သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(33)

by Hla Soewai - Aug 28 2022

အမေရိကန် အာဖရိက နွယ်ဖွားတို့၏ လူမှု အခွင့်အရေး လှုပ်ရှား ရုန်းကန်မှုကြီး (၂)

 

လူမည်းတို့၏ လူမှု ရပိုင်ခွင့် များ လှုပ်ရှားမှု အရေးတော်ပုံကြီးသည် ရည်ရွယ်ချက် နှင့် ဗျုဟာ ပိုင်းအရ ရော တော်လှန်ရေး သဘော ဆောင်နေသည်ကို တွေ့ကြရမည် ဖြစ်သည်။ ထို အရေးတော်ပုံကြီးသည် အာဏာရှင် ကို ဖြုတ်ချရန် မဟုတ်၊ လက်ရှိ ခေတ်စနစ် ကြီးအား မှောက်လှန် ပစ်ရန်လည်း ရည်ရွယ်ခဲ့ခြင်း မရှိပေ။

 

မိမိတို့ အာဖရိကန် နွယ်ဖွားများအား ဖွဲ့စည်းပုံ အခြေခံ ‌ဥပဒေဖြင့် ပေါ်ထွန်းလာသော ‌ဒေသန္တာရ၊ ပြည်နယ် နှင့် ဗဟို အစိုးရ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ တရားရုံးများ အစရှိသည့် စနစ် အောက်တွင် ပြဋ္ဌာန်းထားသော နိုင်ငံသားတဦး၏ အခွင့်အရေး များ အပြည့်အဝ ခံစားခွင့် ပေးရန် တောင်းဆိုလာသည့် လှုပ်ရှားမှုကြီးပင် ဖြစ်သည်။

 

တရားမျှတမှု နှင့် နိုင်ငံသား တဦး၏ အခွင့်အရေးများကို အသားအရောင် ခွဲခြားခြင်း မရှိပဲ အမေရိကန် နိုင်ငံသား အားလုံး တပြေးညီ ခံစားခွင့် ပေးရန် တောင်းဆိုလာခဲ့ကြသည်။

 

အမေရိကန် ပြည်တွင်းစစ်ကြီး အဆုံးသတ်သွားခဲ့သော်လည်း အမေရိကန် နိုင်ငံသား အများစုသည်စနစ်ဟောင်း ဖြစ်သည့် လူမျိုးရေး ခွဲခြားထားမှုကို လုံးဝ ဖျက်သိမ်းပစ်ရန် အထိ အဆင်သင့် မဖြစ်ကြသေးပေ၊ တောင်ပိုင်းရှိ ပြည်နယ် အချို့တွင် ယခင်က ကျွန် အဖြစ် သတ်မှတ်ခံထားရသူ များ၏ အခွင့်အရေး များကို ကန့်သတ်ထားသည့် Black Codes ဆိုသည်များကို ချမှတ် ကျင့်သုံးလာခဲ့ကြသည်။ 

 

ထိုသို့ ပြုလာခဲ့မှုများကို ကွန်ဂရက် သည် ၁၈၆၆ တွင် သမ္မတ အင်ဒရူး ဂျွန်ဆန်၏ ဗီတိုအာဏာကို ကျော်လွှားပြီး လူမှု ရပိုင်ခွင့် အက်ဥပဒေ ပြဋ္ဌာန်းကာ အမေရိကန် တွင် မွေးဖွား‌သူ အားလုံးသည် အခွင့်အရေးများကို ခွဲခြား၍မရပဲ တပြေးညီ ခံစားစေရမည်ဟု ကြေညာခဲ့သည်။ အမေရိကန် နိုင်ငံသား အားလုံးကို ဗဟို အစိုးရ ပြဋ္ဌာန်းထားသော တည်ဆဲ ဥပဒေများ ဖြင့် အပြည့်အဝ အကာအကွယ် ရ ရှိစေရမည်ဟု ဆိုသည်။

 

အဆိုပါ အချက်အား ပြင်ဆင်ချက် အမှတ် (၁၄) အဖြစ် ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်းပေးခဲ့ပြန်သည်။ ထို့အတွက် ဗဟို အစိုးရသည် နိုင်ငံသားများကို အကာအကွယ် ပေးရန် လိုအပ်သော ဥပဒေမှန် သမျှ ချမှတ်ခွင့် ရရှိလာခဲ့သည်။

 

ထိုအချက်‌ ပေါ် မူတည်ပြီး ၁၉၅၀ ကျော် နှစ်များနှင့် ၁၉၆၀ နောက်ပိုင်း ပေါ်ပေါက်လာသော လူမှု ရပိုင်ခွင့်များ တောင်းဆိုသည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရခြင်းလည်း ဖြစ်သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ချက် အမှတ် (၁၅) တွင် အမေရိကန် ပြည်နယ်အားလုံးတွင် "လူမျိုး၊ အသားအရောင်၊ ယခင်က ကျွန် အဖြစ် ရှိနေခဲ့မှု" အစရှိသည် တို့ကို အခြေခံပြီး မဲပေးပိုင်ခွင့် ကို တားမြစ်ခွင့် မရှိ ဟု ပါရှိခဲ့ပြန်သည်။

 

သို့သော်ငြားလည်း ၁၈၇၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ဖြင့် တောင်ပိုင်းပြည်နယ်များ၏ အရေး အရာ များ စီမံ ခန့်ခွဲခြင်းကို ဗဟို အစိုးရ၏ ဝင်ရောက်စွက်ဖက်ခွင့် ပျက်ပြယ်သွားခဲ့ရသည်။ ဤသည်ကလည်း သမ္မတ အဖြစ် ရူသာဖို့ ဘီ ဟေးစ် အား တောင်ပိုင်းပြည်နယ်များ၏ ထောက်ခံမှု ရရန် အတွက် အပေးအယူ လုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

 

ရှေးရိုးစဉ်လာ အယူအဆ စွဲကိုင်ခဲ့ကြသည့် ဒီမိုကရက်များသည် ယခင် ကွန်ဖက်ဒရိတ် ပြည်နယ် လွှတ်တော် အားလုံးကို ထိန်းချုပ်လာနိုင်ခဲ့သည်။ ဤသို့ဖြင့် တောင်ပိုင်းပြည်နယ်များ တွင် လူမည်းများအား ခွဲခြား ဆက်ဆံသည့် ဥပဒေများ ချမှတ်လာခဲ့ကြသည်၊ မဲပေးပိုင်ခွင့်ကို လည်း အခွန်ဆောင်ခြင်း ရှိမရှိ၊ စာတတ်မြောက်မှု ရှိမရှိ စစ်ဆေးပြီးမှသာ ခွင့်ပြုမည်ဟု ကန့်သတ်လာခဲ့ကြသည်။

 

လူဖြူများသည် လူမျိုးကြီးများ ဖြစ်သည် ဆိုသော အယူအဆ နှင့် အတူ ဂျင် ကရိုး ဥပဒေကို ပြဋ္ဌာန်းကာ အများ ပြည်သူသုံး အဆောက်အဦးများ၊ စာသင်ကျောင်းများ တွင် လူဖြူ လူမည်းဟူ၍ သီးသန့်ခွဲခြားထားရမည် ဟု ကန့်သတ်လာခဲ့ကြသည်။

 

ထိုဥပဒေကို လိုက်နာစေရန် လူဖြူ လူမျိုးကြီး ဝါဒ သမားများသည် ကူကတ်ကလန် အဖွဲ့များ ဖွဲ့စည်းကာ လူမည်းများအား သတ်မှတ်ထား‌ သော ဥပ‌ဒေကို မလိုက်နာဟု ယူဆသူများကို နှောက်ယှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အုပ်စုဖြင့် ကြိုးတုတ် ရိုက်နှက် သေဒဏ် စီရင် ခြင်းများ ကျူးလွန်လာကြသည်။

 

၁၈၉၆ တွင် အမေရိကန် ဗဟိုတရားရုံးချုပ် မှ Plessy vs Ferguson ဟု ထင်ရှားလာသည့် အမှုကို စီရင် ဆုံးဖြတ်ရာတွင် လူမျိုးရေး ခွဲခြားသည့် ဥပဒေအား ဖွဲ့စည်းပုံ နှင့် အညီ ဖြစ်သည်ဟုပင် အတည်ပြုပေးခဲ့ပြန်သည်။ "တူညီသော်လည်း ခွဲခြားထားရမည်" ဟူသော မူဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၍ တန်းတူညီမျှ ရှိရမည် ဟူသော် အသုံးအနှုန်းသည် ဝိဝါဒ ကွဲပြားစရာ ဖြစ်လာခဲ့ရသည်။