ရွေးကောက်ပွဲ နှင့် စပ်လျင်း၍ နိုင်ငံတကာတွင် အခြေအတင် ဆွေးနွေးမှုများ ဖြစ်ပေါ်လာပြီးနောက် တွင် NLD သည် အဖမ်းဆီးခံ အဖွဲ့ဝင်များ အား ထုတ်ပယ်ရန် ငြင်းဆန်ပြီး ရွေးကောက်ပွဲကို သပိတ် မှောက်လာသည့် အတွက် ပါတီများ မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခံခဲ့ရသည်။
အမေရိကန်သည် ရွေးကောက်ပွဲ ဖြစ်စဉ် တခုလုံးကို အသိအမှတ် မပြုရန် ပြင်ဆင်နေသည့် အချိန်တွင် အချို့သော ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများ၊ NLD အဖွဲ့ဝင် အချို့နှင့် လူမျိုးစု ပါတီများက ၎င်းတို့အဖို့ နှစ်ပေါင်း ၅၀ အတွင်း အုပ်ချုပ်ရေး ကဏ္ဍတွင် ပါဝင်ကာ အတွင်းမှနေ၍ စနစ်ကို ပြောင်း နိုင်မည့် တခုတည်းသော အခွင့်အရေး ဆိုကာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လာ ကြသည်။ ထိုပုဂ္ဂိုလ်များက အမေရိကန်မှ ထောက်ခံရန် လိုလားခဲ့ကြသည်။
ယခင် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင်ဟောင်း ဖြစ်ခဲ့သည့် ခင်မောင်ဆွေမှ ဦးဆောင်ပြီး NLD အဖွဲ့ဝင်ဟောင်းများ အား စုစည်းကာ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု National Democratic Force (NDF) ကို ဖွဲ့စည်းလိုက်သည်။ ထို့အပြင် လူမျိုးစု တိုင်းရင်းသား ပါတီ အမြောက်အမြားကလည်း ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အမေရိကန် သည် အခြေအနေကို မည်သို့ ကိုင်တွယ်ရမှန်း မသိဖြစ်လာသည်။ ရွေးကောက်ပွဲကို အတုအယောင် ဟု ပြောရမည်လော၊ သို့တည်းမဟုတ် သတိကြီးစွာဖြင့် အကောင်းဖက်ကရှုမြင် နေဆဲဟု ပြောရမည်လော၊ လက်ရှိ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည့် ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ အတော်များများသည် အမေရိကန် ၏ ပညာရေး နှင့် နိုင်ငံရေး ဖက်တွင် သင်တန်းပေးထားသူများ ဖြစ်နေပြန်သည်။ ၎င်းတို့သာ ရွေးချယ် တင်မြှောက်ခံရပါက ထိုအရည် အချင်းများကို ထုတ်နှုတ် အသုံးချခွင့် ရနိုင်နေသည်။
ထိုကိစ္စ အပေါ် အမေရိကန် အစိုးရ အဖွဲ့အတွင်း အကျိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စကော့ မာစီယယ်သည် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဘီလ် ဘန်းအား အမေရိကန် တို့ဖက်မှ သပိတ်မှောက်ထားရန် တင်ပြလာခဲ့သည်။
အမေရိကန် အစိုးရ အဖွဲ့ ဝင်တိုင်းလိုလိုက ထွက်ပေါ်လာမည့် ရွေးကောက်ပွဲ ရလဒ် အပေါ် အကြီး အကျယ် သံသယပွားလျှက် ရှိနေကြသည်။ သို့သော်လည်း နည်းဗျူဟာ မြောက်ာ အလိုက်သင့် ကစားသွား၍ ရနိုင်မည့် နည်းလမ်းကို ကြံဆလာခဲ့ကြသည်။
မြန်မာအရေး အပေါ် မူဝါဒ ရေးဆွဲနေရသူများ အဖို့က ထိုရွေးကောက်ပွဲဖြင့် ဒီမိုကရေစီ တံခါးချပ်ကို ပွင့်သွားစေနိုင်သည်ဟု ထောက်ခံ ပြောဆိုမည့်သူ တဦးတလေမျှ မရှိ ဖြစ်နေသည်။ ပြုပြင် ပြောင်းလဲ ရေးများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည်ဟူသော လက္ခဏာ တစုံတရာမျှလည်း တွေ့မနေရ၊ သို့သော်လည်း မြန်မာဖက်မှ လူများက ပြုပြင်ပြောင်းလဲမှုများ ချက်ချင်းလက်ငင်း ဖြစ်မလာနိုင်သေးသော်လည်း ၎င်းတို့ လုပ်ပိုင်ခွင့်များ ရလာသည့်အခါ အလယ်အလတ် ပိုင်း နှင့် ရေရှည်ပိုင်းတွင် ဖြစ်လာနိုင်သည်ဟု ကျိုးကြောင်းပြ ပြောဆိုလာခဲ့ကြသည်။
NDF နှင့် တိုင်းရင်းသား ပါတီများက ရွေးကောက်ပွဲကြောင့် SPDC ခေါင်းဆောင် သန်းရွှေ၏ ထိန်းချုပ် မှုကို ကျော်၍ ရည်ရွယ်မထားသော အနေအထားများ အထိ ဦးတည်သွားနိုင်မည့် မျှော်လင့်စရာဟူ၍ မဆိုသလောက်သာ ရှိသည်ဟု ပြောလာသည်။
အမေရိကန်ရှိ အကောင်းဖက်မှ ရှုမြင်တတ်သည့် မူဝါဒ ရေးဆွဲသူများကမူ "ရွေးချယ်တင် မြှောက်ခံ" စစ်ဖက် အရာရှိများ ယူနီဖောင်းချွတ်ပြီး အရပ်သား ဖြစ်လာသည့်အခါ စိတ်ပညာ သဘောအရ ၎င်းတို့၏ စိတ်နေစိတ်ထားများလည်း ပြောင်းလဲလာဖွယ် ရှိသည်ဟု ထောက်ပြကြပြန်သည်။ ၎င်းတို့အဖို့ စစ်တပ်ထဲတွင် မရှိကြတော့၍ အကျိုးစီးပွားများအား ဆက်လက် ကျားကန် ထားနိုင်ဖို့ လုပ်ပိုင်ခွင့် အာဏာ အတွက် အရပ်ဖက် အဖွဲ့အစည်းများကိုသာ ဗဟိုပြု လုပ်ဆောင်ကြရတော့မည်ဟု ဆိုသည်။
၂၀၁၀ မေလ ၁၀ ရက်နေ့တွင် အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကပ် ကမ်ဘဲလ်သည် အမေရိကန်၏ လူ့အခွင့်အရေး ရည်မှန်းချက်များကို တွန်းအားပေးရန်ဟု ဆိုကာ မြန်မာ သို့ ရောက်လာခဲ့သည်။ တကယ်တမ်း တွင် ရွေးကောက်ပွဲ အပေါ် အမေရိကန်က မည်သို့မည်ပုံ ကိုင်တွယ် သွားသင့်သည် ဆိုသည်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ စုဆောင်းရန် နှင့် ဥပဒေကို ခုတုံးလုပ်၍ မတရား ဆက်ဆံခံနေရသော NLD နှင့် အခြား ပါတီများ နှင့် ထိတွေ့ ဆက်ဆံ ခွင့်ရရန်၊ ဝင်ရောက်ယှဉ်ပြိုင်သူများ အတွက်လည်း ရွေးကောက်ပွဲကို တရားမျှတစွာ ပြုလုပ်ပေး ပါမည်ဟူသော အာမခံချက်မျိုး ရရှိရန် တို့ အတွက် ဖြစ်သည်။
ကပ် ကမ်ဘဲလ် သည် အကယ်၍ စစ်အစိုးရဖက်ကသာ ရွေးကောက်ပွဲ အပေါ် ယုံကြည်မှု ရှိလာစေရန် NLD နှင့် တိုင်းရင်းသား ပါတီ များ အား ညှိညှိနှိုင်းနှိုင်း လုပ်လာမည် ဆိုလျှင် အမေရိကန် အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အပေါ် အဆောတလျင် မဆုံးဖြတ်ဘဲ အခွင့်အရေး ပေးသည့် အနေဖြင့် စောင့်ကြည်သွားမည် ဟူသော သဘောထား လက်ကိုင်ထား၍ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူ၏ နှစ်ရက်ကြာ ခရီးစဉ် အတွင်း စစ်အစိုးရ ဝန်ကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နှင့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း တို့နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ အသင်းသည် SPDC က ပံ့ပိုးပေးထားပြီး စစ်ဖက် အမှုထမ်းများ၊ "ဗော်လံတီယာ" ဆိုသူများ နှင့် ဖွဲ့စည်းထားသော အဖွဲ့ဝင် သန်းချီ ရှိသည့် အသင်းကြီးလည်း ဖြစ်သည်။
ကပ် သည် တိုင်းရင်းသား အုပ်စုများ၊ NLD၊ နိုင်ငံရေး ခေါင်းဆောင်များ သာမက အကျယ်ချုပ် ချထားခြင်း ခံနေရဆဲ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့်ပါ တွေ့ဆုံခဲ့သည်။
ထိုသို့ ပါဝင်ပတ်သက်နေသူ များ နှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခွင့် ရခဲ့သော်ငြားလည်း ကပ်သည် သူ လိုချင်သည့် အဖြေကို ရှင်းရှင်းလင်းလင်း မရရှိခဲ့ရုံမက ရွေးကောက်ပွဲအား အနည်းဆုံး ဒီမိုကရေစီ ဘောင်ဝင်အောင်တော့ ပြုလုပ်ပေးသွားမည်ဟူသော အာမခံချက်မျိုးပင် စစ်အစိုးရထံမှ မရရှိခဲ့ပေ။
SPDC သည် မည်သူတဦးတယောက်နှင့်မျှ ထိတွေ့ ဆွေးနွေးခဲ့ခြင်း မရှိဘဲ ထိုသို့ ထိတွေ့ ဆက်ဆံ ခြင်းအား လွန်ခဲ့သော ဆယ်စုနှစ် ကာလအတွင်း လမ်းပြမြေပုံ၏ ပထမအဆင့် ဖြစ်သည့် အမျိုးသား ညီလာခံ ကျင်းပခဲ့စဉ် အတွင်း လုပ်ခဲ့ပြီး ဖြစ်သည်ဟု ခံယူထားကြသည်။