နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အိမ်ဖြူတော်ကိုပါ အသိပေးလာရသည်။ အိမ်ဖြူတော်ကလည်း လက်ကမ်း/ လက်သီးဆုပ်ဖြေ မူဝါဒသည် အန္တရာယ် များမများ အသိပေးစေချင်သည်။ နောက်ဆုံး တွင်တော့ အိမ်ဖြူတော်၏ ထောက်ခံမှုကို ရလာခဲ့သည်။ ဟီလာရီသည် အာရှ ခေါင်းဆောင်များ ထံ တယ်လီဖုန်း နှင့် ဆက်သွယ်ပြောဆို အသိပေးခဲ့သည့်အပြင် စင်္ကာပူ၊ ထိုင်း၊ မလေးရှား နိုင်ငံများသို့ ခရီးထွက်ခဲ့စဉ်က ထိုမူဝါဒ နှင့် ပတ်သက်၍ ဆွေးနွေး သုံးသပ်ခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံများက ထောက်ခံခဲ့ကြပြီး စစ်အစိုးရ အတွက် အခွင့်အရေး တရပ်အဖြစ် ရှုမြင်ခဲ့သည်။ စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန် သည် ဒေသတွင်းရှိ အခြားနိုင်ငံများ နှင့် ယှဉ်လျှင် သူ့နိုင်ငံ မည်မျှအထိ နောက်ကျကျန်ခဲ့ပြီ ကို သဘောပေါက်လာနေသည်နှင့် အမျှ တခုခု လုပ်ဖို့ လိုအပ်လာပြီကို သိနေခဲ့သည့် အချိန်လည်း ဖြစ်သည်။
ဒေါက်တာ ကပ် ကမ်လဲ့လ် သည် ထိုကဲ့သို့ မူဝါဒ ရေးရာ ပြန်လည် သုံးသပ်မှုတွင် ရှေ့တန်းမှ ဦးဆောင် ခဲ့သူ ဖြစ်သည်။ သူ့အား ၂၀၀၉ ခုနှစ်အလယ်တွင် အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံ ခြားရေး ဝန်ကြီးအဖြစ် အတည်ပြု ပေးခဲ့သည်။ သူသည် ဝါရှင်တန်ရှိ နိုင်ငံခြားရေး မူဝါဒ နှင့် ပတ် သက်၍ အမျှော်အမြင် ကြီးစွာ တွေးခေါ်တတ်သူ အနည်းငယ် ထဲတွင် တယောက် ပါဝင်ပြီး ထိုသို့ ပြုလုပ်နိုင်ရန် ကိုယ်စွမ်းကိုယ်စ ရှိသူ တဦးလည်း ဖြစ်သည်။
ကပ် သည် မြန်မာအရေး နှင့် ပတ်သက်၍ ၁၉၉၀ နှစ်များ အလွန်ကာလ ပင်တဂွန်တွင် ရှိစဉ် အနည်း အကျဉ်း စထားခဲ့ပြီးသူ ဖြစ်သည်။ အဓိကအားဖြင့် စစ်တပ် ပါဝင်နေသည့် တရားမဝင် မူးယစ် ဆေး ကူးသန်းရောင်းဝယ်မှု များ၊ လူမျိုးစု ပဋိပက္ခများ နှင့် စပ်လျဥ်းသည်များ ဖြစ်သည်။
သူ့အား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အတည်ပြု ခဲ့ပြီးနောက်တွင် သူ၏ လုပ်ဖေါ်ကိုင် ဖက်လည်း ဖြစ် မိတ်ဆွေလည်း ဖြစ်သည့် ဘွတ်ရှ် လက်ထက် အမျိုးသား လုံခြုံရေး ကောင်စီရှိ အကြီးတန်း အရာရှိတဦး ဖြစ်သူ ဒေါက်တာ မိုက် ဂရင်း အား ဆက်သွယ်ပြီး ထိုစဉ်က အာရှ ရေးရာ ပြဿနာများ အပေါ် ဆွေးနွေးပြောဆိုခဲ့သည်။
ဂရင်းသည် အာရှ ရေးရာကို ထဲထဲဝင်ဝင် သိထားသူ ဖြစ်ပြီး အရေးပါမှု မှန်သမျှ ကို ကပ် အား အသိ ပေးခဲ့သည်။ ကပ်သည် စစ်အစိုးရနှင့် သံတမန်ရေးအရ ချဥ်းကပ်ဆက်ဆံရန် သံသယ ရှိနေသူ ဖြစ်ပြီး စစ်အစိုးရသည် မြန်မာ နွေဦး ဟု ဆို၍ရမည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် အဆင်သင့် ဖြစ်နေသည့် အရိပ်လက္ခဏာ တစုံတရာမျှ မတွေ့ခဲ့ရသေးသောကြောင့် လည်း ဖြစ်သည်။
သို့သော် ကပ် သည် အစိုးရ အဖွဲ့ထဲ ပါဝင်လာပြီးနောက်တွင်မူ စစ်အစိုးရနှင့် ပတ်သက်၍ မိမိတို့ နား လည် ထားမှုသည် အနည်းအကျဉ်းမျှသာ ရှိသေးသည် ဆိုသည်နှင့် မည်သို့ သက်ဝင်လှုပ်ရှားအောင် လုပ်ရမည်ကို သိရှိ ထားခြင်း မရှိဆိုသည်ကို သိမြင်လာခဲ့သည်။ ထိုသို့ ဖြစ်ပျက်နေမှုများကို ပြောင်းလဲ အောင် လုပ်မှ ဖြစ်မည်။ အိုဘာမား အနေနှင့် နိုင်ငံခြားရေး ပေါ်လစီ တွင် စမ်းသပ်လိုစိတ် ရှိနေသည့် အတွက် သူ့အတွက် အခွင့်အလမ်းတရပ် အဖြစ် ရှုမြင်လာခဲ့သည်။
ပထမဆုံး အနေဖြင့် ကုလ ရှိ မြန်မာ သံအမတ်ကြီး ဖြစ်သူ သန်းဆွေ နှင့် တွေ့ဆုံရန် စီစဉ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အပေါ် အတိုင်းအတာ တခုအထိ လမ်းဖွင့်ပေးရေး ဆိုသည်များကို တဆင့်ပြီး တဆင့် ချဥ်းကပ်သွားရန်၊ လိုအပ်ချက်များ ဆွေးနွေးရန်၊ ဖြစ်သည်။ ယခင်က သန်းဆွေနှင့် တွေ့ခဲ့ပြီး ဖြစ်သည့် အရှေ့တောင် အာရှ ဆိုင်ရာ လက်ထောက် နိုင်ငံ ခြားရေး ဝန်ကြီး ဖြစ်သူ စကော့ မာစီယယ်သည် ထိုပုဂ္ဂိုလ်သည် ပြောလို့ဆိုလို့ ရသည့် ရည်မွန်သူ တဦး ဖြစ်မှန်းသိထား၍လည်း သူမှတဆင့် စစ်အစိုးရနှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ရန် အကောင်းဆုံး ဖြစ်သည်ဟု ယူဆခဲ့သည်။
ကပ် သည် သန်းဆွေ နှင့် ပထမဆုံး တွေ့ရန် သေချာ အကွက်ချ စီစဉ်ခဲ့ပြီး နယူးယောက်ရှိ ဝေါဒေါ့ဖ် ဟိုတယ် ကြီး၏ ခမ်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့သည်။ ဤသည်ကလည်း သံခင်းတမန်ခင်း စကားများ ပြောဆိုရန် စိတ်ကို နိုးဆွပေးနိုင်မည့် အပြင်အဆင်များ ရှိနေသောကြောင့် ဖြစ်သည်။
သို့သော်လည်း လေးနာရီ ခန့် ကြာခဲ့သည့် အစည်းအဝေးတွင် သန်းဆွေသည် မြန်မာရာဇဝင်ကို မဆီမဆိုင် ခင်းကျင်းပြနေ၍ အကျိုး ဖြစ်ထွန်းမှု မရှိခဲ့ပေ။ ကပ် က မြန်မာ နှင့် သံတမန်ရေးအရ ဆက်ဆံနိုင်ရန် အစီအမံများကို အသေးစိတ် ခင်းကျင်းပြခဲ့သော်လည်း လိုရင်းမရောက် ဖြစ်နေသည်။ နောက်ဆုံးတွင် မြန်မာသို့ လာခွင့်ပြုရန် တောင်းဆိုသည်ကိုပင် ရေရေရာရာ ပြန်ဖြေကြားနိုင်ခြင်း မရှိဘဲ အဆုံးသတ် သွားခဲ့ရသည်။ နောက်ပိုင်း သုံးလကြာမှာသာ ကပ် လိုချင်သည့် အဖြေရလာခဲ့သည်။
သန်းဆွေကြောင့် အမေရိကန်တို့ မူဝါဒ ပြန်လည် သုံးသပ်ပြီး ဆက်ဆံရန် ကြိုးပမ်းလာခဲ့မှုသည် လမ်း ချော်သွားမတတ် ဖြစ်နေခဲ့သည့် အချိန်တွင် မေလ အတွင်း ဂျွန် ယက်တော ဆိုသည့် အမေရိကန် နိုင်ငံ သားတဦးသည် ညကြီးသန်းကောင် အင်းယားကန်ကို ဖြတ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တံခါးဝ သို့ ရောက်ရှိလာခဲ့သည်။ သူမအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုများမှ ကယ်တင်ရန် ရောက်လာခြင်း ဖြစ်သည်ဟု ပြောလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရေကူးလာရ၍ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ သည့် ဂျွန် ယက်တော အား တွေ့လိုက်ရ၍ သူ့ကိုယ်တိုင် အကျယ်ချုပ်ချခံနေရပြီး ဧည့်သည် လက်ခံခွင့် မရှိမှန်း သိထားသော်လည်း အိမ်ထဲဝင် အနားယူခိုင်းရန် ဆုံးဖြတ်လိုက်သည်။
အိမ်ဝန်ထမ်းများက ထိုလူအား ပြန်ခိုင်းရန် ဒေါ်အောင်ဆန်းစုကြည် အား တောင်းတောင်းပန်ပန် ပြောခဲ့ကြသည်။ “ဘာအကြောင်းပြချက်မှ မယ်မယ်ရရ မရှိဘဲ လူတွေကို ဖမ်းနေတဲ့ အချိန်မှာ ကျမကြောင့် နောက်ထပ် လူတယောက် အဖမ်းခံရမယ့် အဖြစ်ကို ကျမ ကြည့်နေလို့ မဖြစ်ဘူး၊ သူ့ကိုသာ ဝင်ခွင့်ပေးလိုက်၊ ကျန်တာတွေ ကျမ တာဝန်ထား” ဟု ပြန်ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် ချထားသည့် သက်တမ်း ကုန်ဆုံးကာနီးတွင် တိုက်တိုက် ဆိုင် ဆိုင် ဖြစ်လာခဲ့ရသည်။ စစ်အစိုးရလည်း သူမအား အကျယ်ချုပ် ချထားမှုကို နောက်ထပ် သက်တမ်း တိုးမြှင့်ရန် ဥပဒေကြောင်း အရ မည်သို့မျှ အကြောင်းပြ၍ မရ ဖြစ်နေ၍ အကြံအိုက်နေသော အချိန် လည်း ဖြစ်သည်။ ယက်တောသည် သူတို့ ကြံရာ မရ ဖြစ်နေမှုကို ကောင်းစွာ အဖြေထုတ်ပေး နိုင်ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အိမ်ဝန်ထမ်း နှစ်ဦးအား အစိုးရထံမှ ခွင့်ပြုချက် မရဘဲ အိမ်မှာ နေခွင့် ပြုသည် ဆိုကာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဂရုဏာတရား ကြီးမားလှစွာဖြင့် နောက်ထပ် ၁၈ လ အကျယ်ချုပ်ဖြင့် ဆက်ပြီး နေစေဟု လျော့ပေါ့ပေးလာခဲ့သည်။ ယက်တောကိုတော့ အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြသည်။
ထို့အဖြစ်အပျက်များကြောင့် အထက်လွှတ်တော် အမတ် ဂျင် ဝက်ဘ် သည် မြန်မာနိုင်ငံကို လာဖို့ အကြောင်းဆိုက်လာခဲ့ရသည်။