၁၉၄၁ ခုနှစ် စက်တင်ဘာလတွင် ဂျာမန်တပ်များက လီနင်ဂရက် မြို့တော်ကြီးအား ခြိမ်းခြောက်လာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် ဂီတစာဆို ဒီမီထရီ ရှိုစတာကိုဗစ်ချ် သည် လီနင်ဂရက် သံစုံတေးဂီဝာ ဟု ထင်ရှားလာသော သူ၏ မပြီးဆုံးသေးသည့် သံစုံတေးဂီတ တင်ဆက်မှု အမှတ် (၇) ကို ချပြ အသုံး တော်ခံလာခဲ့သည်။
သူသည် အဆိုပါ တေးဂီတကို လူသိမခံဘဲ ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဆိုဗီယက် ပြည်ထောင်စု တဝှမ်းလုံးရှိ ပြည်သူများ ခံစားနေရသည့် နာကျင်မှုများ၊ စိတ်မချမ်းမြေ့ ဖြစ်နေရ မှုများကို သီကုံးစပ်ဆိုထားသည်။
ပြီးခဲ့သည့် ဇွန်လ အတွင်း အင်အား သုံးသန်းခန့် ရှိသော အဒေါ့ဖ် ဟစ်တလာ၏ နာဇီတပ်များ လျှပ် တပြက် ကျူးကျော်တိုက်ခိုက်လာခြင်းကို ဆိုဗီယက် ခေါင်းဆောင်ပိုင်း နှင့် စစ်တပ်အဖို့ အငိုက်မိသွား ခဲ့ရသည်။ စက်တင်ဘာလတွင် နာဇီများသည် သူ၏ မွေးဖွားကြီးပြင်းရာ လီနင်ဂရက် မြို့ကြီးကို ဝိုင်းရံ ပိတ်ဆို့ထားသည့် အခြေအနေထိ ဖြစ်လာခဲ့သည်။
ဂျာမန်တပ်များသည် လီနင်ဂရက် မြို့ အရှေ့ဖက်ပိုင်းရှိ လာဒိုဂါ ရေအိုင်ကြီး မှ လွဲ၍ ကျန်သည့် နေရာ အနှံ့ကို ဝိုင်းထားနိုင်ခဲ့သဖြင့် လီနင်ဂရက် မြို့သူမြို့သားများ အငတ်ဘေး နှင့် ရင်ဆိုင်လာခဲ့ရသည်။ ပြင်းထန်လှသော ဆောင်းရာသီ အတွင်း မြို့တော်တွင် နေထိုင်သူ နှစ်သိန်းခန့် အငတ်ဘေး နှင့် ရောဂါ ဘယ များကြောင့် အသက်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
ရှိုစတာကိုဗစ်ချ်သည် သူ၏ တေးဂီတ ပထမပိုင်း တီးခတ်မှုအား လွန်စွာ ကြေကွဲဖွယ်ရာ အသုဘ ချ တေးသွား ဖြင့် စတင်လာခဲ့သည်။ နောက်ပိုင်း နှစ်များ အကြာတွင်တော့ အဆိုပါ တီးလုံးများသည် ၁၉၃၀ နောက်ပိုင်း နှစ်များ အတွင်း ဂျိုးစက် စတာလင်၏ ဖြုတ်ထုတ်သတ် လုပ်ရပ်များကြောင့် ဖြစ် ပေါ်လာခဲ့သော ထိတ်လန့်ကြောက်ရွံစရာ ကောင်းမှုများကို ရည်ညွှန်းစပ်ဆိုခဲ့ခြင်းသာ ဖြစ်သည်ဟု ဝန်ခံခဲ့သည်။ ထိုအကြောင်းကို လက်ရှိ နာဇီ တို့ကြောင့် ဖြစ်ပေါ်လာရခြင်း အပေါ် သရုပ်ဖေါ် သကဲ့သို့ တင်ဆက်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
ရှိုစတာကိုဗစ်ချ် ၏ စိတ်ထဲတွင် ခေါင်းဆောင်နှစ်ဦး ဖြစ်သည့် စတာလင် နှင့် ဟစ်တလာ တို့သည် အတူတူ နှင့် အနူနူသာ ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ထိုနှစ်ဦးသည် ခေတ်ပြိုင် သမိုင်းတွင် တပြိုင် တည်း လိုလို ပေါ်ပေါက်လာခဲ့မှုသည် သမိုင်း၏ ဝမ်းနည်းဖွယ်ရာ အကောင်းဆုံး ကာလများ အဖြစ် ခံယူခဲ့သည်။
ရှိုစတာကိုဗစ်ချ်သည် ညကြီးသန်းကောင် အိပ်မောကျနေရာမှ နိုင်ငံတော် ဆိုသည်အပေါ် ကျူးလွန် သော ရာဇဝတ်မှုများ ဟု ဆိုကာ နေအိမ်များမှ ပျောက်ကွယ်သွားခဲ့ကြသော အပြစ်ကင်းသည့် သူ၏ မိတ်ဆွေ သင်္ဂဟ များ၏ အကြောင်းကို ကောင်းစွာသိရှိခဲ့သည်နှင့် အမျှ အကြောက်တရား နှင့် ကြံရာ မရ ခံစားလာမှုများကို နားလည်သိရှိ ခဲ့ရသည်။
ဖက်ဆစ် နှင့် ကွန်မြူနစ် ခေါင်းဆောင်များသည် ဝါဒရေးရာ ရောင်စုံ သံစဉ်လှိုင်းများကို အပြိုင်အဆိုင် ဟစ်ကြွေးကာ မြေတောင်မြှောက်ပေးနေကြချိန်လည်း ဖြစ်နေသည်။ အပေါ်ယံအားဖြင့် ကြည့်မည် ဆိုလျှင် သူတို့ နှစ်ဦး စလုံးသည် ဝါဒရေးရာတွင် တောင် နှင့် မြောက်လို ဖြစ်လာနေသဖြင့် တနေ့နေ့ တချိန်ချိန်တွင် မဟာရန်သူကြီးများ အဖြစ် မဖြစ်မနေ ရောက်ရှိလာတော့မည်ဟု ယူဆစရာ ဖြစ်နေ သော်လည်း တကယ်တမ်း သူတို့ နှစ်ဦးတွင် တူညီသည့် အကြောင်းအရာများ အများအပြား ရှိနေ ကြသည်။
ဂျာမန် နိုင်ငံရေး တွေးခေါ်ပညာရှင် ဟာနာ အီရင့်သည် ၁၉၃၀ ကျော် နှစ်များ အတွင်း ဂျာမဏီ နှင့် ဆိုဗီယက် ယူနီယံ တွင် ပေါ်ထွက်လာသော စနစ်များကို ကြည့်ကာ အကြွင်းမဲ့ အာဏာရှင်စနစ် ဟု အကြမ်းဖျင်း ယူဆ၍ ရသည့် totalitarianism ဆိုသော စကားရပ်ကို ပထမဦးဆုံး တီထွင် အသုံးပြုလာ ခဲ့သည်။ ကမ္ဘာကြီးသည် Autocracy ခေါ် ခေါင်းဆောင်တဦးတည်းက အမြင့်ဆုံး အာဏာများ ရယူထားမှု၊ Dictatorship ခေါ် အာဏာရှင် စနစ်၊ လူတဦးချင်းစီ၏ အခွင့်အရေးအား အရေးမထားဘဲ နိုင်ငံတော် ဆိုသည်က အရာရာ ကို ထိန်းချုပ်စီမံကွပ်ကဲနေသော Authoritarianism အစရှိသည် တို့ကို ကာလကြာမြင့်စွာ ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ကြပြီး ဖြစ်သည်။
အကြွင်းမဲ့ အာဏာရှင် စနစ် totalitarianism သည် ထိုအရာများနှင့် ခြားနားပြီး လူအဖွဲ့အစည်း တရပ်လုံးကို ထားရာနေ စေရာသွား အနေအထားဖြင့် အလုံးစုံ ထိန်းချုပ် ထားသော အဖြစ်သနစ်ကြီးသည် ခေတ်သစ် ကမ္ဘာကြီး တွင် ပေါ်ထွန်းလာခဲ့ရခြင်းကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။
ထိုသို့သော အကြွင်းမဲ့ အာဏာရှင် စနစ်သည် လစ်ဘရယ် ဝါဒ ၏ ကတိကဝတ်များ ဖြစ်သော လွတ်လပ်ခွင့်များ ရရှိစေခြင်း၊ လူအဖွဲ့အစည်းဝင် အချင်းချင်း ချစ်ကြည်ယိုင်းပင်းခြင်း၊ စီးပွားရေး ရှင်သန် ဖွံ့ဖြိုးစေခြင်း အစရှိ သည်တို့ ပျက်ယွင်းလာမှုများမှ တဆင့် အညှောင့်ထွက်ပေါ်လာသည်။ နောက်ပိုင်းတွင် ဒီမိုကရေစီ စနစ်အပေါ် ယုံထင်ကြောင်ထင် ဖြစ်မှုများ ဆိုသည့် မြေဩဇာဖြင့် ဆက်လက် ရှင်သန်လာခဲ့ရသည်။
ယနေ့ခေတ်တွင် ယခင်နှင့် မတူ ကွဲပြားသော ကတိကဝတ်များ ထွက်ပေါ်လာခဲ့သည်။ လစ်ဘရယ် ပြုပြင် ပြောင်းလဲမှုများထက် တင်းကျပ်မှုများ၊ လွတ်လပ်စွာ တွေးခေါ် ပြုမူ ဆောင်ရွက်ခွင့် များကို ဆန့်ကျင်သည့် အကြောင်းအရာများ ထွက်ပေါ်လာသည်။
ထိုအချိန်က ဆိုဗီယက် ပြည်ထောင်စု နှင့် နာဇီ ဂျာမဏီ နှစ် ပြည်ထောင် စလုံးသည် ထိုသို့သော ကတိကဝတ် ပြုချက်များ နှင့် ထွက်ပေါ်လာသော နိုင်ငံများ အဖြစ် ရှုမြင်၍ရပေသည်။ အကြွင်းမဲ့ အာဏာရှင် စနစ်သည် ဖက်ဆစ်ဝါဒ သို့မဟုတ် ကွန်မြူနစ်ဝါဒ အောက်တွင်သာ ပေါ်ထွန်းနိုင်သည်ဟု ပြော၍ ရပေသည်။ မိမိအနေဖြင့် အကြွင်းမဲ့ အာဏာရှင်စနစ်သည် အဆိုပါ စနစ်များ၏ လောင်းရိပ်အောက်တွင် ရှင်သန်လာခဲ့ ခြင်းမျိုး မဟုတ်၊ တမူကွဲပြားသည့် ဂုဏ်သတ္တိများ၊ ကိုယ်ပိုင် လုပ်နည်းလုပ်ဟန်များ ပိုင်ဆိုင်နေသည်ဟု ပြောလိုပေသည်။
အဆိုပါ ဝါဒသည် ထိုမတိုင်မီ ရှိခဲ့သည့် နိုင်ငံရေး အခင်းအကျင်းကို မှောက်လှန်ပြစ်ရန် အားမွေးလာခြင်း မျိုး လည်း ဖြစ်သည်။ သို့ဆိုလျှင် အကြွင်းမဲ့ အာဏာရှင် စနစ်ကို တော်လှန်ရေး အသွင် ဆောင်သည်ဟု ပြော၍ရ သလို ဖြစ်နေသည်။ အကြွင်းမဲ့ အာဏာရှင်စနစ်သည် တော်လှန်ရေး မဟုတ်၊ တန်ပြန်တော်လှန်ရေးသာ ဖြစ်သည်။ တော်လှန်ရေး သဘောတရားများအစား တော်လှန်ရေးကို တုန့်ပြန်လာခြင်း မျိုးသာ ဖြစ်သည်။
အကြွင်းမဲ့ အာဏာရှင် စနစ်သည် အာဏာကို ဖြန့်ဝေရမည်အစား ဗဟိုက ချုပ်ကိုင်ထားသည့် စနစ်ဖြစ်သည်။ တနည်းအားဖြင့် ပြောရလျှင် တော်လှန်ရေးသည် လူအများတွင်ရှိသော ကွဲပြားခြားနားသည့် အတွေ့အကြုံ များကို အသိအမှတ်ပြုလက်ခံသည်။ ကွဲပြားသော အင်အားစုများအား ပြောရေးဆိုခွင့်များလည်း ဖန်တီးပေး သည်။ အကြွင်းမဲ့ အာဏာရှင် စနစ်ကမူ ဝိသေသအရရော၊ ရည်ရွယ်ချက်များ အရပါ တစည်းတလုံးတည်း တညီတညာတည်း တသံတည်းသာ ထွက်ရမည့် အဖြစ်ကိုသာ ခွင့်ပြုပေသည်။