စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (22)

by Hla Soewai - Jun 19 2022

ရွေးကောက်ပွဲ မကောင်းဆိုးဝါး များ တောထုတ်ခန်း (၂)

 

မြန်မာပြည်ရှိ အစိုးရ အား ဆန့်ကျင် တွန်းလှန်နေသူများ၊ နိုင်ငံရေးနယ်ပယ်တွင် ဩဇာတက္ကိမ ရှိသူများ၊ ဦးနု အပါအဝင် ထင်ရှား၍ လူအများ လေးစားခံနေရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်ပေါ်လာသော အခြေအနေများကို အခွင့်အရေး တရပ်အဖြစ် အသုံးချနိုင်ရန် ပေါ်ထွက်လာခဲ့ကြသည်။ ၎င်းတို့နှင့် အတူ ဒီတကြိမ် ထွက်ပေါ်လာသူမှာ မြန်မာတို့၏ ဒီမိုကရေစီ အရေး ရုန်းကန်လှုပ်ရှားမှု များ အတွက် ကမ္ဘာမျက်နှာစာ တွင် ထင်ရှားစွာ ရပ်တည်ပေးလာနိုင်မည့် ဒေါ်အောင်ဆန်းစုကြည် ပင် ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်တွင် အထင်ရှားဆုံး နှင့် ကြည်ညိုလေးစားမှု အခံရဆုံး ဗိုလ်ချုပ်အောင် ဆန်း၏ သမီးလည်း ဖြစ်သည်။ အောင်ဆန်းသည် နိုင်ငံ လွတ်လပ်ရေး ရလုဆဲဆဲ ၁၉၄၇ တွင် လုပ်ကြံ သတ်ဖြတ် ခြင်း ခံခဲ့ရသည်။ သူသည် မြန်မာ သူရဲကောင်းများ စာရင်းတွင် ထိပ်ဆုံးမှ နေရာပေးခြင်း ခံခဲ့ရသည်။

 

နေဝင်း အုပ်ချုပ်မှု အဆုံးသတ်ကာနီး ကာလများတွင်တော့ အောင်ဆန်း၏ ရုပ်ပုံလွှာများသည် ၎င်းတို့အား ခြိမ်းခြောက်လာနေပြီဟု ယူဆလာကြသည်။ သူတို့ အနေဖြင့် ထားရှိသင့်သည့် ကိုယ်ကျင့်သိက္ခာများ အတွက် နှိုင်းယှဉ်စရာ ဖြစ်လာခဲ့သည်။ ထို့အတွက်လည်း သူ၏ ပုံရိပ်များသည် ငွေစက္ကူများ၊ ပိုစတာများ၊ သမိုင်း စာအုပ် များ၊ ဇာတ်လမ်းများ မှ ပယ်ဖျောက်ခြင်း ခံခဲ့ရသည်။ ၁၉၈၈ ဆန္ဒပြမှုများ အရှိန်အမြင့်ဆုံး ရောက်ရှိလာချိန်တွင် အောင်ဆန်း၏ ရုပ်ပုံလွှာများသည် ဒုတိယအကြိမ် တိုင်းပြည်လွတ်လပ်ရေး တိုက်ပွဲဝင်နေမှု၏ သင်္ကေတများ အဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ မိသားစု နှင့် ပြည်ပတွင် နေထိုင်နေခဲ့ရာမှ ၁၉၈၈ ဧပြီလ တွင် နာမကျန်း ဖြစ်နေသော မိခင်ကြီးအား ပြုစုစောင့်ရှောက်ရန် ပြန်လည် ရောက်ရှိလာခဲ့သည်။ သူမ ပြန်ရောက်လာသည့် အချိန်သည် မြန်မာပြည်တွင် ကိုယ့်မင်းကိုယ်ချင်း အုပ်ချုပ်နေသူများ သူ့အလို အလျောက် ပြိုလဲ ချိန်နှင့် တိုက် ဆိုင်နေသည်ကို ကြည့်လျှင် ကံကြမ္မာ၏ စေစားမှု အလား ယူဆ၍ ရနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ ၏ ခင်ပွန်းသည် ဗြိတိသျှ လူမျိုး မိုက်ကယ် အဲရစ်အား နိုင်ငံက သူမအား လိုအပ်လာသည့် အခါတွင် သွားရ လိမ့်မည် ဟု လည်း ပြောထားခဲ့ပြီး ဖြစ်သည်။

 

နိုင်ငံအနှံ့ ဆန္ဒပြပွဲများ နှင့် အတူ သူမ ဖခင်၏ ရုပ်ပုံကားချပ်များ ပြန်လည် ထွက်ပေါ် လာနေသည်ကို မြင်တွေ့ခဲ့ ရ၍ နိုင်ငံ အတွက် တိုက်ပွဲ ဝင်ရန် အချိန်ကျလာပြီဟု သဘောပေါက် သွားခဲ့လေသည်။ ဩဂုတ်လ ၂၆ ရက်နေ့ တွင် ရွှေတိဂုံဘုရား ရှေ့ မုဒ်ဦးတွင် လူပေါင်း ငါးသိန်း ခန့်အား မိန့်ခွန်း ပြောကြားခဲ့သည်။

 

သူမသည် ဆံနွယ်ထက်တွင် ပန်းတွေ ဝေနေအောင် ပန်ထားပြီး စကား အပြောအဆိုမှာလည်း မယုံကြည်နိုင် လောက်အောင် ပြေပြစ်ချောမောနေရုံမက ဖခင်၏ စိတ်ဓါတ်ကို ထင်ဟပ်အောင် ပြောသွားနိုင်ခဲ့၍ မြန်မာ ပြည်သူများသာမက ပြည်ပရှိလူများ၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲယူ သွားနိုင်ခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ဉာဏ်ပညာ အမြော်အမြင် နှင့် ပြည့်စုံသူ ဖြစ်သည့်အပြင် ရန်ကုန်၊ အိန္ဒိယ၊ ဂျပန် ရှိ ထိတ်ထိတ်ကျဲ ကျောင်းကြီးများတွင် ပညာသင်ကြားခွင့်ရခဲ့ပြီး အောက်စဖို့ ရှိ စိန့်ဟူးချ် ကောလိပ် ကျောင်းတိုက် ကြီးမှ ဒဿနိက နှင့် ဘောဂဗေဒပညာရပ်များ ဖြင့် အောင်မြင်ခဲ့သူလည်း ဖြစ်သည်။

 

ပြည်ပ ပရိသတ်များ အတွက် သူမသည် ဖီလစ်ပိုင်ရှိ ကော်ရာဇွန် အကွီနို၊ ပါကစ္စတန် ၏ ဘင်နာဇီယာ ဘူတို တို့ကဲ့သို့ မိမိ ပြည်သူများ လက်သို့ အာဏာ အပ်နှင်းနိုင်ရန် ဦးဆောင်နေသည့် အမျိုးသမီးတဦး အဖြစ် ထင်မြင် လာအောင် နှိုးဆွပေးနိုင်ခဲ့သည်။

 

သူမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ပြီး ယခင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း နှင့် ကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး တင်ဦး နှင့် လက်တွဲကာ နေဝင်း ကတိပေးခဲ့သည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်လာခဲ့သည်။

 

ဆန္ဒပြမှုများ နှင့် အတူ တိုင်းပြည်သည် ကသောင်းကနင်း ဖြစ်လာနေပြီဟု ဆိုကာ နေဝင်း၏ လက်ရင်းတပည့် ဖြစ်သူ ဗိုလ်ချုပ်ကြီး စောမောင်သည် အာဏာကို အတင်းအကျပ် သိမ်းယူပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ကောင်စီ State Law and Restoration Council (SLORC) ကို ဖွဲ့စည်းလာခဲ့သည်။

 

သို့သော် ၎င်းတို့ အာဏာသိမ်းပြီး သုံးရက် အတွင်းမှာပင် ကျောင်းသား ကလေးသူငယ်များ၊ သံဃာတော်များ၊ တက္ကသိုလ် ကျောင်းသားများ စုစုပေါင်း ၁,၀၀၀ ခန့် သတ်ဖြတ် ခံခဲ့ရသည်။ ထိုသို့ အကြမ်းဖက် နှိပ်ကွပ်နေမှု များကို သတင်းယူနေသည့် သတင်းထောက်များက မျက်ရည်လည်ရွှဲ နှင့် ကမ္ဘာကို ပန်ကြားခဲ့ကြသည်။ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ် မှ တပ်သားများသည် အမေရိကန် သံရုံးရှေ့တွင် ချီတက် ဆန္ဒပြနေသော တက္ကသိုလ် ကျောင်းသား အုပ်ကြီးထဲသို့ ချိန်ရွယ် ပစ်ခတ်ခဲ့ကြသည်။ ခမရ (၃၃) သည် သောင်းကျန်းသူ တိုက် ဖျက်မှု စစ်ဆင်ရေးများ အတွက် လေ့ကျင့်ပေးထားသည့် အထူး တပ်ဖွဲ့ လည်း ဖြစ်သည်။

 

ခမရ (၃၃) အား ရိုဟင်ဂျာ လူမျိုးစုများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် အတွက် ၂၀၁၈ ဖေဖေါ်ဝါရီ လ တွင် အမေရိကန် နှင့် အီးယူက ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ၁၉၈၈ အာဏာသိမ်း မှု ၏ နောက်ဆက်တွဲ အဖြစ် စုစုပေါင်း သေဆုံးခဲ့ရသည့် အရည်အတွက် ကို ၁၀,၀၀၀ အထိ ရှိမည်ဟု ခန့်မှန်း ခဲ့ကြ သည်။ ဆန္ဒပြသူများလည်း ထိုင်းနယ်စပ်သို့ ထွက်ပြေးခိုလှုံသွားခဲ့ကြပြီး ပြည်ပ အကူအညီ ရယူကာ လက်နက် ကိုင် တွန်းလှန်ရန် ကြိုးပမ်းလာခဲ့သည်။ ၎င်းတို့ အားလုံး၏ တခုတည်းသော ရည်ရွယ်ချက်မှာ စစ်ဗိုလ်ချုပ်များ လက်အောက် ကျရောက်နေသော ဗမာပြည်ကို ပြန်လည် ရွေးထုတ် ကယ်တင်နိုင်ရန် ပင် ဖြစ်သည်။

 

နိုင်ငံတကာ အသိုက်အဝန်းကလည်း လက်မနှေးဘဲ အလျှင်အမြန် လက်တုန့်ပြန်ခဲ့ကြသည်။ မြန်မာ ပြည်သည် လူ့အခွင့်အရေးများ အတွက် အနောက်အုပ်စု၏ တိုက်ပွဲဝင် သင်္ကေတတခု အဖြစ် တမဟုတ်ချင်း ပြောင်းလဲလာ ခဲ့သည်။ ထို့သို့ အကြမ်းဖက် နှိပ်ကွပ်လာမှုများ ဖြစ်ပေါ်ခဲ့ပြီး သုံးရက်အကြာတွင် အမေရိကန် အထက်လွှတ် တော်မှ ဆုံးဖြတ်ချက် အမှတ် ၄၆၄ ကို ချမှတ်ခဲ့ပြီး သတ်ဖြတ်မှုများကို ရှုတ်ချကြောင်း၊ မြန်မာပြည်တွင် ဒီမိုကရေစီ ပြန်လည် ရရှိ‌ရေးအား ထောက်ခံသွားမည် ဖြစ်ကြောင်း၊ ရီဂင် အစိုးရကို လူ့အခွင့်အရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ အတွက် မြန်မာ အရာရှိများနှင့် တွေ့ဆုံ တင်ပြရန် တောင်းဆိုခဲ့ကြသည်။

 

အောက်လွှတ်တော်ကလည်း အလားတူ ဆုံးဖြတ်ချက် အမှတ် ၅၂၉ ကို ချမှတ်ပြီး ဆီးနိတ် ဆုံးဖြတ်ချက် ပါ စကားရပ်များ အတိုင်း ထပ်တူနီးပါး  ပါရှိလာခဲ့သည်။

 

ထို့အတွက် ရီဂင်အစိုးရသည် စက်တင်ဘာ ၂၃ ရက်နေ့တွင် အမေရိကန်မှ ပေးနေသော အကူအညီများ အားလုံး ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအထဲတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်များနှင့် လက်နက်ရောင်းချနေမှုများ ပါဝင်ခဲ့သည်။

 

သမ္မတ ဂျော့ ဒဗလျူ ဘွတ်ရှ် အာဏာရလာသည့် အချိန်တွင် မိမိ၏ အစိုးရ အနေဖြင့် နိုင်ငံတွင် လွတ် လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးကို ဆက်လက် ဖိအားပေးသွား မည် ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ ၁၉၈၉ ဧပြီ ၁၃ ရက်နေ့တွင် သမ္မတ ဘွတ်ရှ် သည် မြန်မာအား အထူးအခွင့်အရေး ပေး စနစ် Generalized System of Preference (GSP) ကို ပြင်ဆင်ကြောင်း သမ္မတ ကြေညာချက် အမှတ် ၅၉၅၅ ကို ထုတ်ပြန်ခဲ့သည်။

 

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှ ကျူးလွန်ခဲ့သော စစ်ခေါင်းဆောင်များကို စစ်ရာဇဝတ်မှုများ အတွက် ခုံရုံးတင်ရန် ဖုန်း နှင့် ဆက်သွယ် တောင်းဆိုလာမှုများကို ဘွတ်ရှ် အစိုးရအဖွဲ့ အနေနှင့် ဒိုင်ခံ ဖြေကြား နေရပြီ ဖြစ်သည်။