အကြွင်းမဲ့ အာဏာရှင် စနစ် နှင့် တန်ပြန် တော်လှန်ရေး (၄)
ဂျာမဏီတွင်တော့ အဒေါ့ဖ် ဟစ်တလာသည် ၎င်း၏ အမိန့်အာဏာ အောက်တွင် ရှင်သန်ရမည့် တပါတီ စနစ် ထူထောင်နိုင်ရေး တွင် တိုးတက်မှု များ ရရှိလာနေပြီ ဖြစ်သည်။ ဟစ်တလာသည် သူ့အတွက် အကြီးမားဆုံး အန္တရာယ်ကြီးသည် အတွင်းမှသာ ထွက်ပေါ် လာနိုင်သည်ကို သိမြင်ထားပြီးလည်း ဖြစ်သည်။
ထိုသို့ ပေါ်ပေါက်လာနိုင်သော အန္တရာယ် ကြီး အတွက် နာဇီ စစ်ရဲ အဖွဲ့ SA ဟု ထင်ရှားလာမည့် ရှပ်ညိုတပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ရှပ်ညို တပ်ဖွဲ့တွင် ပါဝင်လာသူများသည် နာဇီပါတီအား အမာခံ ထောက်ခံနေကြသူများ ဖြစ်သည်။
နောက်ပိုင်းတွင် ဟစ်တလာ ကတိပေးခဲ့သလို ဂျာမန် နိုင်ငံသားများ၏ စီးပွားရေး၊ လူမှုရေး အနေအထားများသည် သိသိသာသာ ပြောင်းလဲလာခြင်း မရှိသည့် အဖြစ်ကို ရိပ်စားမိလာသည့် အခါတွင်တော့ SA ခေါင်းဆောင် ဖြစ်သူ အမ်းစ် ရွမ်း သည် နာဇီ တော်လှန်ရေး ကြီးအား ရှေ့လျောက် အင်နှင့် အားနှင့် လုပ်သွားဖို့ လိုသည်ဟု တောင်းဆိုလာသော်လည်း ဟစ်တလာက ပယ်ချခဲ့သည်။
၁၉၃၄ နွေရာသီ သို့ ရောက်လာသည့် အခါတွင်တော့ SA ခေါင်းဆောင်ပိုင်းနှင့် နောက်လိုက်များသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေပြီဟု ဟစ်တလာက ယူဆလာခဲ့သည်။ ဇွန်လ (၃၀) ရက်နေ့တွင် ဟင်းဒရစ်ခ်ျ ဟင်းမလား၏ လက်ရွေးစင် SS တပ်ဖွဲ့သည် နောက်ပိုင်းတွင် "ဓါးမြှောင်ကိုင်တို့၏ ည" ဟု ထင်ရှားလာမည့် စစ်ဆင်ရေး တရပ် ဆင်နွှဲကာ ရွမ်း အပါအဝင် SA ခေါင်းဆောင်ပိုင်းအား ဖမ်းဆီး ကွပ်မျက်ပစ်ခဲ့ကြသည်။ ဟစ်တလာသည် ထိုစစ်ဆင်ရေး အား အခွင့်ကောင်းယူကာ ယခင်ကတည်းက အမြင်မကြည်လင်၍ တေးထားသည့် အထင်ကရ ပုဂ္ဂိုလ်များ ကိုပါ တလက်စာတည်း ရှင်းလင်းပစ်ခဲ့သည်။
နောက်ပိုင်းတွင် ထိုလုပ်ရပ်များအား "ဂျာမန် နိုင်ငံတော်အား ကာကွယ်ရန်" မလုပ်မဖြစ် ဆောင်ရွက်ခဲ့မှု ဟု ကင်ပွန်းတပ်ကာ အဆိုပါ သွေးထွက်သံယို ဖြုတ်ထုတ်သတ်ပွဲကြီး" အား တရားဝင် ဖြစ်စေရန် နောက်ကြောင်းပြန် ဥပဒေပြဋ္ဌာန်း ပေးကာ အတည်ဖြစ်အောင် ဖန်တီးပေးခဲ့သည်။
၁၉၃၄ ခုနှစ် ဩဂုတ်လထဲတွင် သမ္မတ ဟင်ဒင်းဘတ်ခ် ကွယ်လွန်သွားခဲ့သည်။ ထိုအခါတွင်တော့ ဟစ်တလာသည် သမ္မတ နှင့် အဓိပတိ ရာထူး နှစ်ခုပေါင်းကာ "ဖူးဟား" ဟူသော ဘွဲ့ကို တရားဝင် ခံယူလိုက်သည်။ တချိန်တည်းမှာပင် အစိုးရဝန်ထမ်းများနှင့် စစ်တပ်ကိုလည်း ဟစ်တလာ အပေါ် သစ္စာခံပါမည်ဟု ကျမ်းသစ္စာ ကျိမ်ဆိုခိုင်းခဲ့ပြန်သည်။ ဤသို့ဖြင့် အကြွင်းမဲ့ အာဏာရှင်စနစ် သည် နောက်ပြန်လှည့်၍ မဖြစ်နိုင်လောက်အောင် ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။
ဟစ်တလာသည် သူ၏ အာဏာကို ခိုင်မြဲသည်ထက် ခိုင်မြဲလာစေရန် တနိုင်ငံလုံးကို နာဇီ ဇာတ်သွင်းလာခဲ့သည်။ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း နှင့် လူမှုရေး အသင်းအဖွဲ့များ အားလုံးကို ဖျက်သိမ်းပြီး အဖွဲ့အသစ်များ နှင့် အစားထိုးလာခဲ့သည်။
လူတဦးချင်းစီ၏ ဘဝများ အတွက် မှီခိုအားထားနိုင်မည့် အဖွဲ့အစည်း အသစ်များ တည်ထောင်ရန် လိုအပ်သည်ဟု ဟစ်တလာ ကိုယ်တိုင် ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ ထို့အတွက် ဂျာမန် အတတ်ပညာရှင် တဦးဦးသည် သူ၏ အလုပ်ကို မပြုတ်အောင် ထိန်းသိမ်းထားချင်သည် ဆိုက အမျိုးသား ဆိုရှယ်လစ် ဆေးပညာရှင်များ အဖွဲ့ချုပ်၊ အမျိုးသား ဆိုရှယ်လစ် ကျောင်းဆရာများ အဖွဲ့ချုပ် အစရှိသည့် အသင်းအဖွဲ့များသို့ မဖြစ်မနေ ဝင်ရောက်ရဖို့ ဖြစ်လာခဲ့သည်။
နာဇီတို့သည် အပန်းဖြေ အသင်းများ၊ သဟာယ ကလပ်များ၊ အားကစားအသင်းများ၊ အမဲလိုက်အဖွဲ့များ၊ လူငယ် အစည်းအရုံးများ လည်း ဖွဲ့စည်းပေးလာခဲ့သည်။ ဤသို့ဖြင့် နာဇီတို့၏ ထိန်းချုပ်မှု အောက်တွင် မရှိသေးသည့် အဖွဲ့အစည်း မှန်သမျှ ပျောက်ကွယ်သွားခဲ့ရတော့သည်။
ဆိုဗီယက် ယူနီယံ တွင် အလားတူ ပုံစံမျိုး ပေါ်ပေါက်လာခဲ့သည်။ စတာလင်သည် ဆိုဗီယက် လူ့အစည်းအရုံးကြီး တခုလုံး အတွေး အခေါ်၊ ယုံကြည်မှု၊ လှုပ်ရှားမှု မှန်သမျှသည် နိုင်ငံရေး နှင့် မပတ်သက်အောင် အလျှင်အမြန် ပြုလုပ်လာခဲ့သည်။ ထိုအကြောင်းကို ဘောရစ် ပါစတာညက်သည် သူ၏ နိုဘဲလ် ဆုရ ဝတ္ထုကြီး ဖြစ်သော "ဒေါက်တာ ဇီဗာဂိုး" တွင် ထည့်သွင်း ရေးသားခဲ့သည်။ ထိုဝတ္ထုကြီးထဲတွင် ကွန်မြူနစ် အမာခံ ဇာတ်ကောင် တဦး ဖြစ်သော စထရယ်နီကော့ သည် "လူတဦး၏ ပုဂ္ဂလိက ဘဝသည် သေဆုံးသွားရပြီ" ဟု ထုတ်ဖေါ်ပြောလာခဲ့သည်။
စတာလင်၏ စိတ်ကူးပေါ်ရာ အမြင်များကို အကောင်အထည် ဖေါ်ရန် မြစ်ကြောင်းများကို လမ်းကြောင်းလွှဲပေးရခြင်း၊ ဆည်များ တည်ဆောက်ရခြင်း၊ ပင်လယ်နှင့် ဆက်ရန် တူးမြောင်းများကို မိုင် ရာချီ ခြားကာ တူးဖေါ်ရခြင်း အစရှိသည်တို့ကို ပြုလုပ်ခဲ့ကြရသည်။ မော်စကိုမှ ချမှတ်ပေးထားသော ရည်မှန်းချက်များ အကောင်အထည် ဖေါ်ရေး အတွက် စွန့်လွှတ် အနစ်နာခံပြီး ထူးချွန်စွာ အကောင်အထည် ဖေါ်မည့် ဆူပါမင်း လုပ်သားကောင်းများ ထွက်ပေါ်ရေး အတွက် လူများကို ပြန်လည် ပုံသွင်းပေးလာခဲ့သည်။
သို့သော် ဆိုဗီယက် တို့ အတွက် စားနပ်ရိက္ခာ ပံ့ပိုးရေးသည် အားနည်းချက် အဖြစ် ထွက်ပေါ်လာခဲ့သည်။ စားသောက်ကုန်များ ထုတ်လုပ်ရန် လိုအပ်သည့် လုပ်ငန်းများကို စုစည်း ပေးလာသည်။ စတာလင်သည် စုပေါင်းလယ်ယာ စနစ်ကို အကောင်အထည် ဖေါ်ခဲ့သော်လည်း လုပ်ငန်းစဉ်များသည် နှေးကွေးလွန်းသည်ဟု ယူဆလာသည်။
မြို့ပြဒေသများအတွက် သီးနှံများ လိုအပ်လာသလို၊ စက်မှု လုပ်ငန်းများရှိ ဆာလောင်မွတ်သိပ်လာပြီ ဖြစ်သော အလုပ်သမားများ အား ကျွေး မွေးထားနိုင်ရန်လည်း လိုအပ်လာနေသည်။ သို့သော် ကုန်စည်စီးဆင်းလာမှု သည် ဆင်ပါးစပ် နှမ်းပက် ဆိုသလို ဖြစ်လာနေသည်။ သို့သော် ထိုသို့ ဖြစ်လာမှုများ အပေါ် စတာလင်သည် တာဝန်ခံယူ လိုစိတ် မရှိ၊ ဤသည်ကလည်း သူတယောက်တည်း မဟုတ်၊ အကြွင်းမဲ့ အာဏာရှင် မှန်သမျှ မည်သည့် အခါမျှ ကိုယ့်အမှားကို ကိုယ်ဝန်ခံလေ့ မရှိကြပေ။ ၎င်းတို့အဖို့က ဖြစ်လာသမျှကို တရားခံ ရှာတတ်ဖို့သာ လိုသည်။
စတာလင်သည် ၁၉၃၀ လွန် နှစ်များ အတွင်း သူ၏ မအောင်မမြင် ဖြစ်ခဲ့မှုများ အတွက် ဝေးဝေးလံလံ ရှာကြံနေစရာ မလိုပဲ သူ၏ စုပေါင်း လယ်ယာ စနစ်ကို ဆန့်ကျင် နေခဲ့ကြသည့် ကူလတ် ခေါ် လယ်သမား အုပ်စုများကို တွေ့ လာခဲ့သည်။
စနစ်တကျ စုပေါင်း ထုတ်လုပ် ဖြန့်ချီမှု သည် စက်မှု နှင့် လယ်ယာကဏ္ဍအတွက် မရှိမဖြစ် လိုအပ်သည်ဟု ပုံဖေါ်ထားခဲ့ပြီး ဖြစ်သည်။ ထို့အတွက် ကူလတ်များသည် နိုင်ငံတော်၏ ရန်သူများ ဖြစ်လာသည်။
ဤသို့ဖြင့် စတာလင်သည် မအောင်မြင်မှုများ ၏ မူလတရားခံ အဖြစ်မှ တရားမျှတသော အရေး ကို ရှေ့တန်းမှ မဆုတ်မနစ် ကာကွယ်သူ ဖြစ်လာခဲ့ရသည်။ စတာလင်သည် ထိုအရေးအတွက် အမှုတော်ကို ထမ်းမည့် လူများ လိုလာသည်၊ ထိုလူများကို ကျေးလက်ဒေသများ သို့ စေလွှတ်၍ လယ်သမားများ ပိုင် သီးနှံများကို သိမ်းယူခိုင်းခဲ့သည်။ လိုအပ်လျှင် သေနတ် ထုတ်ချိန်ရန်လည်း ညွှန်ကြားထားခဲ့သည်။
၁၉၃၃ ခုနှစ်အတွင်း"သီးနှံ လုပွဲ" အား "ဆိုရှယ်လစ် စနစ် တိုက်ပွဲကြီး" အဖြစ် ရည်ညွှန်း ပြောဆိုလာသည့် အခါတွင်တော့ မိမိသည် လက်ဆုပ်လက်ကိုင် မပြနိုင်သော ရှေ့တန်း တနေရာ အတွက် စစ်သည်တော်ကြီး အဖြစ် ပြောင်းလဲ ခံယူလာခဲ့ရသည်ဟု စတာလင် အတွက် မားမားမတ်မတ် ထမ်းရွက်ခဲ့သူ လက် ကိုပီလက် ဆိုသူက ပြောပြခဲ့သည်။
ကိုပီလက် သည် သူလိုလူများသည် "အသိတရား မဲ့မှု နွံအိုင်ကြီးထဲ နစ်မျောနေကြသည့် လယ်သမားများ အသိတရား ရရှိရေး" အတွ့က် တိုက်ပွဲဝင်ခဲ့ကြရသည်ဟု ဆိုသည်။ လယ်သမားများသည် အသိဉာဏ် မဲ့မှုကြောင့် ရန်သူ၏ လှုံ့ဆော်ခြင်းကို နားယောင်ခဲ့ကြပြီး ကွန်မြူနစ် စနစ်၏ မြင့်မြတ် ကြီးကျယ်သည့် အမှန်တရားကို သိမြင်နားလည်နိုင်စွမ်း မရှိကြသူများသာ ဖြစ်သည်။
သိုသော် စတာလင်၏ လိုအပ်လျှင် သေနတ်နှင့် ချိန်ကာ သိမ်းယူရမည် ဆိုသော အမိန့်အောက်တွင် လယ်သမား အိမ်ထောင်စု အကြီးအကဲ စုစုပေါင်း ၃၀,၀၀၀ ခန့် အသတ်ခံခဲ့ကြရသည်၊ စတာလင် တောင်းသည့် အရာကို ထုတ်ပေးရန် တုံ့နှေး နေခဲ့ကြ၍ လည်း ဖြစ်သည်။