အခန်း (၂)
စီးပွားရေး ဘန်ဂျီ ကြိုး လွှဲ ကစားခြင်း
စီးပွားရေး သံသရာ၊ စီးပွားရေး ကျဆင်းမှုများ နှင့် စီးပွားပျက်ကပ် ဆိုက်လာခြင်းများ
ထိုအကြောင်းကို မစမီ အခန်း (၂) ခေါင်းစဉ် ဖြစ်သည် ဘန်ဂျီ ကြိုးလွှဲကစားခြင်း ဆိုသည်ကိုတော့ မသိသေးသူများ အတွက် မျက်စိထဲ ပေါ်အောင် အနည်းငယ် ရှင်းပြမှ ဖြစ်ပေမည်။ ထိုစကားက Bungee Jumping ဆိုသော် အင်္ဂလိပ် စကားဖြစ်ပြီး လူခန္တာကိုယ်အား လွန်စွာ ရှည်လျားသော အီလပ်စတစ် ပလပ်စတစ်ကြိုးအမာစား ဖြင့် ချည်နှောင်ကာ တဖက်တွင် မြင်မားသော အဆောက်အအုံ၊ တံတား၊ ကရိန်း၊ ကျောက်ဆောင် အစရှိသည်တို့နှင့် တွဲချိတ်ကာ အောက်သို့ ခုန်လွှဲကစားခြင်းမျိုး ဖြစ်သည်။
၁၉၇၃ ခုနှစ် အစောပိုင်းတွင် နယူးယောက်တိုင်း သတင်းစာကြီးမှ ထိပ်သီး စီးပွားရေး ပညာရှင် လေးဦးအား ကမ္ဘာစီးပွားရေး အပေါ် ဟောကိန်းထုတ်ခိုင်းခဲ့သည်။ စီးပွားရေးသည် ၆% ခန့်တိုးတက်လာမည်ဟု အလန်း ဂရင်းစပင်က ပြောဆိုခဲ့သည်။ ထိုသို့သော အခွင့်အရေးမျိုးက ရှားပါးလှပြီး ရှယ်ယာများပင် မဖြစ်သင့် မဖြစ်ထိုက်သည့် ဈေးများ ရလာမည်ဟု ပြောခဲ့ပြန်သည်။ သူ၏ အပြောက တ၀က်သာ မှန်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ထိုနှစ်က စီးပွားရေးသည် တကယ်တမ်း ၆% အထိ တိုးတက်လာသည်မှာ မှန်သော်လည်း ရှယ်ယာဈေးများ မကြုံဖူးအောင်တက်သည့် ကာလမျိုးတော့ ဖြစ်မလာခဲ့ပေ။ နယူးယောက် တိုင်းမ် သတင်းစာ ဆောင်းပါး ပါလာပြီးနောက် ရက်အနည်းငယ် အကြာတွင် စတော့ရှယ်ယာများသည် ကျဆင်းလာနေပြီး ထုတ်ရောင်းရသည့်အထိ ဖြစ်လာသော Bear Market အဖြစ် ပြောင်းလဲသွားခဲ့ပေသည်။ နှစ်ကုန် ပိုင်း ရောက်သည့်အခါတွင်တော့ ဆယ်စုနှစ်များစွာ အတွင်း အဆိုးဝါးဆုံးသော စီးပွားရေး ကျဆင်းမှုကြီး ဖြစ်လာခဲ့ပေတော့သည်။
ဘာတွေ ဖြစ်ခဲ့ရသနည်း။ စီးပွားရေး တိုးတက်မှုနှင့် အတူ အလုပ်အကိုင်များ ပေါများလာခြင်းများကြောင့် စီးပွားရေး ကုန်ထုတ်စွမ်းအားသည် သူတွင် ခံနိုင်ရည်ရှိသည့် အားအင် ကုန်ခန်းလာခဲ့ရသည်။ ငွေကြေးဖေါင်းပွမှုနှုန်းများ မြင့်တက်လာနေပြီး မကြာမီမှာပင် အတိုးနှုန်းလည်း လိုက်ပါ မြင့်တက်လာခဲ့ရသည်။ ထိုနှစ် အောက်တိုဘာလတွင် အာရပ်ကမ္ဘာ၏ ရေနံပိတ်ဆို့မှု သပိတ်ကြီးသည် မထင်မှတ်ပဲ ဖြစ်ပေါ်လာခဲ့ရသည်။ ထို့အတွက် ရေနံဈေးနှုန်းများ မိုးထိအောင် မြင့်တက်သွားခဲ့ရပေတော့သည်။ နောက်ဆုံးတွင် မြင့်မားလာနေသော အတိုးနှုန်းနှင့် စီးပွားရေး နှေးကွေးလာမှုများ ပေါင်းစပ်လိုက်သည့် ဒဏ်ကို စတော့ရှယ်ယာများ နှင့် အလုပ်အကိုင်များဖက်က ကျောကော့အောင် ခံလိုက်ရခြင်းပင် ဖြစ်သည်။
ရေရှည်တွင် လူဦးရေ ကြီးထွားလာပြီူ ကုန်ထုတ်စွမ်းအား တိုးမြင့်လာမှုကြောင့် စီးပွားရေးသည် တဖန် ပြန်လည် ဖွံ့ဖြိုးကြီးထွားလာခဲ့ရသည်။ သို့သော် လတ်တလောတွင်တော့ လုပ်ငန်းများသည် ကျယ်ပြန့်လာလိုက် ဆုတ်ယုတ်သွားလိုက်နှင့် သံသရာ လည်နေခဲ့ရသည်။ အဆိုပါ သံသရာ စက်ဝိုင်းကြီး အောက်ဆုံး ရောက်လာသည့် အချိန်ကို ဖမ်းဆုပ်ကာ သင်၏ ရင်းနှီးမြုပ်နှံမှုအစုစု နှင့် စီးပွားရေး ပလန်များကို တာဗိုချာဂျာ သွင်း မောင်းနှင်နိုင်မှသာ ဖြစ်မည်။ စက်ဝိုင်းကြီး အမြင့်ဆုံး ရောက်လာချိန်တွင် လုပ်မည်ဆိုက လေလွင့်ဆုံးရှုံးသွားရမည်သာ ဖြစ်သည်။
အသုံးတည့်သည့် ဆေးဝါး များက မရည်တွက်နိုင်လောက်အောင် စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြသဖြင့် မိမိတို့ အသက်ရှည်စွာ နေနိုင်ခဲ့ပြီး ကျန်းမာသည့် ဘ၀များ ပိုင်ဆိုင်နိုင်ခဲ့ကြသည်။ သို့သော် ယခုအထိတော့ ကူးစက်ရောဂါများကို အမြစ်မဖြတ်နိုင်သေးပေ။ အလားတူပင် ကျွနူပ်တို့၏ ကြွယ်ဝမှု နှင့် စီးပွားရေးကို နားလည်ခဲ့မှုများ သည် ရှေ့သို့ တဟုန်ထိုး တိုးတက်အောင် လုပ်နိုင်ခဲ့သော်လည်း လုပ်ငန်းများ၏ အတက်အကျ သံသရာ ကိုမူ ပါယ်ဖျက်နိုင်အောင် လုပ်နိုင်စွမ်း မရှိသေးပေ။ စီးပွားရေး လုပ်ငန်းများ၏ သံသရာ စက်ဝန်း Business Cycle သည် အဓိကအားဖြင့် ဈေးကွက် စီးပွားရေး၏ ခန့်မှန်းနိုင်မှု မရှိခြင်းနှင့် မရှောင်ရှားနိုင်သော သဘောသဘာဝ ကြောင့်ပင် ဖြစ်သည်။
စီးပွားရေး စက်ဝန်း နှင့် ဈေးကွက် စက်ဝန်းသည် အတော်များများ တူညီနေကြသည်။ နှစ်ခုစလုံးသည် ပကတိ ဖြစ်ပေါ်နေမှု များ နှင့် မျှော်လင့်ချက်များ ၏ အပြန်အလှန် လွန်ဆွဲနေမှုများ ဖြင့် လည်ပါတ်နေခြင်းပင် ဖြစ်သည်။ စတော့ရှယ်ယာ ဈေးနှုန်းသည် ကုမ္ပဏီများ၏ အနာဂါတ်ကို အလောင်းအစား ပြုခြင်းမျိုး မဟုတ်ပါလား၊ အချိန်မရွေးလည်း မှားသွားနိုင်သည်။ စီးပွားရေး လုပ်ငန်းများနှင့် အိမ်ထောင်စုများသည် သူတို့၏ ရောင်းအား ဘယ်လောက်ကောင်းလာနိုင်သည်၊ လုပ်ခနှုန်းထားများ တက်လာနိုင်သည် တို့ပေါ် မူတည်ပြီး အမြဲလို ပလန်များ ပြုလုပ်လေ့ရှိကြသည်။ သို့သော် အနာဂါတ်ကို သေချာ သိလားဆိုတော့ သိကြသည်လည်း မဟုတ်ပြန်ပေ။ ထို့အတွက် မိမိတို့ စိတ်တွင် ထင်မြင်လာမှုများနှင့် သိထားသည်များကို အခြေခံ တွက်ချက်ကြခြင်းမျိုးသာ ဖြစ်သည်။ မျှော်လင့်ခြင်း ကလည်း အလကားနေ ဖြစ်ပေါ်လာသည်မျိုးတော့ မဟုတ်၊ အရင်က ဖြစ်ပျက်လာမှုများ ပေါ် မူတည်ပြီး ဖြစ်လာရခြင်းမျိုး သာ ဖြစ်ပေသည်။ ပြီးခဲ့သည့်လက ဗီဒီယို ဂိမ်းတခု အတော်လေး အရောင်းသွက်ခဲ့လျင် ယခုလအတွက် အရောင်းဆိုင်က အရည်အတွက်များများ ထပ်မှာမည်သာ ဖြစ်သည်။ အလားတူ လွန်ခဲ့သည့် နှစ်က အိမ်များ အရောင်းသွက်သာလည်ကို တွေ့က ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ယခုနှစ် အတွက် အရင်ကထက် အိမ်များကို ပို၍ ဆောက်လာကြမည်သာ ဖြစ်သည်။
စီးပွားရေး စက်ဝန်း နှင့် ဈေးကွက် စက်ဝန်းသည် တခုနှင့် တခု အပြန်အလှန် အားဖြည့်ပေးနေကြပြန်သည်။ General Electric နှင့် eBay တို့ ၏ နှစ်ပါတ်လည် အစီရင်ခံစာတွင် အမြတ်ငွေများ တက်လာသည် ဆိုက ရင်းနှီးမြုပ်နှံချင်သူများက ရှယ်ယာများကို ကမူးရှုးထိုး ၀ယ်ယူခဲ့ကြသည်။ ကုမ္ပဏီများ၏ ငွေဝင်အား နှင့် ပိုင်ဆိုင်မှု တန်ဖိုးများ မြင့်တက်လာပါက အကြွေးပြန်မဆပ်နိုင်သည့် ကုမ္ပဏီများ မရှိသလောက် နည်းလာမည် ကို သိနေကြသော ရင်းနှီးမြုပ်နှံသူများက ဘွန်း ဟု ခေါ်သော ကုမ္ပဏီ ငွေချေးစာချုပ်များနှင့် အိမ်ဝယ် ရန် ချေးငှားထားသည့် subprime mortgage (ငွေချေးသူ၏ ပြန်ဆပ်နိုင်မှု အနေအထား ကို မဆန်းစစ်ပဲ ဘဏ်များက ထုတ်ချေးခြင်း၊) ကိုပင် ၀ယ်ယူခဲ့ကြပြန်သည်။ စတော့ရှယ်ယာ တန်ဖိုးများ မြင့်တက်လာခြင်းကြောင့် ကုမ္ပဏီ စီအီးအို များက မိမိတို့ကိုယ် မိမိ ပါရမီရှင်များ အလား ထင်လာခဲ့ကြသည်။ ယင်းနှင့်အတူ လုပ်ငန်းများ တိုးချဲ့လာခဲ့ကြသည်။ ရင်းနှီးမြုပ်နှံသူများကြောင့် ငွေများလည်း အလွယ်တကူ ချေးငှား၍ ရနေသဖြင့် လုပ်ငန်းရှင်များရော၊ သုံးစွဲသူများပါ ငွေကို မိမိတို့ တတ်နို်င်သည့် ပမာဏ ထက် ချေးငှားလာခဲ့ကြသည်။
ထိုသို့ တဖက်စောင်းနင်း ဖြစ်လာမှုများသည် ကြာကြာမခံပဲ အဆုံးတွင် ပြန်ပြီး အပါတ်ပြေ လာခဲ့ရပေသည်။ လူများသည် ကျန်းမာသည်ထက် နာမကျန်းဖြစ်မှုက ပိုမြန်လာသလို မျိုးကဲ့သို့ပင်။ စောစောက ပြောခဲ့သည့် ရှယ်ယာဈေးများ ကျဆင်းနေသည့် bear market သည် တက်နေသော ရှယ်ယာ ဈေးကွက် ဖြစ်သည့် bull market ထက် ပို၍ ပြင်းထန်စွာ ခံခဲ့ရသည်။ အလုပ်လက်မဲ့နှုန်းလည်း ကျဆင်းသလိုမျိုး ဖြေးဖြေးချင်း မဟုတ်ပဲ တရိပ်ရိပ်နှင့် ပြန် မြင့်တက်လာခဲ့ရသည်။ ထိုဖြစ်စဉ်ကြီးက တဖက်စောင်းနင်း ဖြစ်လာမှုကို အဆုံးသတ်သွားစေပြီး စီးပွားရေး သံသရာသည်လည်း အလားတူ ဖြစ်လာခဲ့ရပြန်သည်။ ဆယ်ကိုးရာစု နှစ် အတွင်း အမေရိကားတွင် သဘာဝ အန္တရာယ်များ မကြာခဏ ဆိုသလို ဖြစ်ပေါ်ခဲ့သည်။ သီးနှံများ ပျက်စီးခြင်းကအစ ဘဏ်များ ပြိုလဲခဲ့မှု များ အထိ ဖြစ်ခဲ့ဖူးသည်။ ၁၉၇၃ နှင့် ၁၉၉၀ တွင် ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းကို ကြုံခဲ့ရပြန်သည်။ ၂၀၀၁ ခုနှစ်တွင် နည်းပညာ ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးသွားခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် အိမ်တန်ဖိုးများ ထိုးကျသွားခဲ့သည်။ ကျွနူပ်တို့ အနေဖြင့် စဉ်းစားစရာ ဖြစ်လာရသည်က အကယ်၍များ စောစောက ပြောသည့် တဖက်စောင်းနင်းဖြစ်မှုများမှ လုံခြုံအောင် ပြုလုပ်နိုင်ခဲ့လျင် ဖြစ်ပေါ်လာမည့် စီးပွားရေး ကျဆင်းမှုမျိုးကို ချေဖျက်နိုင်မည်လား။ သို့သော်နောက်ဆုံးတွင်တော့ ကျွနူပ်တို့သည် နောက်ဆုံးအကြိမ် ကြုံတွေ့ခဲ့ရသည့် ဗိုင်းရပ်စ်ပိုး ၏ အန္တရာယ်မျိုးကိုသာ ကာကွယ်နိုင်သည့် နည်းလမ်းများ ရှာကြံပြုလုပ်နိုင်ခဲ့ကြသည်။ သို့သော် ပြဿနာသည်ကား အဆိုပါ ဗိုင်းရပ်စ်ပိုးသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ပဲ သန္ဓေပြောင်းသွားချင်း မျိုးသာ ဖြစ်မှန်း ရိပ်စားမိလာကြသည်။ ထို့အတွက် နောက်ထပ် အန္တရာယ်တမျိုးနှင့် ကြုံလာရဖို့ ရှိနေသည်။ စီးပွားရေး သံသရာ စက်ဝန်းသည်လည်း အလားတူ သဘောပင် ဖြစ်သည်။ စီးပွားရေး နယ်ပါယ် တိုးချဲ့လာခဲ့မှုများသည် နောက်ဆုံးတွင် ပျက်သုန်းသွားရစမြဲ ဖြစ်သည်။ ပျက်သုန်းခဲ့ရသည့် အကြောင်းရင်းသာ လျင် အပြောင်းအလဲ ရှိပေသည်။