စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (40)

by Hla Soewai - Jul 21 2022

ထိတွေ့ဆက်ဆံပြီ (၉)

 

နောင် နှစ် အတန်ကြာသည့်အခါ ဒဲရက်သည် Foreign Affairs မဂ္ဂဇင်း အတွက် ဒေါက်တာ မိုက်ကယ် ဂရင်း နှင့် တွဲပြီး "‌Asia's Forgotten Crisis" ခေါင်းစဉ် ဖြင့် ဆောင်းပါးတပုဒ် ရေးခဲ့သည်။ ထိုဆောင်း ပါးအား ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး" အပြီး နှစ်လအကြာတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

 

ထိုအချိန်တွင် မြန်မာပြည် ‌အရေး အပေါ် မည်သို့ မည်ပုံ လုပ်ကြရမည်ကို ကွန်ဂရက် နှင့် ဘွတ်ရှ် အစိုးရ ဝန်ကြီးဌာနများ အကြား အပြန်အလှန် ဆွေးနွေးပွဲများ၊ ကြားနာပွဲများ ပြုလုပ်နေချိန်လည်း ဖြစ်သည်။ 

 

သူ၏ ဆောင်းပါးတွင် မြန်မာပြည်နှင့် စပ်လျဥ်း၍ အမေရိကန်၏ မူဝါဒသည် ရှေ့ဆက်ပြီး ဘာလုပ်ရ မည်ကို ဦးတည်ချက် ရေရေရာရာ မရှိဘဲ တဝဲဝဲ တလည်လည် ဖြစ်နေဆဲဟု သုံးသပ်ထားသည်။ မြန်မာ အိမ်နီးချင်း နိုင်ငံများက "အပြုသဘော ဆောင်သော ထိတွေ့ဆက်ဆံမှု" ဆိုကာ ပြုလုပ်နေပြီး တဖက် တွင် အမေရိကန်သည် ပိတ်ဆို့ဒဏ်ခတ်မှုများသာ တခုပြီး တခု တိုး၍ ပြုလုပ်နေသည်ဟု ဆိုသည်။

 

ထိုမူဝါဒ နှစ်ခုစလုံး အလုပ်မဖြစ်၊ ထို့အတွက် အာဆီယံ နှင့် အတူ လက်တွဲလုပ်ဖို့ အရေးကြီးကြောင်း၊ အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော အင်ဒိုနီရှား နှင့် ဖီလစ်ပိုင်တွင် ငြိမ်းချမ်းစွာ ဒီမိုကရေစီသို့ အသွင်ကူးပြောင်း နိုင်ခဲ့သည့် နမူနာများ ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် မြန်မာအပေါ် မဟာဗျူဟာအရ အငြင် သာဆုံးထားပြီး ဆက်ဆံနေသည့် ဂျပန် နှင့်လည်း ပြောဆိုရမည် ဖြစ်သည့်အပြင် တရုတ် နှင့် အိန္ဒိယ အားလည်း ချန်လှပ်ထား၍ မဖြစ်ဟု ရေးသားခဲ့သည်။

 

အမေရိကန် အနေဖြင့် ထိုသို့ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေသော မူဝါဒ နှင့် အမြင်များကို အတူတကွ စုရုံးပြီး မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားမှု အတွက် လမ်းကြောင်း ဖေါက်ပေးရန်၊ လူ့အခွင့် အရေးများ တိုးတက်လာအောင်လုပ်ဖို့ လိုအပ်လာကြောင်း သုံးသပ်ထားခဲ့သည်။ ထိုသို့ လုပ်နိုင်ဖို့ သမ္မတ မှ အထူး သံတမန်တဦး ခန့်အပ်ဖို့ လိုအပ်နေပြီဟု အားလုံးက ယူဆထားပြီးလည်း ဖြစ်သည်။

 

ဒဲရက် နှင့် ဂရင်းတို့သည် သူတို့လုပ်နိုင်မည့် အလုပ်များ အတွက် အမည်စာရင်း တင်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ ဘွတ်ရှ် အစိုးရ အဖို့ သက်တမ်း ကုန်ဆုံးကာနီးလာပြီ ဖြစ်၍ ဂရင်းအား လျာထားခဲ့သော် လည်း အတည်ပြုခံရဖို့ အချိန် မကျန်တော့ပေ။

 

ဤသို့ဖြင့် ထိုရာထူးသည် လစ်လပ်နေခဲ့ပြီး တရက်တွင် ဒဲရက်သည် သူ၏ ခွေးကလေး ဘာနီ နှင့် လမ်း လျှောက်နေစဉ် ကပ် ထံ မှ ဖုန်းဝင်လာပြီး ထိုရာထူး အတွက် ကမ်းလှမ်းခြင်း ခံခဲ့ရပေသည်။

 

ကစားမလား နားမလား

 

နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဒဲရက် ရောက်မလာမီ နှစ်ပတ်ခန့်တွင် ကပ် သည် အရှေ့တောင်အာရှ ရေးရာ ကိုင်တွယ်နေသူများကို သူ၏ ရုံးခန်းသို့ ဆင့်ခေါ်လိုက်သည်။ ထိုအထဲတွင် မြန်မာဌာနမှ ကိတ် နာနာဗာတီ၊ အရှေ့တောင်အာရှ ရေးရာ ညွန်ကြားရေးမှူး ပက်ထရစ် မာဖီ၊ ဒုတိယ ညွှန်ကြားရေးမှူး အဲရစ် ဘာဘိုရိယတ် နှင့် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးယန် တို့ ပါဝင်သည်။

 

ကပ်က "နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် မြန်မာပြည်ကို သွားဖို့ ခင်ဗျားတို့ အားလုံး ဘယ်လို သဘော ရလဲ" ဟူသော မေးခွန်းဖြင့် အစည်းအဝေးကို စပြီး ဖွင့်လိုက်သည်။

 

ကပ် အဖို့ က မြန်မာပြည် နှင့် ပတ်သက်ပြီး ခေါင်းခြောက်မတတ် ဖြစ်လာနေပြီ ဖြစ်သည်။ ကလင်တန် သွားမည့် ခရီး သည် ပိတ်နေသော တံခါးများ ဖွင့်ပေးနိုင်လိမ့်မည် ဆိုသည်ကို မျှော်လင့်နေသည်။ အနည်းငယ် လေး ဟ လာခဲ့လျှင်ပင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး တိုးတက်ရာ တိုးတက်ကြောင်း စပြီး လှုပ်ရှား လာနိုင်တော့မည်ဟု ယုံကြည်နေသည်။

 

အိုဘာမား အစိုးရဖက်ကလည်း အခွင့်အလမ်းအရ မည်မျှပင် နည်းပါး‌နေစေကာမူ အပြောင်းအလဲ တစုံတရာ ဖန်တီးနိုင်ခဲ့လျှင်ပင် လုပ်သင့်သည်ဟု ယုံကြည်နေကြသည်။ ထို့အတွက် SRPC ရုံး ဖွင့်လှစ်နိုင်ခဲ့မှု နှင့် အတူ ကလင်တန်သွားမည့် ခရီးစဉ်အား အပေးအယူ သဘောမျိုး ပြုလုပ်နိုင်မည့် အခွင့်အလမ်းဟု ယူဆခဲ့သည်။

 

ထိုမေးခွန်းကြောင့် အစည်းအဝေး ခန်းထဲတွင် အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ သည်။ စစ်အစိုးရ က ပြစ်ဒဏ် ခတ်ခြင်းမျိုး မသက်ရောက်သည့် မည်သည့် ခြေလှမ်းမျိုးပင် မဆို မြန်မာ လူ့အခွင့်အရေး အဖွဲ့များ၊ ကွန်ဂရက် ရှိ ဩဇာတက္ကိမ ရှိသူများ၊ နောက်ဆုံး ၎င်းတို့ ဌာန ဖြစ် သော နိုင်ငံခြားရေး ဝန်ကြီးဌာနကပင် ကျီးအာသလို ဝိုင်း အာ ကြမည်ကို သိထားကြ၍လည်း ဖြစ် သည်။

 

ကလင်တန်သွားမည့် ခရီးသည် ၁၉၅၀ ကျော် နှစ်များ နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တဦးအနေဖြင့် ပထမဆုံး ဖြစ်လာပေလိမ့်မည်။ လိုက်ပါသွားသည့် အဖွဲ့လည်း အခန့်မသင့်လျှင် ကားစင် တင်ခံရသလို နှိပ်ကွပ်ခံရဖို့ ရှိနေသည်။ ကပ် ၏ မေးခွန်းမှာ အတော်ပင် စိတ်လှုပ်ရှားစရာ ကောင်းနေ ရသည်။