သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(32)

by Hla Soewai - Aug 26 2022

အမေရိကန် အာဖရိက နွယ်ဖွားတို့၏ လူမှု အခွင့်အရေး လှုပ်ရှား ရုန်းကန်မှုကြီး

*****************************

 

၁၇၇၅ ခုနှစ်တွင် တော်လှန်ရေး သမားများသည် ဖီလာဒဲဖီယား မြို့ကြီးသို့ စုရုံးရောက်ရှိလာခဲ့ကြသည်။ ထိုသို့ စုရုံးလာကြခြင်းမှာလည်း ထိုအချိန်က ရဲရင့်လှသည်ဟု ဆိုရမည့် စမ်းသပ်ချက် တခု ကို အကောင်အထည် ဖေါ်နိုင်ရန် အတွက်ဖြစ်သည်။

 

ထို စမ်းသပ်ချက် ဆိုသည်မှာ စိတ်ကူးယဉ် ဆန်လွန်းသည်ဟု ပြောဆိုနေကြသည့် လွတ်လပ်ခွင့်၊ လူတဦးချင်းစီ၏ ရပိုင်ခွင့်များ လက်ဝယ် ပိုင်ဆိုင်လာနိုင်ရန် အတွက် ဖြစ်သည်။

 

လူသားတိုင်း လွတ်လပ်စွာ နေထိုင်ပိုင်ခွင့် ရှိရမည် ဆိုသည့် အတွေးအမြင်များ၏ လှုံ့ဆော်လာမှု ကြောင့် ဖီလာဒဲဖီယား သို့ ရောက်ရှိလာကြသော ပုဂ္ဂိုလ်များသည် ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံး အင်ပိုင်ယာကြီး ၏ လက်အောက်မှ မိမိတို့ လွတ်လပ်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

 

"ဘုရားသခင်သည် လူသားတိုင်းအား တန်းတူညီမျှစွာ ဖန်ဆင်းပေးထားမှု နှင့် အတူ ထာဝရ ပိုင်ဆိုင်နိုင်ခွင့် ရှိသည့် အခွင့်အရေး များအားလည်း တပါတည်းပေးအပ်ထားပြီး ဖြစ်သည်" ဟူသော ပြင်းပြသော ခံယူချက်များ နှင့် အတူ မိမိတို့၏ တော်လှန်ရေး သည် တရားသည် ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့ကြသည်။

 

ထိုအချိန်မှစ၍ အမေရိကန်တို့ စတင်လာခဲ့သော ဒီမိုကရေစီ နှင့် တန်းတူညီမျှရေးသည် မရေတွက်နိုင်အောင် များပြားလှသည့် လူသားတို့၏ မျှော်မှန်း အားကျစရာ ဖြစ်လာခဲ့သည်။ ထိုသို့ ကမ္ဘာတဝှမ်းရှိ လူအပေါင်း၏ အားကျစရာ ဖြစ်လာခဲ့သော်လည်း အမေရိကန် ပြည်တွင်းတွင်မူ ထိုသို့ ဖြစ်မလာနိုင်သေးသည်ကို တွေ့လာကြရသည်။ 

 

လူသားတိုင်း လွတ်လပ်ခွင့် ရှိရမည်ဟူသော သဘောတရားကို အခြေပြု၍ တည်ထောင်ခဲ့သော နိုင်ငံကြီးသည် လူဦးရေ ၏ တစိတ်တပိုင်းအား ရာစုနှစ် တစုနီးပါး ဆက်လက် ကျွန်ပြုထားဆဲ ပင် ဖြစ်သည်။

 

ထိုသို့ ကျွန်ပြုထားသည့် အရေးကိုလည်း လုပ်သင့်လုပ်ထိုက်သည် ဟု ထင်‌ယောင်ထင်မှား ဖြစ်လာရန် လှည့်စား ပြောဆိုထားခဲ့ကြသော်လည်း နောက်ဆုံးတွင် ‌ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင် လာခဲ့ရသည်အထိ ရောက်ရှိသွားခဲ့သည်။

 

ဤသို့ဖြင့် ၁၈၆၅ ခုနှစ်တွင် ယူနီယံတပ်များက ကွန်ဖက်ဒရေစီ တပ်များ အပေါ် အောင်ပွဲခံနိုင်ခဲ့မှု သည် အမေရိကန် ပြည်ထောင်စု ၏ ကျွန်စနစ်အား အပြီးအပိုင် မြေမြုပ်သင်္ဂြိုလ်မည့် အချက်ပေး ခေါင်းလောင်းသံ ကြီး ဖြစ်လာခဲ့ရပေတော့သည်။

 

ထို့နောက်တွင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင် ချက် အမှတ် (၁၃) အဖြစ် ထပ်မံ ထည့်သွင်းရေးဆွဲကာ ကျွန်စနစ် ကို ဖျက်သိမ်းပစ်ခဲ့ကြသည်၊ ကွန်ဖက်ဒရိတ် ပြည်နယ်များအားလည်း ထိုပြင်ဆင်ချက်ကို အတည်ပြု ပြဠာန်းပေးမှသာ ပြည်ထောင်စု ထဲ ပါဝင်ခွင့် ပေးမည်ဟု တင်ကြို စည်းကမ်းချက် အဖြစ် သတ်မှတ်ပေးခဲ့သည်။

 

သို့သော်ငြားလည်း နောက်ပိုင်း ရာစုနှစ် တစု နီးပါး ကြာသည် အထိ အမေရိကန် လူမည်းများစွာသည် တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်သော နည်း ဖြင့်သော်၎င်း ထိုသို့ တန်းတူညီမျှ ရှိခွင့်ကို ငြင်းဆိုခံနေကြရဆဲပင် ဖြစ်သည်။ ၁၉၅၀ ကျော် နှစ်များ ကုန်ဆုံးလာချိန်တွင်တော့ စိတ်နှလုံး ကြည်နူးဖွယ် ရုပ်မြင်သံကြား ဇာတ်လမ်းများ ဖြစ်သည့် I Love Lucy ၊ The Honeymoon များ ကြည့်ရင်း နေသားကျလာ နေသည့် အမေရိကန် နိုင်ငံသားများသည် အလွန်တရာမှ အားပြင်းလှသည့် မီးသတ် ရေပိုက်ကြီးများ၊ ဧရာမ ခွေးကြီးများ ဖြင့် အမေရိကန် လူမည်း ကလေးသူငယ်များ၊ လူမှုအခွင့်အရေးများ တန်းတူညီမျှ ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ အား နှိမ်နှင်းနေသည့် မြင်ကွင်းများကို ရုပ်မြင်သံကြား တွင် တွေ့လာရ၍ အတွေးအမြင်များ ပြောင်းလဲစ ပြုလာခဲ့ကြသည်။

 

ထိုမြင်ကွင်းများသည် ယခင်က မိမိတို့ နှင့် မဆိုင်ဆိုကာ နေသာသလို နေလာကြသော အမေရိကန် လူဖြူများအား ၎င်းတို့ အသိုက်အမြုံများထဲမှ ဆွဲထုတ်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။

 

အမေရိကန်သည် ဆိုဗီယက် နှင့် ဖြစ်ပွားနေသော စစ်အေးတိုက်ပွဲကြီးတွင် မိမိတို့သည် လူသားတို့၏ လွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်နေသော ခံတပ်ကြီးဟု ကြွေးကျော် နေချိန်လည်း ဖြစ်သည်။ သို့သော်လည်း တန်းတူညီမျှခွင့်၊ လွတ်လပ်ခွင့်၊ ခံစားပိုင်ခွင့် များသည် လူအားလုံး အပေါ် ညီတူမျှတူ သက်ရောက်ခြင်း မရှိသည့် အဖြစ်သည် ထင်ရှားသည်ထက် ထင်ရှားလာခဲ့ရသည်။

 

ယခု ဆက်လက် တင်ပြသွားမည့် အကြောင်းအရာသည် အမေရိကန် နွယ်ဖွား လူမည်းများ၏ လူမှု အခွင့်အရေး များ ရရှိရန် အကြမ်းမဖက် ရုန်းကန် လှုပ်ရှားမှုကြီး သည် အမေရိကန်အား လမ်းကြောင်းသစ် ပေါ်သို့ လျှောက်လှမ်းရန် မည်သို့မည်ပုံ တွန်းပို့ပေးနိုင်ခဲ့သည် ‌ဆိုသည်ကိုပင် ဖြစ်သည်။