ဒဏ် ပေးခံထားရသော ချားလ်ဘုရင်၏ သားတော် အား ဒုတိယမြောက် ချားလ်ဘုရင် အဖြစ် ထီးနန်းကို ပြန်အပ်ခဲ့ကြသဖြင့် အင်္ဂလန်၏ ဘုရင်စနစ် ပြန်လည် ထွန်းကားလာခဲ့သည်။
ပထမမြောက် ချားလ်ဘုရင်အား ကွပ်မျက်ခဲ့သသည့် ဆယ်နှစ်နှစ် မြောက်နေ့ဖြစ်သည့် ၁၆၆၁ ဇန်နဝါရီ ၃၀ ရက်နေ့တွင် သုံးနှစ်နီးပါး ဝက်မင်စတာ တွင် မြုပ်နှံခဲ့သည့် ကရွန်းဝဲလ် ၏ ရုပ်အလောင်းကို ပြန်လည် ထုတ်ယူကာ ကြိုးပေး ကွပ်မျက် ပစ်ခဲ့ပြီး တွင်းကြီးတတွင်းထဲ ပစ်ချကာ မြေမြုပ်ပစ်ခဲ့ကြသည်။ ခေါင်းကို မူ ဖြတ်ယူခဲ့ကြပြီး ဝက်မင်စတာ ခမ်းမ ကြီးရှေ့တွင် တိုင်တွင် စိုက်ကာ ၁၆၈၅ အထိ အများပြည်သူအား ပြသထားခဲ့သည်၊ (အာဏာရှင်များ သံဝေဂ ရဖွယ် ပြည်သူများ၏ ကြောက်မက်ဘွယ် ကောင်းလှသည့် လက်စားချေမှုကြီးပင် ဖြစ်ပေတော့သည်)
ဤသို့ဖြင့် အင်္ဂလန်သည် ၁၆၄၂ မတိုင်မီ ကာလများကို တဖန် ပြန်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း စတူးဝပ် ထီးနန်း အာဏာပြန်ရလာခဲ့၍ အင်္ဂလန် နှင့် နိုင်ငံသားများ၏ အခြေအနေသည် သိသိသာသာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
ကုန်သည်များ၊ လက်မှု ပညာရှင်များ၊ လူ့အောက်ဆုံးလွှာတွင်ရှိ လူများသည် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံရေး လောကထဲ ဝင်ရောက်လာခဲ့ကြသည်။ ၎င်းတို့ စိတ်ကူးစိတ်သန်းများ၊ အတွေးအခေါ်များသည် မည်မျှပင် တဖက်စွန်းရောက်နေစေကာမူ ထုတ်ဖေါ်ပြောဆိုနိုင်သည့် အခွင့်အလန်းများ ကို တွေ့လာခဲ့ကြသည်။
ပြီးခဲ့သည့် နှစ်များ အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြီးသည် ဘာသာရေး၊ နိုင်ငံ အရေး နှင့် လူ့ဘောင် အဖွဲ့အစည်းကို လွှမ်းခြုံနိုင်သည့် စနစ်တခု ကို အခြေခံကျကျ လိုက်လျောညီစွာ ပြောင်းလဲနိုင်စွမ်း ရှိသည် ဆိုသည်ကို ယုံကြည်လာခဲ့ကြသည်။ထိုသို့ ယုံကြည်လာမှု ကပင် ကမ္ဘာကြီးကို မှောက်လှန်ပစ်လာမည့် တော်လှန်ရေးကြီးအတွက် လောင်စာများ ဖြစ်လာခဲ့ပေတော့သည်။
သို့သော် ယုံကြည်မှုများ ကိန်းအောင်းလာနေသော်လည်း ဒုတိယမြောက် ချားလ် ဘုရင်သည်ကွယ်လွန်သွားသည် ၁၆၈၅ ခုနှစ်အထိ ထူးထူးခြားခြား ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်း မရှိပဲ အုပ်ချုပ်သွားနိုင်ခဲ့သည်။ အင်္ဂလန် အဖို့ က ပြီးခဲ့သည့် နှစ်နှစ်ဆယ် ကာလ အတွင်း ကသောင်းကနင်း ဖြစ်ရပ်များချည်း ဆက်တိုက်ဆိုသလို ကြုံခဲ့ရသဖြင့် ယခုလို တည်တည်ငြိမ်ငြိမ် ရှိလာခဲ့မှု အတွက် ချားလ် ဘုရင်ကိုပင် ကျေးဇူးတင်ရမလို ဖြစ်လာသည်။
ချားလ် အား ထီးနန်းကို ပြန်အပ်ခဲ့သော်လည်း ယခင်က ဘုရင်တပါးတွင် ရှိခဲ့သော အာဏာများကို အပြည့်အစုံ ပြန်လည် ထားရှိပေးခဲ့ကြသည်တော့ မဟုတ်ပေ။
ဤသည်ကို ဘုရင်ဝါဒီ တဦး ဖြစ်သူ သောမတ်စ် ဟော့ဘ်ကပင် လုပ်သင့်လုပ်ထိုက်မှု အဖြစ် ထောက်ခံခဲ့သည်။ ၁၆၅၁ တွင် ၎င်းရေးသားခဲ့သည့် Leviathan စာအုပ်တွင် ဘုရင်ကဲ့သို့ တိုင်းပြည်၏ ရေမြေ အချုပ်အခြာ ပိုင်စိုးသူ တဦး အနေဖြင့် တည်ငြိမ်ရေး နှင့် ငြိမ်ဝပ်ပိပြားမှု ရှိရေးကို အာမခံ ပေးနိုင်သူ ဖြစ်ရမည် ဟု ရေးသားခဲ့သည်။ ဘုရင်၏ အာဏာသည် နတ်ဘုရားများထံမှ ဆင်းသက်ခဲ့ခြင်း ဆိုသည်ကို ဟော့ဘ် က ငြင်းပယ်ပြီး မင်း နှင့် ပြည်သူ အကြား ချုပ်ဆိုထားသည့် မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်သွားမည် ဆိုသည့် သဘောတူ စာချုပ်မှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤသို့ဖြင့် ဘုရင်၏ အာဏာသည် အကြွင်းမဲ့ မဟုတ်ဟု လူထုအကြား မျက်စိပွင့် နားပွင့် အောင် လုပ်ပေးလိုက်သလို ဖြစ်လာခဲ့သည်။ သို့သော် မည်သို့သော စာချုပ်မဆို တသွေမတိမ်း လိုက်နာတတ်လေ့ မရှိသည့် အားလျှော်စွာ တဖက်ဖက်က အကြောင်းတခုခု ကြောင့် ဖေါက်ဖျက်လာခဲ့သည်နှင့် ပျက်ပြယ်သွားရစမြဲပင် ဖြစ်သည်။