ကျည်ဆံများ၊ ဒဏ္ဍာရီများကြားက မက္ကဆီကန် တော်လှန်ရေး (၃)
သမ္မတ ဒိုင်ယက်ဇ် သည် ရွေးကောက်ပွဲ လည်း ပြီးစီးသွားပြီး သူ အနိုင်ရပြီ ဆိုသည်ကို ကြေညာနိုင်ခဲ့သည့် အတွက် သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ မာဒီရို မှ အန္တရာယ် မပေးနိုင်တော့ဟု ယူဆလိုက်ပြီး အာမခံနှင့် ပြန်လွှတ်ပေးလိုက်သည်။ မာဒီရို သည် ချက်ချင်းလိုပင် နယ်စပ်ကို ဖြတ်ကျော်ကာ တက္ကဆပ် ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၁၉၁၀ အောက်တိုဘာလတွင် တက္ကဆပ် ပြည်နယ်ရှိ ဆန် အန်တိုနီရို မှနေ၍ Plan de San Luis Potosí ဟု အမည်ပေးထားသည့် တော်လှန်ရေး ကြေညာစာတမ်းကို ထုတ်ဝေလာခဲ့သည်။
ထိုစာတမ်းထဲတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ အတွင်း ဒီယက်ဇ် ကျူးလွန်ခဲ့သော မသမာ မှုများကို ဖွင့်ချခဲ့ပြီး မက္ကဆီကို ပြည်သူများကိုလည်း နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ်အကြာ ဖြစ်သော နိုဝင်ဘာ ၂၀ ရက်နေ့ တွင် စတင် ပုန်ကန် တွန်းလှန်ကြရန် ဆော်ဩလိုက်သည်။
ဖြစ်သည့်နည်းဖြင့် ၎င်း၏အာဏာ တည်မြဲရေး ဆိုသည့် တခုတည်းသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသော ဗိုလ်ချုပ်ကြီး ဒီယက်ဇ် ၏ ထင်ရာမြင်ရာ စိတ်ကူး များကို မက္ကဆီကို၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေး ကဏ္ဍများသည် ရိုသေ ကျိုးနွံစွာ အကောင်အထည် ဖေါ်ပေးနေရသည် ဟု အကြောင်း အကျိုး နှင့် တကွ ထုတ်ဖေါ် တင်ပြလာခဲ့သည်။
သို့သော် နိုင်ငံတဝှမ်း အထွေထွေ ပုန်ကန်မှုကြီး ဖြစ်ရန် အကြံအစည်များကို ဖျက်ဆီးခံလိုက်ရသည်။ ဒီယက်ဇ်သည် နိုဝင်ဘာလတွင် သမ္မတ အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆို နိုင်ခဲ့သည်။ နိုင်ငံ အနှံ့ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ဆန့်ကျင်တွန်းလှန် ရန် လှုံ့ဆော်မှုမှာ မအောင်မြင်ခဲ့သော်လည်း ထောင်ပေါင်းများစွာသော ပြောက်ကျား တော်လှန်ရေး တပ်သားများ ထွက်ပေါ်လာပြီး လက်နက်စွဲကိုင် တော်လှန်လာခဲ့ကြသည်။
၁၉၁၁ နွေဦး အရောက်တွင် တော်လှန် ပုန်ကန်မှုများသည် မက္ကဆီကို တနိုင်ငံလုံးသို့ ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။ အပြင်းထန်ဆုံး တိုက်ပွဲများက အမေရိကန် အရင်းရှင် ကြီးများ၏ အကျိုးစီးပွားများ စုစည်းနေသည့် မြောက်ပိုင်း ပြည်နယ်များ ဖြစ်သော ချီဟွာလာ၊ ကိုဟွီလာ နှင့် ဆိုနိုရာ တို့တွင် ဖြစ်ပွားလာခဲ့သည်။ အလယ်ပိုင်း ပြည်နယ် ဖြစ်သော မိုရီလို တွင် အီမီလီယာနို ဇာပါတာ က ဦးဆောင် တွန်းလှန်လာသည်။
မာရီဒို၏ Plan de San Luis Potosí စာတမ်းတွင် ပါရှိသည့် သူသာ သမ္မတ ဖြစ်လာလျှင် ဒီယက်ဇ် သိမ်းယူခဲ့သည့် မြေများကို ပြန်လည် ခွဲဝေပေးမည်ဟူသော ကတိပြုချက်အပေါ် ဇာပါတာ က သဘောတူ လက်ခံခဲ့၍လည်း ဖြစ်သည်။ ထိုသို့ တနိုင်ငံလုံးတွင် မငြိမ်သက်မှု များ ကြီးထွားလာနေသဖြင့် အမေရိကန် သမ္မတ ဝီလျှံ ဟိုးဝပ် တပ်ဖ် သည် နယ်စပ်တွင် တပ်များကို စုရုံးထားရန် အမိန့်ပေးလာခဲ့သည်။ အမေရိကန် တို့ ဝင်ရောက်စွက်ဖက် လာမည့် အရေးကို စိုးရွံ့လာသော မြေရှင်ကြီးများက ဒီယက်ဇ်အား တော်လှန်ရေးသမားများ နှင့် စေ့စပ် ဆွေးနွေးရန် ဖိအား ပေးလာခဲ့ကြသည်။ ဒီယက်ဇ် သည် သူ့အား ထောက်ခံနေသူများကပင် ထိုသို့ ပြောလာနေ ကြသဖြင့် အခြေအနေမဟန် တော့ ဆိုသည်ကို သိမြင်စ ပြုလာခဲ့သည်။
ဗိုလ်ချုပ်ကြီး ဒီယက်ဇ် သည် မာဒီရို၊ ဇာပါတာ တို့၏ ပြောက်ကျား တော်လှန်ရေး အဖွဲ့များ နှင့် ရင်ဆိုင် နေရ ချိန်တွင် မြောက်ပိုင်းသား “လား” ကျောင်းသား ပါစကူရယ် အောရော့ဇ် နှင့် ထင်ရှားသော တောပုန်းဓါးပြ ကြီး ပန်ချို ဗီလာ တို့က မြောက်ပိုင်းတွင် ဒီယက်ဇ် တပ်များ အပေါ် အသာစီးရလာခဲ့ကြသည်။ ၁၉၁၁ မေလ ၂၁ ရက်နေ့တွင် ဒီယက်ဇ်သည် ဆီယူဒါ ဂွါဒက်ဇ် သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ရသည်။ ထိုစာချုပ်အရ ဒီယက်ဇ် သည် သမ္မတ ရာထူးမှ နှုတ်ထွက်ကာ နိုင်ငံခြားရေး ဝန်ကြီး ဖရန်စစ္စကို ဒီ ဘာရား အား ယာယီ သမ္မတ အဖြစ် ခန့်အပ်ပေးရမည်။ တိုက်ခိုက်မှု များ ရပ်ဆိုင်းသွားသည်နှင့် ၁၉၁၁ အောက်တိုဘာလ တွင် ရွေးကောက်ပွဲ အသစ် ပြန်လည် ကျင်းပပေးရမည် လည်း ဖြစ်သည်။
မာဒီရို သည် လက်ရှိ ဖက်ဒရယ် တပ်မတော် ကို ယခင် အတိုင်းပဲ ဆက်လက် ထားရှိရန် သဘောတူခဲ့သည်။ သို့သော်လည်း ၎င်း၏ တော်လှန်ရေး တပ်ဖွဲ့များကို ဖျက်သိမ်းပေးနေချိန်တွင် ဒီယက်ဇ် ခန့်ထားသော တရား သူကြီးများ၊ ကွန်ဂရက် အမတ်များ နှင့် ဗျူရိုကရက် အရာရှိကြီးများကို ရာထူးများတွင် နေမြဲအတိုင်း နေစေ ခဲ့သည်။ မာဒီရို သည် သဘောတူညီချက် ရရှိအောင် ဆွေးနွေးရာတွင် တော်လှန်ရေး တပ်ဖွဲ့များဖက်က ဦးဆောင် ဆွေးနွေးခဲ့သည်။ ထို့အတွက် မာဒီရို လိုက်လျောပေးခဲ့သော အချက်များသည် အလွန်အကျွံကို သဘောထား ကြီးလွန်းရာ ကျနေပြီး တဖန် ပြန်လည် ဒုက္ခပေးလာနိုင်သည့် အနေအထားများ ဖြစ်လာနိုင်သည်ဟု အချို့က ယူဆလာကြသည်။ မာဒီရို သည် တော်လှန်ရေး အား ရန်လို နေခဲ့သူများကို ဖယ်ထုတ် နိုင်ခဲ့ခြင်း မရှိခဲ့ သည့် အတွက် ဖြစ်ပေါ်လာမည့် အစိုးရ အတွက် အလားအလာ ကောင်းများ ထွက်ပေါ်လာနိုင်စရာ မရှိ တော့ပေ။
မာဒီရိုသည် သူ၏ အခြေခံ ရည်မှန်းချက် ဖြစ်သော ဒီယက်ဇ်၏ အာဏာရှင် စနစ်အား ဖျက်သိမ်းပြစ်ရန် ဖြစ်သော်လည်း တော်လှန်ရေး တွင် ပါဝင်လာကြသည့် လယ်သမား၊ အလုပ်သမား များတွင် ဦးစားပေး လုပ်ဆောင်စေလိုသည့် လိုလားချက်များ အသီးသီး ရှိနေကြပြီး ဖြစ်သည်။ တောင်ပိုင်းရှိ အီမီလီယို ဇပါတာ နှင့် မြောက်ပိုင်းရှိ ပန်ချို ဗီလာ တို့သည်လည်း ဒီယက်ဇ် ကို ဖြုတ်ချနိုင်ရေး အတွက်သာ မာဒီရို ၏ နောက်တွင် ယာယီ စည်းလုံးလာကြခြင်း ဖြစ်သည်။
တိုင်းပြည်ကို ကာလကြာမြင့်စွာ အုပ်ချုပ်လာသော အာဏာရှင် ကြီး မရှိတော့သည့် နောက်တွင်မူ တော်လှန်ရေး အုပ်စုများ အကြား မည်သို့မျှ ညှိနှိုင်း၍ မရသော အကွဲအပြဲများ ထွက်ပေါ်လာခဲ့တော့သည်။ ဇာတ်လမ်းအစတွင် ဖေါ်ပြခဲ့သော ဇပါတာ သည် မါဒီရို အိမ်သို့ ရောက်ပြီး သေနတ်နှင့် ထိုးချိန်ခဲ့သည့် ဖြစ်ရပ်ကား ထိုကာလများ အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေသည်။ သူသည် မာဒီရို ပေးထားသော ကတိဖြစ်သည့် လယ်သမားများ အား မြေယာများ ပြန်လည် ခွဲဝေပေးရန် ဆိုသည်ကို သေချာအောင် ရောက်လာခဲ့ခြင်းဖြစ်သည်။
မာဒီရို သည် ၁၉၁၁ အောက်တိုဘာ လတွင် ပြုလုပ်ပေးခဲ့သော သမ္မတ ရွေးကောက်ပွဲကို လွယ်လင့်တကူပင် အနိုင်ရရှိခဲ့သည်။ သမ္မတ တာဝန်ကို စတင် ထမ်းဆောင် လာခဲ့သည့် နိုဝင်ဘာလတွင်တော့ သူ၏ တော်လှန်ရေး မဟာမိတ် အဖွဲ့ကြီးသည် အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားသည့် ဖြစ်စဉ်ကြီး နှင့် ရင်ဆိုင်ခဲ့ရပေတော့သည်။ ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းများထဲတွင် မိုရီလို ပြည်နယ်၏ ကျေးရွာများ ရှိ ဘုံလယ်မြေများကို ယခင် အတိုင်း ပြန်ပေးရန် တောင်းဆိုချက်အား မာဒီရိုက ငြင်းပယ်ခဲ့ခြင်းသည်လည်း တကြောင်းအပါအဝင် ဖြစ်ခဲ့သည်။
မာဒီရိုသည် ထိုကိစ္စကို တဆင့်ချင်းသာ လုပ်သွားရန် ဆန္ဒရှိနေသည်။ သို့သော် ဇပါတာ ကတော့ မာဒီရို၏ ကမ်းကုန်အောင် သစ္စာဖေါက်မှုကြီး ဟု ယူဆခဲ့သည့်အတွက် သူ၏ ကိုယ်ပိုင် တော်လှန်ရေး ကြေညာစာတမ်း Plan de Ayala ကို ၁၉၁၁ နိုဝင်ဘာလ ထဲတွင် ထုတ်ပြန်လိုက်သည်။ ထိုကြေညာစာတမ်းတွင် မာဒီရိုကို ဖြုတ်ချရန် တောင်းဆိုထားပြီး မြောက်ပိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ ခေါင်းဆောင် ပါစကူရယ် အောရော့ဇ်ကို က တော်လှန်ရေး ကို ဆက်လက် ဆင်နွှဲမည် ဆိုကာ ဦးဆောင်လာခဲ့သည်။