ဒီမိုးဒီလေ ဒီလူတွေနှင့် (၇)
အမေရိကန် သည် တရုတ်မှ ထိုသို့ ချဲ့ထွင်လာမှုကို တန်ပြန်ရန် နည်းလမ်းများ ရှာဖွေလာနေပြီး ပို၍ ဒူပေနာပေ ခံမည့် အင်ဒို-ပစိဖိတ် မူဝါဒကို ရေးဆွဲလာခဲ့သည်။ ၂၀၁၈ တွင် ကွန်ဂရက် မှ မူကြမ်းရေးဆွဲ တင်သွင်းပြီး ပါတီ နှစ်ရပ်ပေါင်း သဘောတူညီချက်ဖြင့် Better Utilization of Investment Leading to Development (BUILD) Act ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။
ထို အက်ဥပဒေသည် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အစိုးရ နှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းများ၊ ပြည်ပတွင် လုပ်ကိုင်နေသော အမေရိကန် စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးပေးရေး အစရှိသည်တို့ကို ပြန်လည် သုံးသပ်ရန် အတွက် ဖြစ်သည်။ BUILD Act ဖြင့်အမေရိကန် နိုင်ငံတကာ ဖွံဖြိုးမှု ဆိုင်ရာ ဘဏ္ဍာငွေ ထောက်ပံ့ရေး ကော်ပိုရေးရှင်း US International Development Finance Corporation (DFC) ကို ဖွဲ့စည်းလာခဲ့သည်။ ဤသည်က ယခင် ရှိပြီးသား Overseas Private Investment Corporation ၏ မူဝါဒ နှင့် ဘတ်ဂျက် ပိုင်းတို့အား ဟော်မုန်းဓါတ် သွင်းပေးလိုက်ခြင်းလည်း ဖြစ်သည်။
DFC နှင့် အခြား အမေရိကန် အဖွဲ့အစည်းများ ဖြစ်သော Export-Import Bank of the United States, Millennium Challenge Corporation နှင့် USAID တို့အားလည်း မဟာမိတ် နိုင်ငံများ ဖြစ်သော ဂျပန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျှ၊ အခြား အကျိုးတူနိုင်ငံများ နှင့် အတူ လက်တွဲ လုပ်ကိုင်ပြီး အတွေ့အကြုံ၊ နည်းပညာ နှင့် ငွေကြေး ရံပုံငွေ များ စုဆောင်းကာ ပေါ်ထွန်းစ ဈေးကွက် များတွင် ရင်ဆိုင်နေရသော အခက်အခဲများကို ကိုင်တွယ် ဖြေရှင်းနိုင်မည့် အခွင့်အာဏာများ အပ်နှင်းပေးခဲ့သည်။
သို့သော် တရုတ်တို့ အတောမသတ် ထုတ်သုံးလာသော BRI ငွေပမာဏ ကို မည်သို့မျှ ယှဉ်၍ မရ နိုင်သော်လည်း အထက်တွင် ဖေါ်ပြထားသော အဖွဲ့အစည်းများသည် တရုတ် ကို တန်ပြန်ဖို့ချည်းသာ အဓိက ထား ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ တရုတ်တို့ ရင်းနှီးမြှုပ်နှံလိုခြင်း မရှိသည့် နေရာများတွင် အသေး စား၊ အလတ်စား လုပ်ငန်း ဝင်ရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် အတွက်လည်း ဖြစ်သည်။ သို့မှသာ ပုဂ္ဂလိက ပိုင်း မှ အကောင်အထည် ဖေါ်နေသော ပရိုဂျက်များ စံချိန် စံနှုန်း မြင့်မားလာအောင် ဖေါ်ဆောင် ပေးနိုင်မည် ဖြစ်သည်။
ကွန်ဂရက်သည် အမေရိကန် တို့ ဒေသအတွင်း တာဝန်ခံထားမှုကို ဆထက်တံပိုး တိုး၍ လုပ်ဆောင် လာပြီး အစိုးရပိုင်းမှ ရေးဆွဲထားသော အင်ဒို-ပစိဖိတ် မဟာဗျူဟာ အတွက် နောက်ထပ် ပါတီနှစ်ရပ် ပေါင်း သဘောတူညီချက်ဖြင့် Asia Reassurance Initiative Act (ARIA) အား ၂၀၁၈ ဒီဇင်ဘာ တွင် နောက်ထပ် ပြဋ္ဌာန်းပေးခဲ့ပြန်သည်။
ARIA အက်ဥပဒေအရ ထရန့် အစိုးရသည် ရေရှည် ပြီးပြည့်စုံသော ထောင့်စုံ ခြုံငုံမိစေမည့် အင်ဒို-ပစိဖိတ် ဒေသအတွက် အမေရိကန် မူဝါဒ ကို ချမှတ်ရန် လိုအပ်လာသည်။ ARIA တွင် လျာထားချက် အမြောက်အမြား ပါဝင်နေသည်။ ထိုအထဲတွင် ဒေသတွင်း အကျိုးတူ နိုင်ငံများ နှင့် စစ်ရေး ဆက်ဆံ မှုများ တိုးချဲ့ရန်၊ အားလုံး နှင့်သော် ၎င်း၊ နိုင်ငံတခုချင်းစီနှင့်သော်၎င်း ဆက်ဆံပြီး ဒီမိုကရေစီ စနစ် ခိုင်မာတောင့်တင်းအောင် ပြုလုပ်ရန် နှင့် လွတ်လပ်သော ကုန်သွယ်ရေး စနစ် ဖေါ်ဆောင်ရန်တို့လည်း ပါဝင်နေသည်။ ထို့လုပ်ငန်းစဉ်များ အကောင်အထည် ဖေါ်ရန် ရံပုံငွေ အဖြစ် ဒေါ်လာ ၁.၅ ဘီလီယံ ထုတ်နှုတ်သုံးစွဲခွင့် ပေးခဲ့သည်။
ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ကွန်ဂရက်၏ အာရှ နှင့် ပတ်သက်ပြီး အမေရိကန်၏ ရှုမြင်ထားချက် နှင့် တရုတ်အား တန်ပြန်ရန် မည်သို့မည်ပုံ ရည်ရွယ်ထားသည်ကို ချပြထားသော်လည်း ထရန့်၏ စိတ်ထင် တိုင်း လက်လွတ်စပယ် ပြောဆိုခဲ့မှုများကြောင့် မဟာမိတ်များ ဆုံးရှုံးကုန်ပြီး ကုန်သွယ်ရေး သဘော တူညီချက်များတွင်လည်း အမေရိကန်ဖက်က အသာစီးရအောင် နှပ်ချလာခဲ့သည်။ (အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်မှ အဆင့်မြင့် အာဆီယံ အစည်းအဝေးတွင် အရှေ့တောင် အာရှ နိုင်ငံတခုချင်း စီနှင့် အမေရိကန်တို့ ကုန်သွယ်မှုတွင် လိုငွေပြ နေသည်များကို ပြောဆိုသွား ခဲ့သည်)။
ထရန့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ဒေသတွင်း ခရီးလှည့်လည် ခဲ့မှုများ၊ ဒေသတွင်း အမေရိကန်၏ အဓိက မဟာဗျူဟာ များ ထုတ်ပြန် ခဲ့မှုများ ရှိနေသော်ငြားလည်း ကွန်ဂရက် သည် ဒေါ်နယ် ထရန့်အား မဖြစ်မနေ သတိပေးဖို့ လိုလာသည်ဟု ခံယူလာခဲ့သည်။ ထို့အတွက် ထရန့် အနေဖြင့် တရုတ်ကို တန်ပြန်နိုင်ရန် အမှန်တကယ် အလေးအနက်ထားသည် ဆိုလျှင် အရှေ့တောင်အာရှ ကို မဖြစ်မနေ ground zero အဖြစ် ခြေကုပ်ယူရမည် ဟု ပြောလာခဲ့သည်။
****************
မြန်မာ သည် ထိုသို့ အမေရိကန် နှင့် တရုတ် တို့ ဒေသတွင်း ဖွံ့ဖြိုးရေး ဆိုကာ အာရုံထားလာခြင်း၏ အလယ် ဗဟိုတွင် ကျရောက်နေသည့် အပြင် အင်အားကြီးသော အိမ်နီးချင်း နှစ်နိုင်ငံ ၏ အကြားတွင် ရှိနေ၍ မလုံခြုံဟု အမြဲလို ယူဆထားမှု ဖြင့် လှုပ်ရှားနေခြင်း ဖြစ်သည်။ ယခုအခါ ယခင်ကထက်ပင် အနေအထားများ ပို၍ ရှုပ် ထွေးလာနေသည့် အချိန်တွင် မြန်မာသည် တသွေးတမံ တမိန့် အုပ်ချုပ်ရေး ဆီသို့ လျှောကျသွားပြီ ဖြစ်သဖြင့် ၎င်းတို့ သဘော နှင့် ရွေးချယ်ခွင့် မရှိတော့ဘဲ လက်ခံမည့် နိုင်ငံ၏ ပြဋ္ဌာန်းလာသမျှ နှင့် သာ အောင့်အီးပြီး လုပ်ရတော့မည့် အခြေကို ဆိုက်သွားခဲ့ပြီ ဖြစ်သည်။
ထိုသို့ လက်ခံမည့် နိုင်ငံမျိုးကလည်း ပို၍ ပင် နည်းပါးသွားခဲ့ပြီး အမေရိကန် နှင့် အလှမ်းဝေးသွားပြန်သဖြင့် အများ စိုးရိမ်နေသလို တရုတ်တို့ ရင်ခွင်ထဲသို့ လိုလိုလားလား ပြေးဝင်ခိုလှုံလိုစိတ် တော့ မရှိကြပေ။
တရုတ်နှင့် ဆက်ဆံရေးသည် အမြဲလို ချောမွေ့ဖြောင့်ဖြူးခြင်း မျိုး မရှိ၊ ကျင်းများ ချိုင့်များ နှင့် ပြည်နှက်နေသော လမ်းပေါ် မောင်းနေရသည့် ကားလို ယိမ်းထိုး လှုပ်ရှားနေကြသည်။ ရှေ့လျှောက်လည်း ဘီဂျင်း နှင့် ယူနန် အာဏာပိုင်များက မြန်မာနှင့် ဆက်ဆံရေးအပေါ် စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ထိန်းညှိ ထားရန် လိုသည့် မူဝါဒ ကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်၍လည်း ပို၍ပင် ဖိစီးခံလာရဖွယ် ရှိနေသည်။ တရုတ်တို့၏ ဧရာမ ပရိုဂျက်ကြီး များသည် မြန်မာ ရေမြေ နှင့် အရင်းအမြစ်များကို ထပ်၍ ဝါးမြိုလာဦး မည်လည်း ဖြစ်သည်။
မြန်မာသည် နောက်တကြိမ် မြောက်ကိုရီးယား ဖက်သို့ ဦးလှည့်လာကောင်း လာနိုင်သည်။ နိုင်ငံတကာ က ဝိုင်းပယ် ခံနေရပြန်၍ ၎င်းတို့ စစ်တပ် ခေတ်မီရေး အတွက် မြောက်ကိုရီးယား ကိုသာ အားကိုးနိုင်ပြီး မြောက်ကိုရီးယားသည်လည်း ၎င်းတို့ အလိုရှိနေသော နိုင်ငံခြားငွေ များ ရရာ ရကြောင်း ဖြစ်လာနိုင်၍ လက်ခံမည်သာ ဖြစ်သည်။