သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(21)

by Hla Soewai - Jul 10 2022

ရုရှား တော်လှန်ရေး တွင် လမ်းခုလပ်၌ ကျန်ခဲ့သူ (၂)

 

ထိုအချိန်တွင် အမြဲလို ပေါ်ပေါက်လာနေသောအလုပ်သမားများ ဆန္ဒပြ ဆူပူမှုများကြောင့် ဇာဘုရင် အစိုးရ အဖို့ ခေါင်းခဲစရာ ဖြစ်လာရသည်။ ၁၉၁၂ တွင် ဆိုက်ဘေးရီးယားရှိ ‌ရွှေတွင်း အလုပ်သမား များက ၎င်းတို့၏ ‌ဆိုးရွားစွာ နေထိုင်ရှင်သန် နေရမှု အပေါ် ကန့်ကွက် ဆန္ဒပြခဲ့မှုကို ဇာဘုရင် သစ္စာခံ တပ်များက ရက်စက်စွာ ချေမှုန်းခဲ့ကြသည်။ လက်နက်မဲ့ ဆန္ဒပြ အလုပ်သမား ရာပေါင်းများစွာ သေကြေ ဒဏ်ရာရခဲ့ကြသည်။

 

မိမိတို့ ညီနောင် အလုပ်သမားများမှာ ဇာဘုရင် တပ်များ၏ လက်ချက်ဖြင့် သွေးမြေကျခဲ့ရသည့် အဖြစ်ကို မခံမရပ်နိုင် ဖြစ်လာကြသော တနိုင်ငံလုံးရှိ အလုပ်သမားများ ကန့်ကွက် ဆန္ဒပြလာခဲ့ကြ ပြန်သည်။

 

ထိုမျှ နှင့် အားမရသေး၊ အသက်မသေဘဲ ကျန်ရှိခဲ့သော အလုပ်သမားများ ကို ရုံးတင် တရားစွဲဆိုလာ သဖြင့် ကာရင်စကီးသည် ထိုအလုပ်သမားများ ဖက်မှ ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သည်။ တနိုင်ငံလုံး ဟိုးလေးတကြော်ကြော် အာရုံစိုက်နေကြသော အမှုကို ခုခံ ချေပ ပေး‌နေသည့် ကာရင် စကီး၏ ဂုဏ်သိက္ခာသည် ဒူးမား လွှတ်တော်တွင် ကြီးထွားလာခဲ့ပြီး သူ၏ နာမည်သည် ထင်ရှားလာ ခဲ့ရပေသည်။

 

နန်းတော် အတွင်းတွင်လည်း နိုင်ငံတွင်း ဆိုးရွားလာနေ‌သော နိုင်ငံရေး နှင့် စီးပွားရေး အခြေ အနေ များကြောင့် ဇာဘုရင် အစိုးရ ပြိုလဲသွားနိုင်ခြေ ရှိသည်ဆိုကာ စိုးရိမ် ပူပန်လာနေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ဥရောပ ကုန်းမြေကြီးတွင်လည်း စစ်ရိပ်စစ်ငွေ့များ သန်းလာနေပြီ ဖြစ်သဖြင့် အကယ်၍ ဥရောပတွင် စစ်ပွဲကြီး ဖြစ်လာပါက ရုရှားအင်ပိုင်ယာ နိဂုံးချုပ်သည့် အဖြစ်သို့ ဆိုက်ရောက်လာလိမ့် မည်ဟု နမိတ်ဖတ်လာခဲ့သည်။

 

၁၉၁၄ နွေရာသီ အတွင်း ရုရှားသည် ပထမ ကမ္ဘာစစ်ကြီး အတွင်းသို့ ခြေစုံပြစ် ဝင်ရောက်လာခဲ့ချိန်တွင် ရုရှားပြည်သူများသည် စိတ်အား တက်ကြွနေခဲ့ကြသည်။ တမြန်နေ့များက မိမိတို့ ဆင်းရဲပင်ပန်းစွာ နေထိုင် လုပ်ကိုင်နေရမှုများကို ကန့်ကွက် ဆန္ဒပြခဲ့ကြသော အလုပ်သမားများသည်ပင် စိန့်ပီတာစဘတ် ရှိ နန်းတော်ရင်ပြင်သို့ စုရုံးရောက်ရှိလာပြီး ဇာဘုရင်အား ကောင်းချီးပေးခဲ့ကြသည်။

 

မျိုးချစ်စိတ်ဓါတ် တခုတည်းကို အရင်းခံပြီး "God Save the Tsar" ဟု ကြွေးကြော်ခဲ့ကြသော်လည်း ၎င်းတို့၏ ဘဝများသည် မည်သို့မျှ တိုးတက်လာခြင်း မရှိခဲ့ပေ။ ရုရှားသည် အင်အားကြီး နိုင်ငံ ဖြစ်သည့်တိုင်အောင် နိုင်ငံ၏ စက်မှုလုပ်ငန်းများ၊ ခဲယမ်း မီးကျောက် ထုတ်လုပ်သည့် လုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေး နှင့် အခြား အခြေခံ အဆောက်အအုံများသည် များစွာ ခေတ်နောက်ကျ ကျန်နေခဲ့သည်။

 

၁၉၁၅ ဆောင်းဦးပေါက်တွင် ဂျာမဏီ-ဩစတီးယား ပူးပေါင်းတပ်များသည် ရုရှားကို စတင် ထိုးစစ် ဆင်လာခဲ့ပြီ ဖြစ်သည်။ ဇာ၏ တပ်များလည်း ခုခံ နိုင်စွမ်း မရှိတော့ဘဲ တဖြေးဖြေး နှင့် နောက်သို့ ပြန်ဆုပ်ပေးခဲ့ကြရသည်။

 

နောက်ဆုံး ထွက်ပေါ်လာသော စစ်ပွဲ၏ ရလဒ်ကား ကြောက်ခမန်းလိလိပင် ဖြစ်သည်။ ရုရှားစစ်သား ပေါင်း ၂.၅ သန်း ခန့် သေဆုံး ဒဏ်ရာရခဲ့ကြရပြီး ၁၉၁၅ ခုနှစ် တနှစ်တည်းမှာပင် စစ်သည် ၁ သန်းခန့် သုံ့ပန်း အဖြစ် ဖမ်းဆီးခံခဲ့ရသည်။

 

ဒုက္ခသည်များ မြို့ကြီးများသို့ အလုံးအရင်း နှင့် ဝင်ရောက်လာကြပြီး ငွေကြေးဖောင်းပွမှုများ အဆ မတန် မြင့်မားလာမှု နှင့်အတူ ‌အခြေခံ စားကုန်များ ကွယ်ပျောက်ကုန်ပေတော့သည်။

 

ဇာဘုရင်သည် ထိုသို့ မထင်မှတ်ပဲ ကြုံတွေ့လာရသော အခြေအနေများကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိသည့် အဖြစ်က အတိုင်းသား ပေါ်လွင်လာခဲ့ရသည်။

 

စစ်ရေး အရ အရေးနိမ့်လာနေမှုကို ပြန်လည် အသာစီးရအောင် လုပ်နိုင်သေးသည်ဟူသော မျှော်လင့် ချက်ဖြင့် ဒုတိယမြောက် နီကိုလပ်စ်သည် ထိုနှစ် နွေရာသီ အတွင်းမှာပင် စစ်ဦးစီးချုပ် အဖြစ် တာဝန် ယူလိုက်သည်။ စစ်ထွက်နေစဉ် အတွင်း သူ့အား ဆန့်ကျင်မည့်လူများအား စိတ်မချ၍ ဒူးမား လွှတ်တော် ကို အနားပေးခဲ့သည်။

 

ဤသည်ကပင် ဇာဘုရင် အတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာခဲ့ရသည်။ လွှတ်တော်ကို ရပ်နားထားလိုက် သည့်အတွက် ဒူးမား လွှတ်တော်အမတ်များ ပြင်ပတွင် ကြိတ်ဝိုင်းဖွဲ့လာကြပြီး ဇာဘုရင်ကို နန်းချကာ ညီဖြစ်သူ ကို တင်မြှောက်မည့် နန်းတွင်း အာဏာသိမ်းပွဲကြီး ဖြစ်လာတော့မလို ကောလာဟလများ ထွက်ပေါ်လာခဲ့ပေသည်။

 

ဇာဘုရင်သည် စစ်မြေပြင်ရှိ စစ်ဌာနချုပ်သို့ မထွက်ခွာမီကပင် သူ၏ ချစ်လှစွာသော မိဖုရား ဖြစ်သူ အလက်ဇန်းဒယား အား တိုင်းရေး ပြည်ရေး စီမံခန့်ခွဲရန် လွှဲပြောင်းပေးခဲ့သည်။ ထိုသို့ တိုင်းရေး ပြည်ရာများ စီမံခန့်ခွဲနိုင်လောက်အောင် အလက်ဇန်းဒယားတွင် ရှိသည့် အရည်အချင်းဆို၍ ဇာဘုရင်၏ ယုံကြည်ခံရမှုသာ ရှိပေသည်။ သူမကလည်း တဖန် မှားယွင်းစွာ လူယုံ ထပ်မွေးခဲ့ပြန်သည်။

 

သူမ၏ သားငယ်လည်း ဖြစ်၊ တဦးတည်းသော သားတော်ဖြစ်သူ အလက်ဆီ သည် မွေးဖွား ပြီးချိန်မှစ၍ သွေးထွက်လွန်သည့် ရောဂါ ဝေဒနာ ခံစားလာရ၍ သေမင်းတံခါးဝ သို့ အကြိမ်ကြိမ် ရောက်လု နီးဖြစ် လာနေသည့်အတွက် အမြဲလို စိတ်ထွေပြားနေပြီး ဘာကိုမှ အာရုံမစိုက်နိုင် ဖြစ်နေရသည်။

 

မိမိကိုယ်မိမိ သူတော်စင်ဟု ပြောလာသူ ဂရီဂိုရီ ရပ်စ်ပြူတင်ကို အထူးတလည် ယုံကြည် အားထားလာ ခဲ့သည်။ သို့သော် ရပ်စ်ပြူတင်သည် ၎င်းကြွယ်ဝချမ်းသာရေး နှင့် တန်ခိုးအာဏာထွားရေးလောက်သာ စိတ်ဝင်စားပြီး ကာမရာဂ ကျူးသော အခွင့်အရေး သမား သက်သက် ဖြစ်နေသည်။

 

သူ၏ အကျိုး ရှိရာ ရှိကြောင်းကိုသာ ဦးတည်ပြီး လိမ္မာ ပါးနပ်စွာ ဆုံးဖြတ် အကြံပေးလာသဖြင့်လည်း တိုင်းပြည် အုပ်ချုပ်ရေး ကို ထိခိုက်လာခဲ့ရသည်။

 

ကြာလာသည်နှင့် အမျှ ရပ်စ်ပြူတင်၏ အကြောင်းကို နန်းတွင်း တွင်သာမက ပြင်ပကပါ သိရှိလာသည့် အထိ ဖြစ်လာခဲ့သည်။ ရုရှားပြည်သူများက ရပ်စ်ပြူတင် နှင့် ဂျာမန်သူ ဖြစ်သော မိဖုရားသည် စပိုင်များ ဖြစ်သည်ဟု တိုး၍ တိုး၍ ယုံကြည်လာကြလေသည်။