သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(38)

by Hla Soewai - Sep 08 2022

အမေရိကန် အာဖရိက နွယ်ဖွားတို့၏ လူမှု အခွင့်အရေး လှုပ်ရှား ရုန်းကန်မှုကြီး (၇)

 

၁၉၆၃ ခုနှစ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော်လည်း အာဏာပိုင်တို့၏ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံခဲ့ရသည့် မာတင် လူသာ ကင်းသည် ဘာမင်ဂန် ရဲအချုပ်ထောင်ထဲမှ ငြိမ်းချမ်းစွာ ဆန္ဒပြမှု နှင့် ယင်း၏ အဆုံးစွန် ထိရောက်မှု ရှိသည်ဆိုသော အနှစ်သာရကို အောက်ပါ အတိုင်း ရှင်းပြခဲ့သည်။

 

“ဘာလို ထိုင်သပိတ် တို့၊ ချီတက်တာတို့ ဘာတို့ လုပ်ဖို့ လိုသလဲ” လို့ ခင်ဗျား တို့ မေးကောင်းမေးလာနိုင်တယ်၊ “စေ့ဆပ် ဆွေးနွေးတာမျိုးက ပိုမကောင်းဘူးလား” ၊ မှန်တယ် အဲ့လို ဖြစ်လာအောင် တိုက်ရိုက် ရည်ရွယ်ပြီး လုပ်ခဲ့တာပဲ။ အကြမ်းမဖက်ပဲ တိုက်ရိုက် ထိရောက်တဲ့  လှုပ်ရှားမှုတွေကြောင့် ပြဿနာကို ညှိနှိုင်း အဖြေရှာဖို့ အမြဲလို ငြင်းဆန်နေခဲ့တဲ့ လူ့အဖွဲ့အစည်းကြီး မှာ အကျပ်အတည်းတွေ ဖြစ်လာပြီး တင်းကျပ်လာအောင် ဖန်တီးဖို့ပဲ၊ နောက်ဆုံး ဘယ်လိုမှ လစ်လျုရှုလို့ မရတော့ တဲ့ အဆင့်အထိ ရောက်လာအောင်ကို ဇတ်ညွှန်း ရေးပြီး အသုံးတော် ခံနေတာ သာ ဖြစ်တယ်”

 

သမ္မတ ကနေဒီသည် သူ၏ သက်တမ်း ပထမ နှစ် နှစ် အတွင်း လူမည်း လှုပ်ရှားမှုကြီးကို သတိကြီးစွာ ထား၍ ကိုင်တွယ်လာခဲ့သည်။ ၁၉၆၃ ခုနှစ် အရောက်တွင်တော့ ထိုပြဿနာကို စိတ်ရောကိုယ်ပါ နှစ်၍ ဖြေရှင်းမှ ဖြစ်တော့မည်ဟု ခံယူလာခဲ့သည်။ “ဘာမင်ဂန်မှာ ဖြစ်ပျက်ခဲ့တာတွေက တန်းတူညီမျှမှု ရှိရေး အတွက် တောင်းဆိုသံတွေ ပိုပြီး ကျယ်လောင်လာတာကို ပြနေတယ်” ဟု ပြောလာခဲ့သည်။ ထို့အတွက် မာတင် လူသာကင်း ပြောသလို လစ်လျုရှု၍ မဖြစ်တော့သည့် အခြေအနေ ဆိုက်လာခဲ့ပြီ ဖြစ်သည်။

 

ဇွန်လထဲတွင် တနိုင်ငံလုံးသို့ ရုပ်မြင်သံကြားမှတဆင့် အသံလွှင့် မိန့်ခွန်း ပြောကြားရာတွင် “ကျွန်တော်တို့ နိုင်ငံ မှာ မျှော်လင့်ချက်တွေ၊ ဂုဏ်ယူ ဝင့်ကြွားစွာ ပြောဆိုနေမှုတွေ ရှိနေပေမယ့် နိုင်ငံသားတွေ အားလုံး လွတ်လပ်မှု မရှိသေးသရွေ နိုင်ငံလည်း အပြည့်အဝ လွတ်လပ်တယ်လို့ ပြောလို့ မရနိုင်ဘူး” ဟု ပါရှိလာခဲ့သည်။ တဆက်တည်းမှာပင် လူမျိုးရေး အရ ခွဲခြား သတ်မှတ်ထားရှိမှုများအား နိုင်ငံတဝှမ်း ပိတ်ပင်သွားရေး အတွက် ကွန်ဂရက် သို့ လူမှု ရပိုင်ခွင့် ဥပဒေကြမ်းကို တင်သွင်းမည် ဖြစ်ကြောင်းလည်း အသိပေးသွားခဲ့ပြန်သည်။

 

၁၉၆၃ ဩဂုတ်လ ၂၈ ရက်နေ့တွင် လူပေါင်း နှစ်သိန်းခွဲ နီးပါး စုဝေးချီတက်ခဲ့ကြသည်။ ထိုနေ့မှာပင် မာတင် လူသာ ကင်းသည် သူ၏ အကျော်ကြားဆုံး မိန့်ခွန်း ဖြစ်သော “I Have a Dream” ကို ချီတက်လာသော လူထုကြီးအား ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းထဲတွင် အေဗရာဟင် လင်ကွန်း၏ နာမည်ကျော် ကျွန်ဘဝမှ လွတ်မြောက်ရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး နှစ်တရာ ကျော်လာသည့်တိုင် အာဖရိကန် မျိုးနွယ်စုဝင် အမေရိကန် များသည် လွတ်လပ်ခြင်း မရှိ‌သေးပဲ မိမိတို့ နေထိုင်ရာ မြေ ပေါ်တွင်ပင် မဲဇာ ပို့ခံရသလို နေနေရဆဲ ဟု ပြောဆိုသွားခဲ့သည်။

 

ကနေဒီသည် သူပြောသလို ဥပဒေကြမ်းကို ကွန်ဂရက်သို့ တင်သွင်းနိုင်ခဲ့သည်။ ထို့အတွက် လူမှု ရပိုင် ခွင့် ရရှိရေး လှုပ်ရှားမှုကြီးတွင် အလှည့်အပြောင်းကြီး ဖြစ်လာခဲ့ပြီဟု ယူဆစရာ ဖြစ်လာခဲ့သော်လည်း ဘာမင်ဂန် တွင် နောက်ထပ် အကြမ်းဖက်မှုကြီး ထပ်မံ ဖြစ်ပွားလာခဲ့သည်။ စက်တင်ဘာ ၁၅ ရက်နေ့တွင် ဘာမင်ဂန် မြို့ ၁၆ လမ်း တွင် ရှိသည့် ဘက်ပတစ် ခရစ်ယာန် ဘုရားကျောင်း အား ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရသည်။ ဘုရားကျောင်းထဲတွင် ရှိနေသည့် လူမည်း အမျိုးသမီးငယ် လေးဦး သေဆုံးသွားခဲ့သည်။

 

နောက် နှစ်လ အကြာတွင် ကနေဒီ ကိုယ်တိုင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။ ဒုသမ္မတ ဖြစ်သူ လင်ဒန် ဂျွန်ဆင်သည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ကနေဒီ တင်သွင်းခဲ့သည့် လူမှုရပိုင်ခွင့် ဥပဒေကြမ်းကို ဆုံးခန်းတိုင် အထမြောက်သည်အထိ ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

 

ဤသို့ဖြင့် အဆိုပါ ၁၉၆၄ ခုနှစ် ဇူလိုင်လထဲတွင် ဥပ‌ဒေ အဖြစ် အသက်ဝင်လာခဲ့သည်။ ထိုဥပဒေအရ အများပြည်သူ ဝင်ထွက်သွားလာ နိုင်သည့် နေရာများတွင် လူဖြူ လူမည်း ခွဲခြား သတ်မှတ်ထားခြင်းကို တားမြစ်ထားပြီး အလုပ်အကိုင် ခန့်ထားရေးတွင်လည်း ခွဲခြားခြင်း မရှိစေရဟု ပါရှိခဲ့သည်။ ထို့အပြင် စာသင်ကျောင်းများ နှင့် အများပိုင် အဆောက်အအုံများတွင် လူဖြူ လူမည်း အတူတကွ သုံးစွဲခွင့် ရှိစေရမည်ဟုလည်း ပြဋ္ဌာန်းပေးခဲ့ပြန်သည်။

 

ဤသည်က အမေရိကန် ပြည်တွင်းစစ်ကြီး နောက်ပိုင်း အရေးပါဆုံးသော လူမှု ရပိုင်ခွင့် ဥပဒေကြီး ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

 

သမိုင်းစဉ် အဆက် တွေ့ခဲ့ရသော အခြား တော်လှန်ရေးများကဲ့သို့ မဟုတ်ပဲ လူမှု ရပိုင်ခွင့် ရရှိရေး တောင်းဆိုနေကြသည့် လူမည်းများသည် လက်နက်စွဲကိုင်ခဲ့ကြခြင်း၊ လမ်းများပေါ်တွင် အတားအဆီးများ ချပြီး ပိတ်ဆို့ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြခြင်း မရှိသည်ကို တွေ့ရသည်။ ထိုအစား သူတို့ အချင်းချင်း လက်ချင်းချိတ်ပြီး “ငါတို့ ကျော်လွှားနိုင်ရမည်” ဟူသော သီချင်းကို သံပြိုင် ရွတ်ဆိုခဲ့ကြသည်၊  (သီချင်း နား ဆင်ရန် ) https://www.youtube.com/watch?v=MM5_XvpFsvU

 

သူတို့ ၏ ခန္ဓာကိုယ်များ နှင့် သတ္တိ ခွန်အားများကို သာ အသုံးချပြီး အားလုံး ၏ အခွင့်အရေးများ၊ သူတို့ အရေးတော်ပုံကြီး အောင်မြင်ရာ အောင်မြင်ကြောင်း အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

 

ခွဲခြားဆက်ဆံလိုသူများကမူ တုတ်များ၊ ကြိုးကွင်းများ၊ သေနတ်များ၊ ဗုံးများ ဖြင့် ဆက်လက် တိုက်ခိုက်လာခဲ့ကြချိန်တွင် လူမှုရပိုင်ခွင့် များ အတွက် တိုက်ပွဲဝင်နေသည့် လူမည်းများကမူ ဒေါက်တာ ကင်း ပြောသည့် “မေတ္တာလက်နက်” ကို စွဲကိုင်ခဲ့ကြသည်။ ဤသည်ကပင် တော်လှန်ရေးကြီး ဆင်နွှဲခဲ့ခြင်း မဟုတ်ပါလော။