အကြွင်းမဲ့ အာဏာရှင် စနစ် နှင့် တန်ပြန်တော်လှန်ရေး (၂)
အကြွင်းမဲ့ အာဏာရှင် စနစ်သည် တော်လှန်ရေး လှုပ်ရှားမှု နှင့် နောက်ထပ် ကွာခြားသွားသည့် အချက် က စံပြုထားသော သဘောတရားပိုင်းပင် ဖြစ်သည်။ တော်လှန်ရေးသည် လက်လှမ်းမီနိုင်သည့် သဘော တရားများကို အားပြုသည်။ အကြွင်းမဲ့ အာဏာရှင် များသည် ၎င်းတို့ မည်သည့် အခါမျှ အကောင် အထည် မဖေါ်နိုင်မည့် ဖြစ်စဉ်များကို ပြောလာလေ့ရှိသည်။ ထိုအကြောင်းကို ဆက်လက် ရှင်းပြမည်။
လူမှု ဘဝ တွင် နေ့စဉ် ကြုံတွေ့နေရမှုများကို စိတ်ပျက်လာနေခြင်းများ အတွက် အနာဂတ်တွင် သာယာ သော လောကသစ်ကြီး ဖြစ်လာမယောင် ပြောဆိုတတ်ကြသည်။ ထိုသို့ ဖြစ်မလာနိုင်သည်ကို သိထား ပြန်၍လည်း တဖက်တွင် အပြစ်ဖို့ ထိုးချ၍ ရမည့် ဓါးစာခံများကိုလည်း မွေးမြူထားသည်။ ၎င်းတို့ ရပ်တည်မှု သည် တရားဝင် ဖြစ်လာစေရေး အတွက် ရန်သူများ နှင့် ခြိမ်းခြောက်မှု များကို အမြစ်ပြတ် ရှင်းလင်းရေး သာမက ဒီထက်ပို၍ ပြုလုပ်လာတတ်ကြသည်။ တခါတရံတွင် ထိုသို့သော အန္တရာယ်ပေး တတ်သည်များကို ဖန်တီးထားခြင်း သို့မဟုတ် မွေးမြူထားခြင်းမျိုး လုပ်တတ်ကြသည်။ ဤနည်း လမ်းများဖြင့် ၎င်းတို့ သွားနေသည့် အကြွင်းမဲ့ အာဏာရှင် စနစ်သည် အမြဲလို ရှိနေဖို့ လိုအပ်ကြောင်း အကြောင်းပြ၍ ရလာခဲ့သည်။
ထို့သို့ စိတ်ချလက်ချ လုပ်နိုင်ရန် အတွက် လူ့ အဖွဲ့အစည်း တခုလုံးအား ဗဟိုချုပ်ကိုင်မှု ဖြင့် နေရာ ပေါင်းစုံ ထောင့်ပေါင်းစုံမှ ထိန်းချုပ်ထားနိုင်မှသာ ဖြစ်ပေမည်။ လူ့အဖွဲ့အစည်းများ၏ အကျိုးစီး ပွားသည် ၎င်းတို့ ခွင့်ပြုသလောက်သာ ရှင်သန်ခွင့်ပြုသည်။ ၎င်းတို့ အကျိုး ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာစေမည်များကို ခွင့်ပြု၍ မဖြစ်ပေ။
အကြွင်းမဲ့ အာဏာရှင်စနစ်တွင် အရာအားလုံးသည် နိုင်ငံအရေး နှင့် သက်ဆိုင်နေသည်။ မည်သည့် လှုပ်ရှားမှု၊ အဖွဲ့အစည်း မျိုး မဆို ၎င်းတို့ ၏ အာဏာ စက်ဝိုင်း အပြင်မှ သီးခြားရပ်တည်လာမည့် အရေးကို ခွင့်မပြုပေ။
နိုင်ငံသားများ စည်းလုံးညီညွတ်ရေး ဆိုသည်ကိုလည်း ၎င်းတို့ ချမှတ်ထားသော နိုင်ငံရေး စနစ်ထက် ကျော်လွန်၍ ဖြစ်ပေါ်လာခြင်းမျိုး မရှိစေရ၊ ၎င်းတို့ အကျိုးစီးပွားကို ဖေါ်ဆောင်နိုင်ရန် အတွက်သာ လူထုအား စုစည်းစေတတ်သည်။ ဤသို့ဖြင့် အကြွင်းမဲ့ အာဏာရှင် စနစ်သည် မည်သည့်အခါမျှ လူထု ၏ လိုအပ်ချက်၊ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် စိတ်ကူးထဲပင် မထည့်ခဲ့ကြခြင်းလည်း ဖြစ်သည်။
လူထုအား နိုင်ငံတော် ဆိုသည့် ခေါင်းစဉ် အောက်တွင်ပင် တူရာတူရာ အစုအဝေးများ အဖြစ် ခိုင်မာ သည့် အခြေခံ အဆောက်အအုံမျိုး မဖြစ်စေဘဲ စုစည်းခိုင်းခဲ့သည်။ ဤသို့သော ပုဂ္ဂိုလ်များ အကြား အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှု အလားအလာများ ပျက်ပြယ်သွားခဲ့ရသည်။ တာဝန်ခံမှုသည် အချင်းချင်း အကြားတွင် မဟုတ်၊ အပေါ်ပိုင်း ဖြစ်သော ခေါင်းဆောင်ပိုင်း၊ စနစ် နှင့် ဝါဒသဘော တရားများ သို့သာ ရောက်လာခဲ့သည်။ လူထုကြီးကိုလည်း ၎င်းတို့ အလိုကျ လိုက်လုပ်မည့် အတိုင်း အတာ တခုအထိသာ အာဏာ အပ်နှင်းပေးထားသည်။
ဟစ်တလာ ရော စတာလင်ပါ သမားရိုးကျ တော်လှန်ရေးဖြင့် အာဏာသို့ တက်လှမ်းလာခဲ့ကြသူများ မဟုတ်ပေ။ စတာလင်သည် ၁၉၁၇ ခုနှစ် အောက်တိုဘာ တော်လှန်ရေးကြီး ဖြစ်ပွားခဲ့စဉ် ကာလ အတွင်း ဘော်ရှီဗစ် ပါတီ အတွင်း ခေါင်းဆောင်တနေရာ ရထားခဲ့သည်မှာ မှန်သော်လည်း နောက်ပိုင်း ဆယ်နှစ်ခန့် အကြာထိ အာဏာရှင် တဦး အဖြစ်သို့ ရောက်မလာခဲ့သေးပေ။
တပါတီ ကျင့်သုံးသော ဆိုဗီယက် နိုင်ငံတွင် ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သော စတာလင်သည် ၁၉၂၄ ခုနှစ် လီနင် ကွယ်လွန်သွားချိန်တွင် အာဏာကို ဆုပ်ကိုင်နိုင်ဖို့ နေရာကောင်း၌ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ နောက်နှစ် အနည်းငယ်အတွင်း ထိုသို့ အာဏာရယူ နိုင်ရန် မဟာမိတ်များ စုရုံးပြီး အာဏာရ ပေါ်လစ်ဗျူရို အဖွဲ့ဝင် တယောက်ပြီး တယောက်ကို ဖယ်ရှားခဲ့သည်။ အုပ်စုတစုကို ရှင်းထုတ်ပြီးလျှင် နောက် အုပ်စု တစုဖက် လှည့်လာခဲ့ပြန်သည်။ ၁၅ ရာစုနှစ်အတွင်း ပေါ်ထွန်းခဲ့သော အီတလီ နိုင်ငံရေး သုခမိန် မာခီယာ ဗယ်လီ ၏ အာဏာရရေး အတွက် ဆို မည်သည့် နည်းလမ်းမဆို တရားမျှတသည်ဟူသော သဘောတရားအတိုင်း ပြိုင်ဖက်များကို နည်းမျိုးစုံဖြင့် ရှင်းလင်းပြီး နောက် တွင်မူ စတာလင် တဦးတည်း ထီးထီးကြီး ကျန်ခဲ့ပေတော့သည်။
ထိုသို့ ပြိုင်ဖက်များကို ရှင်းလင်းဖယ်ထုတ်ပြစ်ခဲ့သည့် နည်းလမ်းများသည် ရလဒ်ကောင်းများ ထွက်ပေါ် လာခဲ့၍လည်း ရှေ့လျှောက် အကြွင်းမဲ့ အာဏာရှင်စနစ် တည်ဆောက်ရန် များစွာ အထောက်အကူ ဖြစ်လာခဲ့ရသည်။
ဟစ်တလာသည် ၁၉၂၉ တွင် ပေါ်ပေါက်ခဲ့သော ကမ္ဘာစီးပွားပျက်ကပ်ကြီး ၏ အကျိုးကျေးဇူးကို ခံစား ခဲ့ရသူ ဖြစ်သည်။ ပထမ ကမ္ဘာစစ် တွင် ရှုံးနိမ့်သွားမှုကြောင့် စိတ်ဓါတ်များ ပျက်ပြားလာနေသည့် ဂျာမဏီ တွင် ပြီးခဲ့သည့် ဆယ်နှစ် အတွင်း တည်ထောင်ထားသည့် အမျိုးသား ဆိုရှယ်လစ် ဂျာမန် အလုပ်သမား ပါတီ ဝင် တဦး ဖြစ်နေခဲ့ပြီးလည်း ဖြစ်သည်။
နောက်ဆုံးတွင် ထိုပါတီ၏ ခေါင်းဆောင်အဖြစ် တက်လှမ်းလာခဲ့ပြီး နောက်တွင်မူ ပါတီ ဝင်များ အကြား အစွန်းတဖက်သို့ ရောက်လာနေသော ရိုသေကျိုးနွံမှု ဆိုသည်ကို တည်ဆောက်လာခဲ့သည်။
၁၉၂၃ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းမှု ပျက်ပြားသွားခဲ့ပြီးနောက် အကျဉ်းထောင်ထဲတွင် ကိုးလ မျှ နေထိုင်ခဲ့ရသည်။ ထိုနောက်တွင် ဟစ်တလာ၏ နိုင်ငံရေး ကံကြမ္မာသည် လွန်စွာ ညံ့ဖျင်းနေသည့် ကာလဟု ဆိုရမည် ဖြစ်သည်။ သို့သော် ၁၉၂၉ ခုနှစ် ကမ္ဘာစီးပွားပျက်ကပ်ကြီး ကျရောက်လာချိန်တွင် အလုပ်လက်မဲ့များ မှိုလိုပေါက်အောင် များပြားလာမှု နှင့် အတူ သူ၏ နာဇီပါတီ အပေါ် လူကြိုက်များ မှုသည် တဟုန်ထိုး မြင့်တက်လာခဲ့ပေတော့သည်။
ဟစ်တလာသည် အဖ ဂျာမဏီ အား စီးပွားရေး၊ နိုင်ငံရေး နှင့် စစ်ရေး အရ ပြန်လည် ရှင်သန်စေရမည် ဟူသော ကတိကဝတ်များဖြင့် တွေဝေမိန်းမောနေသော ဂျာမန် လူထုကို လှုပ်နှိုးလာခဲ့သည်။ ဂျာမန် စီးပွားရေးသည် တောက်လျှောက်ဆိုသလို ကျဆင်းလာနေခဲ့ပြီ ဖြစ်၍ ဟစ်တလာ၏ အစွန်းရောက် အမြင်များကို ကောက်ရိုးတမျှင်အလား လူထုကြီးက ဆုပ်ကိုင်လာခဲ့ကြပြီး သူ့အပေါ်လည်း ပုဂ္ဂိုလ် ရေးအရ ယုံကြည်ကိုးစားလာခဲ့ကြသည်။
၁၉၃၂ နွေရာသီ တွင် ဂျာမန် အလုပ်လက်မဲ့ နှုန်းသည် ၄၃ ရာနှုန်းအထိ အမြင့်ဆုံးသို့ ရောက်လာခဲ့သည်။ အလုပ်သမား နှစ်ဦးလျှင် တဦးမှာ အလုပ်လက်မဲ့ ဖြစ်လာသည်နှင့် အမျှ ဂျာမန် လွှတ်တော် ရိုက်ချ်စ တက်တွင် ဟစ်တလာ၏ ပါတီသည် ၃၇ ရာနှုန်းအထိ အမတ်နေရာ ရရှိလာခဲ့ပေတော့သည်။