သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(35)

by Hla Soewai - Aug 31 2022

အမေရိကန် အာဖရိက နွယ်ဖွားတို့၏ လူမှု အခွင့်အရေး လှုပ်ရှား ရုန်းကန်မှုကြီး (၄)

 

ထရူးမင်း နေရာ ဆက်ခံသူ သမ္မတ အိုက်စင်ဟောင်ဝါ လက်ထက်တွင် ပို၍ ပြင်းထန်သော ဖိအားပေးမှုများ နှင့် ရင်ဆိုင်လာခဲ့ရသည်၊ ၁၉၅၃ တွင် လူဝစ်စီယာနား ပြည်နယ် ဘေတန် ရုဒ် တွင် ဘတ်စ်ကားခ ဈေးနှုန်း မြှင့်တင်မှု အား ကန့်ကွက်သည့် အနေဖြင့် မြို့တွင်း ပြေးဆွဲနေသော ဘတ်စ်ကားများကို သပိတ်မှောက်မှုကြီး ဖြစ်ပွားလာခဲ့သည်။ ထိုမြို့တွင် ဘတ်စ်ကား ဖြင့် သွားလာနေကြရသူ များ၏ ၈၀ ရာနှုန်းသည် လူမည်း အမျိုးသား အမျိုးသမီး များ ဖြစ်ကြသည်။

 

ဘတ်စ်ကား စီးနင်းရာတွင်လည်း မတ်တတ်ရပ်လျှင် ရပ်၊ ထိုင်မည် ဆိုက ယာဉ်နောက်ဖက်ရှိ ထိုင်ခုံများ တွင်သာ ထိုင်ရမည် ဟူသော စည်းကမ်းသတ်မှတ်ချက် များအား လိုက်နာလိုခြင်း မရှိကြတော့ပေ။ ဘတ်စ်ကား ရှေ့ထိုင်ခုံများသည် လူဖြူ များသာ ထိုင်ရန် သတ်မှတ်ပေးထားသည်။

 

ဘက်ပတစ် တရားဟောဆရာ တီဂျေ ဂျမီဆန် ၏ လှုံ့ဆော်မှု ဖြင့် ဒေသခံ လူမည်းများသည် မြို့ရှိ ဘတ်စ်ကားများ ကို စီးနင်းရန် ငြင်းပယ်ခဲ့ကြသဖြင့် နောက်ဆုံးတွင် မြို့ဖိမြို့ဖများက ပြေလည်အောင် ညှိနှိုင်းပေးခဲ့ကြရသည်။

 

အဆိုပါ သပိတ်မှောက်မှုကြီး အောင်ပွဲခံခဲ့သဖြင့် နောက်ပိုင်း နှစ်နှစ် အကြာ ပို၍ ပြင်းထန်လာမည့် တိုက်ပွဲများ အတွက် စံနမူနာ ပြ ဖြစ်လာခဲ့သည်။ အမေရိကန် ဗဟိုတရားရုံးချုပ် မှ ခွဲခြားဆက်ဆံသည့် ပြဿနာ ကို အလေးပေး စဉ်းစားလာကြသည်၊ ထိုသို့ စဉ်းစားလာသည် အထိ ဖြစ်လာအောင်လည်း NAACP အဖွဲ့ကြီးမှ ရှေ့နေများကလည်း ၎င်းတို့၏ တူညီအခွင့်အရေး အတွက် အာမခံသော်လည်း ခွဲခြား ဆက်ဆံရမည် ဆိုသည့် မူ အပေါ် အခြေခံ၍ စီရင်ထားသည် Plessy vs Ferguson အမှု ၏ ခိုင်လုံမှု အပေါ် တရားမမှုများ တခုပြီး တခု စွဲချက်တင်ကာ စိန်ခေါ်လာကြ၍လည်း ဖြစ်သည်။

 

ထိုစီရင်ချက် ကြောင့် လူမည်း ကလေးသူငယ်များသည် မိမိတို့ နှင့် မလှမ်းမကမ်းတွင် ရှိသော လူဖြူများ သာ တက်ရန် သတ်မှတ်ပေးထားသည့် စာသင်ကျောင်းများကို ရှောင်ကွင်း၍ တက်နေရခြင်းသည် တန်းတူညီမျှ ခံစားခွင့် ရှိမှုကို ဖေါက်ဖျက်နေခြင်း ဟု အကျိုးအကြောင်း ပြ ပြောဆိုလာကြသည်။ ထိုသို့ တရားစွဲဆိုမှုများကို ဦးဆောင် ဦးရွက် ပြုခဲ့သူ ရှေ့နေကြီး သာဂူး မာရှယ်သည် နောင်တချိန်တွင် ဗဟိုတရားရုံးချုပ် တရားသူကြီး အဖြစ် တက်လှမ်းလာခဲ့သူ လည်း ဖြစ်သည်။

 

ထိုအထဲတွင် အထင်ရှားဆုံးသည် Brown vs Board of Education အမှုကြီးပင် ဖြစ်သည်။ မစ္စတာ ဘ‌ရောင်းမှ ပညာရေး ဘုတ်အဖွဲ့ကို တရားစွဲဆိုခဲ့မှု ပင် ဖြစ်သည်။ ယင်းသည် “ယခင်က ကျွန်ဘဝမှ တက်လှမ်းလာခဲ့သူများ အား စင်အနီးသို့ပင် ကပ်ခွင့်မရအောင် စီမံထားမှုကြီး” အဖြစ် ပြောဆိုခဲ့သည်။

 

နောက်ဆုံးတွင် ဗဟိုတရားရုံးချုပ်မှ ထိုသို့ ပညာရေး အဆောက်အအုံများတွင် ခွဲခြား ထားရှိနေမှုသည် တူညီသည့် အခွင့်အရေးများ မရရှိကြောင်း အရင်းခံ အကြောင်းတခု အဖြစ် ပြဆိုနေသည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ပေးလာခဲ့သည်။ ကျောင်းများ အားလုံးကိုလည်း တပေါင်းတစည်း ဖြစ်ရန် အထူး ကြိုးစား စီမံရမည်ဟု ခရိုင် ပညာရေး ဘုတ်အဖွဲ့များအား အမိန့်ထုတ်ပြန်ပေးခဲ့သည်။ ဗဟိုတရားရုံးချုပ်၏ စီရင်ချက်သည် လူမှု အခွင့်အရေးများ တန်းတူညီမျှ ရရှိရန် တိုက်ပွဲ ဝင်နေသည့် လှုပ်ရှားမှုကြီး အတွက် ကြီးမားသော အောင်ပွဲကြီး တရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

သို့သော်လည်း နောက်ပိုင်းတွင် ထိုစီရင်ချက် သည် အခြေအနေများ ပို၍ ဆိုးလာအောင် ဖန်တီးပေးသလို ဖြစ်သွားခဲ့ရသည်။ တောင်ပိုင်းပြည်နယ် များ မှ ရွေးချယ်ခံထားရသော အထက် နှင့် အောက်လွှတ်တော် အမတ်များက ထိုစီရင်ချက်အား လွှတ်တော်မှ ဥပဒေဖြင့် ပြဋ္ဌာန်းလာမည့် အရေးကို အပြင်းအထန် ဟန့်တားလာခဲ့ကြသည်။ ယင်းနှင့် အတူ လူဖြူ ကြီးစိုးရေး ကူကပ်ကလန် အဖွဲ့များ၏ အကြမ်းဖက်မှုများလည်း မြင့်တက်လာခဲ့သည်။ ထိုသို့ ဖြစ်ပေါ်လာမှုများ ကြောင့် လူမည်းတို့၏ သပိတ်တိုက်ပွဲကြီး အသစ်တဖန် ပေါ်ပေါက်လာခဲ့ရပေတော့သည်။

 

ဤသို့ဖြင့် ရိုဆာ ပတ်ခ် အရေးအခင်း ကြီး ဖြစ်ပေါ်လာခဲ့သည်။

 

၁၉၅၅ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အယ်လာဘာမား ပြည်နယ် မွန်ဂိုမာရီ မြို့ တွင် လူမည်း အမျိုးသမီး တဦး ဖြစ်သည့် မစ္စက် ရိုဆာ ပတ်ခ်သည် နေအိမ်မှ သူမအလုပ်ရှိရာ ကုန်တိုက်ကြီးသို့ ဘတ်စ် ကား စီး ပြီး ထွက် လာခဲ့သည်၊ ဘတ်စ်ကားပေါ်တွင် နေရာရ၍ ထိုင်လျက် လိုက်ပါလာခဲ့ရာ လမ်းရှိ မှတ်တိုင်တတိုင်မှ လူဖြူ အမျိုးသား တဦး တက်လာသည့်အခါ ယာဉ်မောင်းမှ  သူမ အား ထိုင်နေရာမှ ထပေးပြီး လူဖြူအား နေရာပေးဖို့ ပြောလာသည်။

 

ရိုဆာ ပတ်ခ် သည် သာမန် လူမည်း အလုပ်သမ တဦး မဟုတ်ပဲ ခင်ပွန်းဖြစ်သူ နှင့်အတူ NAACP အဖွဲ့ကြီးတွင် ဒေသဆိုင်ရာ ရုံးခွဲတွင် တက်ကြွစွာ လှုပ်ရှားနေပြီး ၁၉၄၀ ကျော် နှစ်များ အတွင်း ဖြစ်ပွားခဲ့သည့် လူမည်း အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုများ အား စုံစမ်းစစ်ဆေးရာတွင် ပါဝင်နေသူလည်း ဖြစ်သည်။

 

ရိုဆာ ပတ်ခ်သည် ခရီးသည်များ နှင့် ပြည့်ကျပ်နေသော ဘတ်စ်ကားပေါ်ရှိ သူမ၏ ထိုင်ခုံမှ ထပေးရန် ငြင်းဆိုလိုက်သည်။ ထိုသို့ ငြင်းဆိုခဲ့မှု အတွက် သူမသည် ရဲအဖွဲ့၏ ဖမ်းဆီးခံခဲ့ရပြီး အချုပ်ခန်းထဲ ထည့်ထားမှု အပေါ် မြို့ခံ လူမည်းများက အကြီးအကျယ် ဒေါသထွက်ခဲ့ကြသည်။

 

နိုင်ငံတဝှမ်းရှိ အာဖရိကန် နွယ်ဖွား အမေရိကန် ခေါင်းဆောင်များက ထိုအရေးကို မည်သို့ တုန့်ပြန်ရမည်ကို ဆွေးနွေး တိုင်ပင်ရန် မြို့ ရှိ ဇီယွန်တောင်ထိပ် ဟု အမည်ပေးထားသည် ဘုရားရှိခိုးကျောင်းသို့ စုရုံး ရောက်ရှိလာကြသည်။ ထိုအထဲတွင် မထင်မရှား တရားဟောဆရာလေး တဦး ဖြစ်သည့် မာတင် လူသာ ကင်း ဂျုနီယာလည်း ပါဝင်လာခဲ့သည်။

 

သူတို့အားလုံးသည် ရိုဆာ ပတ်ခ် အား ရုံးတင် စစ်ဆေးမည့် ၁၉၅၅ ဒီဇင်ဘာ ၅ ရက်နေ့တွင် မြို့ရှိ ဘတ်စ်ကားများအား သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုသပိတ်တိုက်ပွဲကြီးအား တနိုင်ငံလုံး ရှိ လူမည်းများ၏ ထောက်ခံမှုကို ရရှိလာ၍ ရက်ပေါင်း ၃၈၁ ရက် ကြာသည်အထိ ဆင်နွှဲခဲ့ကြသည်။

 

ဒေါက်တာ ကင်းသည် ထိုသပိတ်တိုက်ပွဲကြီးအား လွန်စွာထိရောက်မှု ရှိသည့် အကြမ်းမဖက် ဆန့်ကျင်မှုကြီး ဟု ပြောဆိုခဲ့သည်၊ “ယေရှုခရစ်မှ လမ်းပြခဲ့ပြီး၊ အိန္ဒိယ ရှိ ဂန္ဒီ ကြီးမှ အလုပ်ဖြစ်ကြောင်း သက်သေထူခဲ့ပြီး ဖြစ်သည်” ဟု အကျိုးအကြောင်းဖြင့် ခုခံချေပ ပြောဆိုခဲ့သည်။