လီနင် ရုရှားသို့ ပြန်ရောက်လာပြီး နောက်ပိုင်းတွင် နေ့စဉ်လို ရုရှားစစ်သားများသည် စခန်းများကို စွန့်ခွာ၍ ပူးပေါင်းလာခဲ့ကြသည်။ ထိုသို့ အနေအထားများ ဖြစ်ပေါ်လာနေသည့် ကြားမှပင် ယာယီ အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ပေဗယ် မူလီကော့ မှ မဟာမိတ်နိုင်ငံများထံ စာရေးသားပေးပို့ပြီး မိမိတို့သည် ပေးထားသည့် ကတိကဝတ် အတိုင်း စစ်ပွဲကြီး ပြီးဆုံးသည်အထိ တိုက်ခိုက်သွားမည်ဟု ကတိပြုခဲ့သည်။
သို့သော် ၎င်းပေးပို့သော စာသည် သတင်းစာတိုက်များသို့ ပေါက်ကြားသွားခဲ့သဖြင့် တနိုင်ငံလုံး ဗြောင်းဆန်အောင် ဆူပူသွားခဲ့ပေတော့သည်။ ဘော်ရှီဗစ်များသည် စိန့်ပီတာစဘတ် မြို့လယ်ကောင် လမ်းမကြီး ဖြစ်သော နက်စကီး လမ်းမကြီးတလျှောက် "ဆိုဗီယက် များထံ အာဏာအပ်နှင်းလော့"၊ "ယာယီ အစိုးရ အလိုမရှိ" ဟူသော ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက် ဆန္ဒပြခဲ့ကြသည်။ ယာယီ အစိုးရ အား သစ္စာခံသော အုပ်စုက ဝင်ရောက် တိုက်ခိုက်လာခဲ့သဖြင့် ဆန္ဒပြသူ အများအပြား သေဆုံးခဲ့ကြရသည်။
ဆူပူ ဆန္ဒပြမှုများက ငြိမ်သက်မသွားဘဲ တိုး၍ ဖြစ်ပွားလာနေသဖြင့် ယာယီ အစိုးရ အဖွဲ့သည် ကက်ဘိနက်ကို ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။ မူလီကော့ အပါအဝင် ဝန်ကြီး အများအပြား ရာထူးမှ နှုတ်ထွက်ပေးခဲ့ကြသည်။ ကာရင်စကီး မှ ပီထရိုဂရက် ဆိုဗီယက် အမှုဆောင်ကော်မတီ ဝင်များအား နှုတ်ထွက်သွားသော ဝန်ကြီးများ နေရာတွင် အစားထိုး ရန် နားချနိုင်ခဲ့သည်။ ဤသို့ဖြင့် ယာယီ အစိုးရ သည် နိုင်ငံရေးတွင် လက်ဝဲယိမ်းသွားခဲ့ပြီ ဖြစ်သည်။ ကက်ဘိနက် အပြောင်းအလဲ ပြုလုပ်ရာမှ ကာရင်စကီးသည် တိုး၍ တိုး၍ လူကြိုက် မများတော့သော စစ်ပွဲကြီးကို တာဝန်ယူရသည့် စစ်ဝန်ကြီး ဖြစ်လာခဲ့သည်။
"နိုင်ငံ၏ အနာဂတ် သည် ကာရင်စကီး၏ လက်ဗလာကြီးထဲတွင် အတော်များများ ရောက်နေပြီ" ဟု နယူးယောက် တိုင်း သတင်းစာကြီးက ရေးသားခဲ့သည်။ ကာရင်စကီးသည် စစ်ပွဲဆက်လက်ဆင်နွဲရန် စိတ်အား ထက်သန်နေဆဲ ဖြစ်သည်။
ထိုသို့ ဆက်လက်ဆင်နွဲနိုင်ရန် အတွက်မှု တပ်ကို စွန့်ခွာ ထွက်ပြေးနေခြင်းများ၊ လယ်သမား ဆူပူမှုများ ဖြစ်နေခြင်း၊ ယိုယွင်းလာနေသော စီးပွားရေး နှင့် စစ်ပွဲ မှ ထွက်ပေးရန် ဘော်ရှီဗစ်တို့၏ တောင်းဆို နေမှုများ အစရှိသည်တို့ကို ကိုင်တွယ် နိုင်မှ ဖြစ်ပေတော့မည်။
ကာရင်စကီးသည် စစ်ရေး အတွေ့အကြုံ လားလားမျှပင် မရှိဘဲ ဇူလိုင်လ တွင် ဂျာမန် နှင့် ဩစတီးယား တပ်များကို ထိုးစစ်ဆင်ရန် ညွှန်ကြားပြီး ဦးဆောင်ခဲ့သော်လည်း အကြီးအကျယ် အရေးနိမ့် သွားခဲ့ ရသည်။
စစ်မြေပြင်တွင် ရုရှား တပ်များ အရှုံးနှင့် ရင်ဆိုင်နေရပြီး အကျအဆုံးများကာ တပ်ကို စွန့်ခွာထွက်ပြေး မှုများသည်ထက် များလာချိန်တွင် ပြည်တွင်းရှိ ဘော်ရှီဗစ်များကလည်း ရုရှားတပ်များ အကြား စစ်ဆန့်ကျင်ရေး ဝါဒဖြန့် စာရွက်စာတမ်းများ ဖြန့်ဝေနေခဲ့သည်။
ပီထရိုဂရက် တွင် ဘော်ရှီဗစ်များ တန်ခိုးထွားလာခဲ့ပြီး မြို့တော်ရှိ တပ်ရင်း တပ်ဖွဲ့ များ၏ စစ်တန်းလျား များအထိပါ ဩဇာ ညောင်းလာခဲ့သည်။ ထိုအကြောင်းကို ရိပ်စားမိလာသော ကာရင်စကီးသည် ဘော်ရှီဗစ် လိုလားသော တပ်များကို ရှေ့တန်းသို့ စေလွှတ်ရန် ကြံစည်လာခဲ့သည့်အပြင် မြို့တော် တွင်လည်း ဘော်ရှီဗစ် နှစ်ဒါဇင် ကျော်ကို ဖမ်းဆီးခဲ့ပြန်သည်။
ဘော်ရှီဗစ် သစ္စာခံ တပ်ရင်း တပ်ဖွဲ့များသည် လမ်းများပေါ်တွင် နေရာယူလာကြပြီး ယာယီအစိုးရအား ဆန့်ကျင်လာခဲ့ကြသည်။ ဘော်ရှီဗစ် များကို ထောက်ခံသော လူအုပ်ကြီးသည် ယာယီ အစိုးရထံမှ အာဏာသိမ်းယူရန် ပီထရိုဂရက် ဆိုဗီယက်များအား တွန်းအားပေးလာသည်။ ထိုဖြစ်ရပ်များသည် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့၍ "ဇူလိုင်ရက်များ" အဖြစ် ထင်ရှားလာခဲ့သည်။
ဆူပူမှုများ ထပ်မံ ဖြစ်ပွားလာပြန်၍ ကာရင်စကီး အစိုးရသည် ရာထူး အပြောင်းအလဲများ ထပ်မံ ပြုလုပ်လာခဲ့သည်။ မင်းသားကြီး အယ်ဗေါ့သည် သမ္မတ ဝန်ကြီး ရာထူးမှ နှုတ်ထွက်သွားသဖြင့် ကာရင်စကီး နှင့် အစားထိုးခဲ့ကြသည်။
ကာရင်စကီးသည် ရုရှား သူကောင်းမျိုးနွယ်များ ပိုင်ဆိုင်သည့် မြေယာများအား လယ်သမားများထံ လွှဲပြောင်းပေးမည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးများ အပါအဝင် လူတိုင်း မဲပေးပိုင်ခွင့်ကို ပြဋ္ဌာန်းပေးလာခဲ့သည်။
ကာရင်စကီးသည် သမ္မတ ဝန်ကြီး တာဝန် ယူလာခဲ့ခြင်းကြောင့် ရုတ်ခြည်းဆိုသလို တော်လှန်ရေး သမား အဖြစ်မှ နိုင်ငံ အုပ်ချုပ်သူ အဖြစ် ကူးပြောင်းခံလိုက်ရသည့် အန္တရာယ် ကြီးနှင့် ရင်ဆိုင်ခဲ့ ရလေသည်။
ကာရင်စကီးသည် ဘော်ရှီဗစ်များကို နှိမ်နှင်းပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားလာ ခဲ့သည်။ နိုင်ငံတွင်း မင်းမဲ့စရိုက် နှင့် မတည်မငြိမ် ဖြစ်ရန် ကြိုးပမ်းမှု မှန်သမျှ ကို မည်သို့မျှ သက်ညှာ မည် မဟုတ်၊ ချေမှုန်းသွားမည်ဟု လူထုကို ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြား လာခဲ့သည်။
ထိုအတောအတွင်း လူထူ၏ အာရုံသည် မြို့တော်နှင့် ၁၈ မိုင်ခန့် ဝေးသော တီဆာကိုး ဆီလိုး တွင် ရှိနေသည့် နန်းကျ ဘုရင် ဇာ နီ ကို လပ်စ် နှင့် သူ၏ မိသားစု များ အပေါ် လှည့်လာခဲ့ကြပြီ ဖြစ်သည်။
ဇာဘုရင်နှင့် မိသားစုသည် အင်္ဂလန်သို့ ထွက်နိုင်ရန် မျှော်လင့်လျှက် ရှိနေသော်လည်း ထိုအချိန်က စစ်ကြီး ဖြစ်ပွားနေသည့် အပြင် ဇာဘုရင် ကို ဆန့်ကျင်နေသော လူထု သဘောထားများကြောင့် အင်္ဂလန်သို့ ခြေချခွင့် မသာဘဲ ဖြစ်နေသည်။ ယခင် နန်းတော်ဟောင်းတွင်ပင် ခြွေရံသင်းပင်း အနည်းငယ် နှင့် ဆက်လက် နေထိုင်ခဲ့ကြရသည်။