သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(41)

by Hla Soewai - Sep 14 2022

အင်္ဂလန်၏ ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် တော်လှန်ရေးကြီး (၂)

 

ချားလ်သည် ၁၆၃၇ ခုနှစ်တွင် စကော့တလန်၌ Book of Common Prayer စာအုပ်အသစ်ကို ထုတ်ဝေလာခဲ့သည်၊ ထိုစာအုပ်ပါ အကြောင်းအရာများသည် ဘုရားဝတ်ပြုခြင်း အခမ်းအနားများကို ပုံကြီးချဲ့လာသဖြင့် စကော့ နှင့် အင်္ဂလိပ် ဘုရားရှိခိုးကျောင်းများ၏ ရိုးရှင်းသော ဝတ်ပြုခြင်း ဓလေ့ထုံးတမ်းများ နှင့် ကွဲပြားလာခဲ့သည်။

 

ဤသည်ကို အကြောင်းပြု၍ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ပြီး နိုင်ငံ အနှံ့အပြား မငြိမ်မသက် ဖြစ်လာခဲ့သည်။ ၁၆၄၀ ခုနှစ် တွင် စကော့တလန်ရှိ အခြေအနေသည် ထိမ်းမနိုင် သိမ်းမရ အဖြစ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ Covenanters ခေါ်သည့် ဘာသာရေး ကန့်ကွက် ဆန္ဒပြသူများသည် လက်နက်ကိုင် ပုန်ကန်လာကြပြီး အောင်ပွဲများ ရရှိလာခဲ့သည်။

 

ထိုမှတဆင့် ပုန်ကန်မှုများသည် တောင်ဖက်ရှိ အင်္ဂလန်သို့ ကူးစက်လာခဲ့သည်။ အင်္ဂလိပ် လူမျိုးအများအပြားက ချားလ် ဘုရင်၏ ဘာသာရေး ပြုပြင် ပြောင်းလဲမှု များကို ဒေါသ အမျက်ချောင်းချောင်း ထွက်လာနေ၍ စကော့တလန်မှ Covenanters များကို ထောက်ခံလာခဲ့ကြသည်။ 

 

စည်းစနစ် တင်းကျပ် သည့် ပျုရီတန် ခရစ်ယာန် ဂိုဏ်းသည် အင်္ဂလန် ဘုရားရှိခိုးကျောင်းကြီးတွင် ကက်သိုလစ် ကျင့်ထုံးများ ၏ အငွေ့အသက်များ ရှိနေမှု ကို ဖယ်ရှားပစ်ရန် လိုသည်ဟု ကာလကြာမြင့်စွာ ကတည်းက ကန့်ကွက် ပြောဆိုနေကြသူများ ဖြစ်၍ ယခုအခါ ချားလ်ဘုရင်၏ ပြုပြင် ပြောင်းလဲမှုများကို ပေါ်ပေါ်ထင်ထင် ရှုတ်ချပြောဆိုလာခဲ့သည်။ နိုင်ငံတဝှမ်းရှိ ပျုရီတန် ဂိုဏ်းဝင် များသည် ကောက်ကျစ် ဆိုးသွမ်းသော ဘုရင်ကို ဆန့်ကျင်ပုန်ကန်ခြင်းသည်း ကျိုးကြောင်း ဆီလျှော်ပြီး မဖြစ်မနေ ဆောင်ရွက်ရမည်ဟူ၍ ဟောပြော ပို့ချ ခဲ့ကြသည်။

 

၁၆၄၀ ကျော်လွန်လာသည့် အခါတွင်တော့ အင်္ဂလန်သည် နိုင်ငံရေး နှင့် ဘာသာရေး နှင့် စပ်လျင်းပြီး အကွဲအပြဲများ ဖြစ်လာခဲ့သည်။ ချားလ်သည် ပါလီမန် ကို ပြန်လည် ခေါ်ယူပြီး ပုန်ကန်မှု များ ကို နှိမ်နှင်းရန် ဘတ်ဂျက် တောင်းခံလာသည်။ ထိုအခါတွင်တော့ ပါလီမန်အတွင်း ၎င်းအား ဆန့်ကျင်မှုများသည် အထွပ်အထိတ်သို့ ရောက်လာခဲ့တော့သည်။

 

ချားလ် သည် ငွေကြေး အပူတပြင်း လိုအပ်လာနေချိန်တွင် ပါလီမန်၏ လည်မြို ညှစ်ခြင်း ခံလာရပြီ ဖြစ်သည်။ ထို့အတွက် ချားလ်သည် သူ၏ အနီးဆုံး အကြံပေးများကို ကွပ်မျက်ရန် သဘောတူခဲ့ရယုံသာ မက သူ၏ အာဏာ အချို့ကို စွန့်လွှတ်ပေးခဲ့ရသည်။

 

ထိုအထဲတွင် ပါလီမန်အား သူ့သဘောတခုတည်းဖြင့် ဖျက်သိမ်းခွင့် မရှိ နှင့် ပါလီမန် အစည်းအဝေးများအား လည်း သုံးနှစ် ထက် မကျော်ပဲ ခေါ်ယူရမည် ဟူသည်တို့ကို လိုက်လျောပေးခဲ့ရသည်။

 

သို့သော်လည်း ပါလီမန် နှင့် ဘုရင်အကြား မုန်းတီးမှုများက တစထက် တစ ကြီးထွားလာနေခဲ့သည်။ ၁၆၄၁ ခုနှစ် အကုန်ပိုင်းတွင် ပါလီမန်မှ ချားလ် ထီးနန်းစတင် ဆက်ခံချိန်မှစ၍ ပြုမူဆောင်ရွက်ချက် တခုချင်းစီကို ဝေဖန် ထောက်ပြသည့် "Grand Remonstrance" ဆိုသည့် ကန့်ကွက်မှု စာရင်းကို ပြုစုလာခဲ့သည်။ ဘိရှော့ အဆင့်ရှိ ခရိုင်သာသနာပိုင် ဘုန်းတော်ကြီး ၁၂ ပါးကိုလည်း တရားစွဲဆိုခဲ့သည်။ဘုရင်ကြင်ယာတော် မိဖုရားကိုပင် တရားစွဲရန် ကြံစည်မှုများ ရှိလာခဲ့သည်။

 

ချားလ်သည် အဆိုပါ စာရင်းအား အဓိက ပြုစုသူကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း အထမမြောက်ခဲ့ပေ။ ထီးနန်းကို သစ္စာခံသည့် လွှတ်တော် အမတ်များလည်း ရာထူးမှ နှုတ်ထွက်သွားခဲ့ကြသည်။ ဘုရင်ကို မဖြစ်မနေ နင်းခြေပစ်ရန် ကြံစည်နေသူများသာ ကျန်ရစ်ခဲ့သည်။ 

 

၁၆၄၂ ခုနှစ် တွင် ဘုရင်ကို သစ္စာခံသူများ နှင့် ဆန့်ကျင်သူများသည် လူသူလက်နက် စုရုံးသည် အထိ ဖြစ်လာ၍ ပြည်တွင်းစစ်ကြီး ဖြစ်ရန် အစပျိုးလာခဲ့တော့သည်။

 

ချားလ်သည် Roundhead ဟု ခေါ်သည့် ပျုရီတန် ဂိုဏ်းဝင် တဦးဖြစ်သည့် အိုလီဗာ ကရွန်းဝဲ ဦးဆောင်သည့် ပါလီမန် တပ်များအပေါ် အရေးမလှ ဖြစ်လာခဲ့သည်။ ကရွန်းဝဲလ် အဖွဲ့အား နှိမ်နှင်းရန် အိုင်ယာလန် နှင့် ဥရောပရှိ မင်းဆွေမင်းမျိုး များထံ အကူအညီ တောင်းခံသည့် ချားလ် ၏ လျို့ဝှက်စာများ ပေါက်ကြားသွားခဲ့ပြန်သဖြင့် အ‌ခြေအနေ ပို၍ ဆိုးလာခဲ့သည်။ ချားလ်၏ လုပ်ရပ်အား အင်္ဂလန် ရှိ လူအများမှ သစ္စာဖေါက်မှု ကြီး အဖြစ် ရှူမြင်ခဲ့ကြသည်။ ထို့အတွက် ဘုရင်အား လူထု၏ ထောက်ခံမှုသည် ထပ်မံ၍ ကျဆင်းသွားခဲ့ရပေတော့သည်။