မြို့တော် မက္ကဆီကို စီတီးသို့ တောင် နှင့် မြောက်အရပ်မှ နှစ်ဖက်ညှပ်၍ ထိုးစစ် ဆင်လာနေချိန်တွင် မြို့တော် အတွင်း နောက်ထပ် အလှည့်အပြောင်းတခု ဖြစ်ပေါ်လာပြန်သည်။
ဝဲလ်တာအား သဘောထား တဖက်စွန်း ရောက်သည့် အလုပ်သမား သမဂ္ဂ မှ ဦးဆောင်၍ လက်နက် စွဲကိုင် တိုက်ခိုက်လာကြသည်။ ၁၉၁၄ ဧပြီလ တွင် အခွင့်ကောင်းစောင့်နေသော အမေရိကန်တပ် များက တောင်ဖက် ဆိပ်ကမ်းမြို့ဖြစ်သော ဗာရာကရုဇ် ကို သိမ်းပိုက်လိုက်ကြသည်။ ထိုမြို့သည် ၁၈၄၇ တွင် ဖြစ်ပွားခဲ့သော အမေရိကန်-မက္ကဆီကို စစ်ပွဲ၌ အမေရိကန်တို့ ခေတ္တ ခဏ သိမ်းပိုက် ထားခဲ့ပြီးလည်း ဖြစ်သည်။
ထိုသို့ သိမ်းပိုက်နိုင်ခဲ့သဖြင့် ဝဲလ်တာ တပ်များထံ လက်နက်များ တင်ပို့နေသည်ကို ဟန့်တား နိုင်ခဲ့ပြီး ကာရင်ဇာ ၏ ဖွဲ့စည်းပုံ နှင့် အညီ အစိုးရ ပေါ်ပေါက်ရေး တိုက်ပွဲဝင်နေသည့် တပ်များထံ လက်နက်များ ရောက်ရှိအောင် အကူအညီ ပေးနိုင်ခဲ့သည်။
ဝဲလ် တာ ၏တပ်များ အကြီးအကျယ် ထိခိုက်သွားခဲ့ရသည်။ ကာရင်ဇာ ၏ တပ်မှ ဗိုလ်ချုပ်ကြီး အောဘရေးဂွန် သည် ဩဂုတ်လထဲတွင် မက္ကဆီကို စီတီးသို့ ဝင်ရောက်လာနိုင် ခဲ့ချိန်တွင် ဗိုလ်ချုပ်ကြီး ဝဲလ်တာသည် အခြား ရွေးချယ်နိုင်စရာ မရှိတော့ဘဲ လက်နက်ချခဲ့ရသည်။ ဤသို့ဖြင့် မက္ကဆီကို တော်လှန်ရေး နှင့် ပြည်တွင်းစစ်ကြီးသည် အဆင့်သစ် သို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် ကာရင်ဇာ၏ ဖွဲ့စည်းပုံ ဝါဒီများ နှင့် လူထုအကြိုက် မြေယာ ပြုပြင်ပြောင်းလဲရေး ဝါဒ သမားများ ဖြစ်သည့် ဗီလာ နှင့် ဇပါတာ တပ်များ အကြား ထိတ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားလာပြီး အခြေအနေများ တင်းမာလာခဲ့သည်။
မက္ကဆီကို သတင်းစာ တစောင်က တော်လှန်ရေး ဆိုသည့် မိခင်ကြီး မှ မွေးထုတ်ပေးလိုက်သော ကာရင်ဇာ နှင့် ပန်ချို ဗီလာ အမွှာပူး ရင်သွေး နှစ်ဦးကို ကြည့်၍ ထိတ်လန့်နေပြီး မွေးခန်း အပြင်ဖက်ရှိ ပြည်သူများ ကိုယ်စားပြုသည့် ဖခင်မှ “တယောက်တည်းတောင် မဖြစ်ဖြစ်အောင် ကျွေးရမှာ နှစ် ယောက်ဆို တော့ ဘယ်လို လုပ်ရပါ့” ဟု ကြောက်လန့်တကြား အော်ဟစ် ငြီးတွားနေပုံကို သရုပ်ဖေါ် ထားသော ကာတွန်းကို ဖေါ်ပြလာခဲ့သည်။
တော်လှန်ရေး အား ပဲ့ကိုင် ထိန်းကျောင်းသွားနိုင်မည့် ညီညွတ်သော သဘောတရား ခံယူချက် မရှိပါက တော်လှန်ရေးသည် ကွဲပြားသော လူမှု အသိုက်အဝန်းကို ကိုယ်စားပြုသည့် ပုဂ္ဂိုလ်ရေး အားပြိုင်မှုများ အဖြစ် ကူးပြောင်းသွား မည်သာ ဖြစ်သည်။ တော်လှန်ရေးသည် မက္ကဆီကို၏ အနာဂတ်ကို ပုံဖေါ်ပေး လာမည့် စိတ်ကူး ပုံရိပ်လွှာ တခုတည်း မကတော့ဘဲ ပုံရိပ်လွှာ အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
ပုံရိပ်လွှာ များစွာထဲမှ တခုကို ဖန်တီးလာခဲ့သည်က ဟောလီဝုဒ် ပင် ဖြစ်သည်။ ဝဲလ်တာ အရေးနိမ့် မသွားမီ လအတန်ကြာကတည်းက ပန်ချို ဗီလာသည် Mutual Film Corporation နှင့် ဒေါ်လာ ၂၅,၀၀၀ တန် ရုပ်ရှင် ကန်ထရိုက် ကို ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။ ထိုစာချုပ်အရ ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့သားများကို ဗီလာသည် စစ်မြေပြင်သို့ သူနှင့် အတူ လိုက်ပါခွင့် ပေးခဲ့ရသည်။
ဤသို့ဖြင့် စစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ဗီလာ၏ ပုံများ၊ ဖမ်းဆီးမိလာသော စစ်သားများကို ကွပ်မျက်နေပုံများ သည် ရုပ်ရှင် ပိတ်ကားပေါ်တွင် တွေ့လာကြရပေတော့သည်။ သို့သော် ထိုအချိန်က လူဦးရေ ၁၅ သန်းသာ ရှိသော မက္ကဆီကိုသည် ပြင်းထန်လှသော ပြည်တွင်းစစ်ကြီးကြောင့် လူတသန်း နီးပါး အသက်ဆုံးရှူံးခဲ့ ပြီး ဖြစ်၍ မည်သို့မျှ စိတ်လှုပ်ရှားစရာ မြင်ကွင်းမျိုးလည်း မဟုတ်ပေ။
၁၉၁၅ ခုနှစ် အလယ်ပိုင်း လောက် ရောက်လာသည့် အခါတွင် ကာရင်ဇာ၏ ဗဟို အစိုးရ နှင့် ဗိုလ်ချုပ် ကြီး အော်ဘရေးဂွန်၏ တပ်များသည် ဗီလာ နှင့် ဇပါတာ တို့၏ တပ်များကို တိုက်ထုတ် နိုင်ခဲ့ကြသည်။ ထို့အတွက် ကာရင်ဇာ ၏ ဖွဲ့စည်းပုံ ဝါဒီများသည် တတိုင်းပြည်လုံးကို ထိန်းချုပ်ထားနိုင်သည့် အဆင့် အထိ ရောက်မလာသေးသော်လည်း ၎င်းတို့အား အန္တရာယ် ပေးနိုင်မည့် အဖွဲ့များ ပေါ်ပေါက် မလာ အောင် ဟန့်တားထားနိုင်ခဲ့သည်ဟု သမိုင်း ပညာရှင်များက မှတ်ချက်ချခဲ့ကြသည်။
သို့သော် လုပ်ခများ နှင့် ကုန်ဈေးနှုန်း ထိန်းချုပ်ရေး တွင် သဘောထား ကွဲပြားလာ၍ အလုပ်သမား သမဂ္ဂများက သပိတ်တိုက်ပွဲများ ဆင်နွှဲလာကြသည်။ ၁၉၁၆ နွေရာသီ အတွင်း အစိုးရကို အာခံသည့် အနေဖြင့် လမ်းများကို ပိတ်ဆို့ ဆန္ဒပြလာကြသည်။
ကာရင်ဇာ သည် စစ်တပ်ကို သုံး၍ အလုပ်သမား ဆူပူမှု များကို နှိမ်နှင်းလာခဲ့သဖြင့် သူသည် အလုပ် သမားများ ဖက်တွင် မရှိဘဲ အလုပ်ရှင်များကို အကာအကွယ် ပေးသူ အဖြစ် ထွက်ပေါ်လာခဲ့သည်။ အလုပ်သမား လှုပ်ရှားမှုများလည်း ပြိုကွဲလုမတတ် ဖြစ်သွားခဲ့သည်။
ကာရင်ဇာ နှင့် သူ၏ မဟာမိတ်များသည် ၁၉၁၆ ဒီဇင်ဘာလတွင် ဖွဲ့စည်းပုံ ရေးဆွဲ၍ အတွက် ညီလာခံ ခေါ်ယူပြီး မူကြမ်း စတင်ရေးဆွဲလာခဲ့သည်။
ထိုဖွဲ့စည်းပုံထဲတွင် မက္ကဆီကို နိုင်ငံသားများ ယခုတိုင် ခံစားနေရသည့် နိုင်ငံသားများ၏ အခွင့်အရေး များ ပါရှိခဲ့သည်။ ထိုဖွဲ့စည်းပုံအား အသွင်ပြောင်းလဲရေးတွင် သာမက တိုးတက်မှု လက္ခဏာ ဆောင် သည်ဟု မှတ်ချက်ချခဲ့ကြသည်။ မသင်မနေရ အခမဲ့ ပညာရေး စနစ်၊ မြေယာ နှင့် သဘာဝ အရင်း အမြစ်များအား နိုင်ငံခြားသားများကို အကန့်အသတ် နှင့် အသုံးပြုစေခြင်း၊ ပြည်ပမှ ဝင်ရောက် ရင်းနှီး မြှပ်နှံကာ နိုင်ငံသားများ အပေါ် ကာလကြာမြင့်စွာ ခေါင်းပုံဖြတ်နေမှုများအပေါ် အဆုံးသတ် ပေးခဲ့ခြင်း၊ သမ္မတ နှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများ အား တကြိမ်သာ အရွေးခံခွင့်ရှိပြီး မည်သည့် အကြောင်း နှင့်မျှ ပြန်လည် အရွေးချယ်ခံခွင့် မရှိစေရေး တို့ကို ထည့်သွင်း ပြဋ္ဌာန်းလာခဲ့သည်။
ထို့အပြင် အနည်းဆုံး လုပ်ခ သတ်မှတ်နိုင်ရေး အတွက် စံ သတ်မှတ်ချက်များ ချမှတ်ပေးခဲ့ပြီး တူညီသော အလုပ်အတွက် တူညီသော လုပ်ခ တပြေးညီပေးရေး၊ တနေ့ အလုပ်ချိန် ရှစ်နာရီ နှင့် အလုပ်သမား အခွင့်အရေးများ အတွက် အဖွဲ့အစည်း မှတဆင့် ဆွေးနွေးရေး၊ မအောင်မြင်က သပိတ်မှောက် ဆန္ဒပြခွင့် များပါ ပြဋ္ဌာန်းပေးလာခဲ့သည်။
သို့သော် ဖွဲ့စည်းပုံ အသစ်တွင် မြေယာကဏ္ဍ နှင့် စပ်လျှင်း၍မူ အဓိပ္ပါယ်ရှိသော ပြုပြင်ပြောင်းလဲမှုများ ပါရှိမလာဘဲ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် သဘောတရားကိုသာ အားဖြည့်ပေးခဲ့သည်ကို တွေ့လာရသည်။ လယ်ယာမြေ အမြောက်အမြား လက်ဝယ် ပိုင်ဆိုင်နေမှု ကိုလည်း ဥပဒေကြောင်းအရ အတည် ဖြစ်စေ ခဲ့သည်။
မက္ကဆီကိုတွင် လူဦးရေ၏ ၉၈ ရာနှုန်းသည် ကက်သိုလစ် ဘာသာ နှင့် ဆက်နွယ်ကိုးကွယ်နေကြသူများ ဖြစ်သော်လည်း ဘုရားကျောင်းများအား မြေယာများ ပိုင်ဆိုင်ခွင့်၊ မူလတန်း နှင့် အလယ်တန်း ကျောင်း များ ဖွင့်လှစ် သင်ကြားခွင့် တို့ကို ပိတ်ပင်ခဲ့သည်။ သာသနာရေး ဝန်ထမ်းများကို လူမြင်ကွင်းတွင် ဘာသာရေး ဝတ်ရုံများ ဝတ်ဆင်ခြင်း မရှိရ၊ မဲပေးပိုင်ခွင့် မရှိစေရ၊ နိုင်ငံ၏ တည်ဆဲ ဥပဒေများ၊ အစိုးရ နှင့် အာဏာပိုင် အဖွဲ့အစည်းများကို ဝေဖန် ရှုတ်ချ ပြောဆိုခွင့် မရှိရ၊ အစရှိသည်တို့ကို ဖွဲ့စည်းပုံတွင် ထည့်သွင်းပေးခဲ့သည်။
ဖွဲ့စည်းပုံ အသစ်အား သုံးလ ကြာ ရေးဆွဲ ပြီး ၁၉၁၇ ဖေဖေါ်ဝါရီလ တွင် အတည်ပြု ပြဋ္ဌာန်း နိုင်ခဲ့သည်။
မက္ကဆီကို တော်လှန်ရေး ကြီးသည် ရုပ်ရှင် ပြဇာတ်များကဲ့သို့ ပြီးပါပြီဟု စာတမ်းထိုး၍ကား မရ သေးပေ။